ဒေတာ ထိန်းသိမ်းကာကွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေများ အကြောင်း အလုပ်ရုံ ဆွေးနွေး

နေပြည်တော် ၃၀ သြဂုတ်

 

အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၊ အိုင်စီတီ နယ်ပယ်မှ တာဝန်ရှိသူများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုအား နေပြည်တော်တွင် ယနေ့နံနက်က ကျင်းပခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် ခေတ်မီ၍ ပြီးပြည့်စုံသော အချက်အလက် ထိန်းသိမ်းကာကွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခြေခံမူဘောင်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြင့်အစိုးရ၊ စီးပွားရေး လုပ်ငန်းများနှင့် အသုံးပြုသူများ ရရှိနိုင်မည့် အကျိုးကျေးဇူးများကို တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြသည်။ အိုင်စီတီနယ်ပယ်မှ ပါဝင်ဆွေးနွေးသူများသည် Cloud ဒေတာ သိမ်းဆည်းမှု၊ ဒေတာ ထိန်းသိမ်းကာကွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးအတွက် အစိုးရ၏ဆောင်ရွက်မှုကဏ္ဍများ အပါအဝင် ဒေသတွင်းနှင့် ကမ္ဘာတဝန်းရှိ ဈေးကွက်များမှ အိုင်စီတီ ဝန်ဆောင်မှုဆိုင်ရာ ခေတ်ရေစီးကြောင်းများအကြောင်းကို ထဲထဲဝင်ဝင် မျှဝေပြောကြားခဲ့ကြသည်။

 

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇာနည်အောင်က “အစိုးရအနေနဲ့ ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒ ၁၂ ရပ်နဲ့အညီ လျှပ်စစ် ဓာတ်အားပေးရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေး အစရှိတဲ့ အခြေခံ စီးပွားရေးအဆောက်အအုံများ လျင်မြန်စွာ တိုးတက်လာရေး အပြင် Data ID Card System၊ Digital Government Strategy နဲ့ e-Goverrnment System တို့ကို စတင်အကောင်အထည် ဖော်သွားဖို့ ဦးစားပေး လုပ်ဆောင်နေပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ကျွန်တော်တို့ အနေနဲ့ အချက်အလက် ထိန်းသိမ်းကာကွယ်ရေးနဲ့ ဒေတာလုံခြုံရေး အစရှိတဲ့ အရေးကြီးကိစ္စရပ်တွေကို ဆွေးနွေးသွားမှာဖြစ်ပြီး အစိုးရရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေကို တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။” ဟုပြောကြားခဲ့သည်။

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးနှင့် အထောက်အကူပြုဌာန (MCRB) ၏ ဒါရိုက်တာဖြစ်သူVicky Bowman မှ မြန်မာနိုင်ငံအနေနှင့် ထိရောက်မှုရှိသည့် ခေတ်မီ အချက်အလက် ထိန်းသိမ်းကာကွယ်ရေး ဥပဒေ အပါအဝင် ပြီးပြည့်စုံသည့် ပြည်သူ့ဗဟိုပြု ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခြေခံမူဘောင်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်နေသည်ဟု အဓိကထား ပြောကြားသွားခဲ့သည်။ “ဆိုက်ဘာလုံခြုံရေးဟာ သန့်ရှင်းတဲ့ လေနဲ့ရေလိုပဲ ပြည်သူတစ်ရပ်လုံးရဲ့ ကောင်းကျိုးကို ဖြစ်စေမှာဖြစ်ပြီး ဒါကြောင့်လည်း အစိုးရ အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ 

 

အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေတွေနဲ့ ပေါ်လစီတွေကို အတည်ပြုပြဋ္ဌာန်းရာမှာ အိုင်စီတီ လုပ်ဆောင်ချက်တစ်ခုခုနဲ့ တွဲဖက်ပြဋ္ဌာန်းတာမျိုး မလုပ်သင့်ဘဲ ဒီဥပဒေတွေဟာ အနာဂတ်မှာလည်း အသုံးပြုနိုင်ဖို့၊ တွေ့ကြုံလာနိုင်ခြေရှိတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ ဆိုလိုရင်းကတော့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေကနေ အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေကို ရရှိနိုင်ဖို့ အဓိက အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ ဒီဥပဒေတွေ၊ ပေါ်လစီတွေဟာ ခဏလေးနဲ့ ခေတ်နောက်ကျ မကျန်ခဲ့မှာ ဖြစ်ပါတယ်။” ဟုVicky Bowman က ပြောကြားသည်။

