ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ဆိုင်ရာဝန်ကြီးများ၏ (၉)ကြိမ်မြောက် ကြားဖြတ် ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တက်ရောက်ဆွေးနွေး

နေပြည်တော် ၁၃ အောက်တိုဘာ

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း နှင့်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ အောက်တိုဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပသည့် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု(RCEP)ဆိုင်ရာ ဝန်ကြီးများ၏ (၉) ကြိမ်မြောက် ကြားဖြတ်ညှိနှိုင်း အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

 

4

 

အဆိုပါအစည်းအဝေးတွင် RCEP ဝန်ကြီးများက ဆွေးနွေးညှိနှိုင်းမှုများ သိသိသာသာ တိုးတက်မှုအပေါ် ကြိုဆိုခဲ့ကြပြီး သဘောတူညီမှုရရှိရန် ကျန်ရှိနေသေးသည့် ကိစ္စရပ်အချို့ကို ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ကြသည်။

 

ဝန်ကြီးများက RCEP ကို အဖွဲ့ဝင်နိုင်ငံအားလုံး လိုက်ပါဆောင်ရွက်နိုင်သည့် အခြေအနေသို့ ရောက်ရှိအောင် အစွမ်းကုန် ကြိုးပမ်းကြမည်ဖြစ်ကြောင်းကိုလည်း ကတိကဝတ် ပြုခဲ့ကြသည်။

 

ထို့ပြင် နိုင်ငံအကြီးအကဲ များ၏ လမ်းညွှန်ချက်ဖြစ်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပြီးစီးကြောင်းကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာလဆန်းတွင် ပြုလုပ်မည့် တတိယအကြိမ် RCEP ထိပ်သီး အစည်းအဝေးတွင် ကြေညာရန် ထပ်လောင်း အတည်ပြုခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးက  RCEP  သဘောတူစာချုပ်ညှိနှိုင်းဆွေးနွေးမှုများတွင်  အချို့ ကိစ္စရပ်များအပေါ်   အဖွဲ့ဝင်နိုင်ငံအချို့၏ လိုက်လျောပေးမှုကို ကြိုဆိုပါ ကြောင်း၊ RCEP သည်  အနာဂတ်တွင် လွတ်လပ်သောကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဒေသတစ်ခုအဖြစ် ပေါ်ထွန်းလာပြီး၊ ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကျယ်ပြန့်သော စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံစုံကုန်သွယ်မှု စနစ်တစ်ရပ်အနေဖြင့်လည်း ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအထောက်အကူပြုနိုင်မည့် မဏ္ဍိုင်တစ်ခု ဖြစ်လာမည် ဖြစ်၍ နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်ချက်နှင့်အညီ RCEP ကို အောင်မြင်စွာ အပြီးသတ်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

4

 

RCEP ဒေသသည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နည်းပါးရှိပြီး ကမ္ဘာ့စီးပွား ရေး၏ ၄၂ ဒသမ ၂ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်မှု၏ ၂၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၃၂ ဒသမ ၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့်အတွက် ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေး အုပ်စုကြီးများတွင် တစ်ခု အပါအဝင် ဖြစ်လာရန် မျှော်မှန်းထားသည်။

 

RCEP သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက် ၆ နိုင်ငံဖြစ်သော သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန် နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းလျက်ရှိသော ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (Regional Comprehensive Economic Partnership- RCEP) သဘောတူစာချုပ်တစ်ခု ဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ရာ ယနေ့အထိ ဝန်ကြီးအဆင့် ပုံမှန်အစည်းအဝေး(၇) ကြိမ်၊ စေ့စပ်ညှိနှိုင်းမှုပေါင်း (၂၈) ကြိမ်နှင့် ကြားဖြတ်အစည်းအဝေးပေါင်းများစွာ ပြုလုပ်၍ RCEP ဆွေးနွေး ညှိနှိုင်းမှုများပြီးစီးကြောင်းကို ယခုနှစ်ကုန်တွင် ကြေညာနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

1

 

(သတင်းစဉ်)