ဒေသတွင်း ချင်းတိုင်းရင်းသားများလိုလားနေသော အခွင့်အရေးများကို မကွေးတိုင်းအစိုးရမှ ဆောင်ရွက်ပေး

မကွေး  ၂၁ ဇူလိုင် 

 

မကွေးတိုင်းဒေသကြီးအတွင်း ချင်းကျေးရွာ၊ရပ်ကွက်များတွင်နေထိုင်သည့် တိုင်းရင်းသားများ၏ အိမ်ထောင်စု ဇယား ၆၆/၆ နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် ချင်းလူမျိုးဖြစ်ပါလျက် လူမျိုးနေရာ၌ ဗမာဟုပါနေခြင်းကို ချင်းဟုပြင်ဆင်ပေးရေး၊ အမည်ရှေ့မှ“ ဦး၊မောင် ”ဟု ရေးသားဖော်ပြချက်အစား “ ဆလိုင်း ၊ မိုင် ”ဟု ပြောင်းလဲပြင်ဆင်ရေး လိုလားချက်များ အပါအဝင် ချင်းစာပေသင်ကြားရေးကဏ္ဍများအား တိုင်းအစိုးရအဖွဲ့မှပံ့ပိုးဆောင်ရွက်ပေးနေကြောင်း ချင်းတိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးထံမှ သိရသည်။

 

လူမျိုးနှင့် နာမည်ရှေ့အခေါ်အဝေါ်များ ပြင်ဆင်ရေးမှာ နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့တွင် အတည်ပြုခဲ့သည့် ရှေ့လုပ် ငန်းစဉ်(၄)ရပ်တွင်ပါဝင်ပြီး မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြည်ထောင်စုလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ တင်ပြရန် လမ်းညွှန်ခဲ့ကြောင်း ၂၀၁၈ခုနှစ် မေလ၂၃ ရက်နေ့တွင် တင်ပြခဲ့ရာ ဇွန်လ ၁၂ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ကူညီဆောင်ရွက်ပေးရန် ညှိနှိုင်းပြန်ကြားခဲ့ကြောင်း ဝန်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ခရိုင် မြို့နယ်ဦးစီးရုံးများအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ပေးရန် ညွှန်ကြားပေးခဲ့ကြောင်း ချင်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးလှထွန်းက ပြောသည်။ 

 

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် တိုင်းအတွင်းချင်းစာပေသင်ကြားသောမြို့နယ်များရှိ ကျောင်းများသို့ ချင်းတိုင်းရင်းသားစာပေ ပြဌာန်းပုံနှိပ်စာအုပ်(၁၀၅၄၅)အုပ် ဖြန့်ဝေပေးခဲ့ပြီး ကုန်ကျစရိတ်ငွေ ကျပ်(၄)သန်းအား တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေမှ ပေးအပ်ခဲ့ကြောင်း ဝန်ကြီးဦးလှထွန်းထံမှ သိရသည်။

 

ချင်းစာပေသင်ကြားပေးမည့် ဆရာ၊ဆရာမများအား သင်ပြနည်းမွမ်းမံသင်တန်းဖွင့်လှစ်ရာတွင်ကုန်ကျသည့် ငွေကျပ်သိန်း (၃၀ဝ)အား တိုင်းအစိုးရမှထောက်ပံ့ပေးခဲ့ပြီး ချင်းစာပေနှင့်ယဉ်ကျေးမှုများဖွံ့ဖြိုးတိုးတက်ရေး နှစ်စဉ် ချင်းအမျိုးသားနေ့ ကျင်းပ နိုင်ရေး ကိစ္စရပ်များတွင်လည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

 

 ဇေယျတု(မကွေး)

 

SHARE THIS ON SOCIAL MEDIA