 

အသုံးပြုသူများ၏ အချက်အလက်များကို ထိန်းသိမ်းကာကွယ်ပေးမည့်၊ အွန်လိုင်းအသုံးပြုနေစဉ် လုံခြုံမှုပေးနိုင်မည့် ဥပဒေများကို အတည်ပြုပြဋ္ဌာန်းရာတွင် ပုဂ္ဂလိကနှင့် အစိုးရကြား ဆွေးနွေးမှုများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု တယ်လီနောအနေနှင့် ယုံကြည်ထားသည့်အတွက် ဤအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ တယ်လီနောမြန်မာ၏ Chief Corporate Affairs Officer ဖြစ်သူ Hans Martin Henrichsen က “တယ်လီနောမြန်မာအနေနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက် ထိန်းသိမ်းကာကွယ်ရေးနဲ့ ဆိုက်ဘာလုံခြုံရေး အစရှိတဲ့ နယ်ပယ်တွေမှာ ပွင့်လင်းမြင်သာမှု အပြည့်နဲ့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာဟာ ကမ္ဘာတစ်ဝန်းလုံးက လူ့အဖွဲ့အစည်းအသီးသီးရဲ့ လူနေမှုအဆင့်အတန်းတွေကို အလွန်လျင်မြန်တဲ့ အရှိန်နဲ့ ပြောင်းလဲလျက်ရှိပြီး မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ မြန်မာပြည်သူတွေရဲ့ ရပိုင်ခွင့် အကာအကွယ်ပေးမှု အကြား မျှတတဲ့ အခြေခံမူဘောင်တစ်ခုကို ပိုင်ဆိုင်ထားမယ်ဆိုရင် အကျိုးကျေးဇူး အများကြီး ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အစိုးရအနေနဲ့ ကမ္ဘာ့အဆင့်မီ နည်းဥပဒေတွေကို ပြဋ္ဌာန်းသွားနိုင်ဖို့ ကမ္ဘာတစ်ဝန်းမှာ အသုံးပြုနေတဲ့ အကောင်းဆုံး နည်းစနစ်တွေကိုလည်း လေ့လာသွားနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရ အနေနဲ့ ဒီရည်မှန်းချက်ကို အကောင်အထည် ဖော်ရာမှာလည်း တယ်လီနောမြန်မာရဲ့ ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေနဲ့ အကူအညီပေးသွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

 

အခမ်းအနားတွင် ပါဝင်ဆွေးနွေးခဲ့သူများသည် နိုင်ငံတကာသို့ လွတ်လပ်စွာ ဒေတာစီးဆင်းမှုကို ခွင့်ပြုခြင်းနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြပြီး ဥပမာအားဖြင့် နိုင်ငံတစ်နိုင်ငံသည် cloud စနစ်ကိုအသုံးပြု၍ အဆိုပါ cloud စနစ် အခြေစိုက်ရာ ပြည်တွင်းတွင်မဟုတ်ပဲ နိုင်ငံပြင်ပတွင် အချက်အလက်သိမ်းဆည်းမှုများကို ပြုလုပ်ပါက သက်ဆိုင်ရာ အစိုးရများ၊ သမာရိုးကျနှင့် ဒစ်ဂျစ်တယ် လုပ်ငန်းကဏ္ဍများ အတွက် အကျိုးရှိစေမည် ဖြစ်ပြီး စီးပွားရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ဆန်းသစ်တီထွင်မှုများ ပိုမိုအားကောင်းလာစေရန် အတွက်လည်း အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ တဟုန်ထိုး ခေတ်နောက်ကျသွားမည့် စနစ်များအတွက် တန်ဖိုးကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည့်အစား ထိုသို့ခွင့်ပြုလိုက်ခြင်းဖြင့် နောက်ဆုံးပေါ် hardware နှင့် software များကို ရယူအသုံးပြုနိုင်မည့် အားသာချက်ကို ရရှိနိုင်မည်ဖြစ်ပြီး အကောင်းမွန်ဆုံးသော ICT ဝန်ဆောင်မှုများအား ကျွမ်းကျင်သူများထံမှ ရယူနိုင်မည် ဖြစ်သည်။ ဤသို့ ဆောင်ရွက်ထားသော စနစ်များသည် တရားမဝင် ထိုးဖောက်ဝင်ရောက်မှုများ (hacking) နှင့် အခြားသော အန္တရာယ်များကိုလည်း ပိုမို ကာကွယ်နိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် ကိုယ်ပိုင် ICT ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်လိုပါက နယ်စပ်ဖြတ်ကျော် ဒေတာ စီးဆင်းမှုကို ခွင့်ပြုရန် လိုအပ်မည် ဖြစ်သည်။

 

ထို့အပြင် ဥပဒေပြဋ္ဌာန်းသူများနှင့် ပေါ်လစီချမှတ်သူများအနေနှင့် ဒေတာ အချက်အလက်များ လွတ်လပ်စွာ စီးဆင်း နိုင်စေရန်နှင့် အဆိုပါ အချက်အလက်များအား လုံခြုံစွာ သိမ်းဆည်းထားနိုင်ရန်အတွက် ဒေတာ ထိန်းသိမ်း ကာကွယ်ရေးနှင့် ပတ်သက်သည့် လိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း တက်ရောက် ဆွေးနွေးသူများမှ အကြံပေး ပြောကြားခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် နိုင်ငံတကာမှ အတွေ့အကြုံများကို ရယူသုံးစွဲသင့်သော်လည်း ၂၀ဝ၁ ခုနှစ် Budapest Convention on Cyber-Crime ကဲ့သို့ ခေတ်နောက်ကျ ကျန်ရစ်နေပြီ ဖြစ်သော၊ အသုံးပြုရန် မသင့်တော့သော မူဝါဒများကို ထည့်သွင်းရေးဆွဲခြင်းများ မပြုလုပ်သင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စီးပွားရေးတစ်ရပ် အောင်မြင်စွာ ပေါ်ထွန်းလာရေး ဦးတည်ချက်ထား ကြိုးပမ်းလျက်ရှိသည့် အစိုးရ၏ လုပ်ဆောင်ချက်များကို ထောက်ပံ့ကူညီရန် သံန္နိဋ္ဌာန်ချထားသည်နှင့်အညီ တယ်လီနောမြန်မာသည် ၎င်း၏ ပထမဦးဆုံးသော ဒစ်ဂျစ်တယ်မြန်မာ အစီရင်ခံစာကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် အဓိက အခန်းကဏ္ဍ ၇ ခုပါဝင်ပြီး ကဏ္ဍတစ်ခုချင်းစီအလိုက် လက်ရှိ ကြုံတွေ့နေရသည့် အနေအထား၊ တယ်လီနော၏ အကြံပြုချက်များနှင့် နိုင်ငံတကာ၏ အကောင်းဆုံး လုပ်ထုံး လုပ်နည်းများကို စုစည်းဖော်ပြထားသည်။ ဤအစီရင်ခံစာတွင် တယ်လီနောမြန်မာသည် အစိုးရအနေနှင့် ဒစ်ဂျစ်တယ်ဥပဒေများ၊ စီးပွားရေး လုပ်ငန်းများနှင့် နိုင်ငံသားများ၏ ရပိုင်ခွင့်များကို အကာအကွယ်ပေးသည့် ဥပဒေများဖြစ်သည့် အချက်အလက် အကာအကွယ်ပေးခြင်း ဥပဒေ (data protection)၊ ဒစ်ဂျစ်တယ် ကိုယ်ရေး အချက်အလက် လုံခြုံစွာထိန်းသိမ်းမှု ဥပဒေ (digital privacy)၊ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေ (intellectual property rights) နှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး ဥပဒေ (e-commerce) တို့ကိုလည်း ပြဋ္ဌာန်းသင့်ကြောင်း အကြံပေးမှုများ ပြုလုပ်ခဲ့သည်။ 

 

ခင်ရတနာ၊ ဓာတ်ပုံ-မေဦးမိုး