ဒေါတခြား(ပအိုဝ့်)ကျေးရွာ ပညာရည်မြင့်မားဖို့ လူထုဗဟိုပြုစီမံကိန်းမှ စာသင်ကျောင်းဆောင် ဆောက်လုပ်ဖွင့်လှစ်ပေး

လွိုင်ကော် ၅ ဇွန် 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လွိုင်ကော်-ရှားတော မြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ကျေးလက်နေ ကျောင်းသားကျောင်းသူများ၏ ပညာရည်ပြည့်မြင့်မားပြီး ထူးချွန်ထက်မြတ်သည့် နိုင်ငံသားကောင်းရတနာများ ပေါ်ထွန်းစေရန်ရည်ရွယ်၍ စီမံကိန်းထောက်ပံ့ငွေ (၁၆၀)သိန်းမှ စုစုပေါင်းကုန်ကျငွေ (၁၅၄၁၃၀၆၀) ကျပ်ဖြင့် ဆောက်လုပ်သည့် ဒေါတခြား(ပအိုဝ့်)ကျေးရွာရှိ ပြည်သူလူထုတို့ လိုအပ်လျက်ရှိသည့် အလျား (၄၀)ပေ၊ အနံ (၃၀)ပေ၊ အမြင့် (၁၂)ပေ စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါတခြား(ပအိုဝ့်)ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ရှိ ကျောင်းဆောင်သစ်၌ ကျင်းပသည်။

 

 

ရှေးဦးစွာ အခမ်းအနားကို ဒေါတခြား (ကယား)ကျေးရွာမှ ကယားတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့နှင့် ဒေါတခြား (ပအိုဝ့်) ကျေးရွာမှ ပအိုဝ့်တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တို့က မိမိတို့၏ ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေတင်ဆက် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက လူထုဗဟိုပြုစီမံကိန်းသည် နိုင်ငံတော်မှထည့်ဝင်ငွေ၊ ကမ္ဘာ့ဘဏ်မှချေးငွေဖြင့် နည်းပညာပံ့ပိုးကူညီမှုများနှင့် စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်း (၃)နှစ်တာအတွင်း လူဦးရေ (၃)သန်းခန့်ကို အကျိုးပြုစေခဲ့ပြီး စီမံကိန်းလုပ်ငန်းခွဲပေါင်း (၅၄၀ဝ)ကို ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် ချိကယ်ကျေးရွာအုပ်စု၊ ဒေါတခြား(ပအိုဝ့်)ကျေးရွာရှိ စာသင်ကျောင်းဆောင်သည် လူထုဗဟိုပြု စီမံကိန်းမှ ရရှိသည့်ရန်ပုံငွေနှင့် ဒေါတခြား(ပအိုဝ့်)ကျေးရွာမှ ပြည်သူလူထုပူးပေါင်းမှုဖြင့် စာသင်ကျောင်းဆောင်ကို ဆောက်လုပ် ပြီးစီးခဲ့ပြီဖြစ်ပါကြောင်း၊ စာသင်ကျောင်းကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ကျေးရွာလူထုအနေဖြင့် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ နောင်နှစ်များတွင်လည်း စီမံကိန်း၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များနှင့်အညီ လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများကို အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။

 

 

ဆက်လက်၍  ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဒီးဒီက စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားပြီး ပြည်နယ်ပညာရေးမှူး ဦးစောအယ်ဒိုဝါးက အမှာစကားပြောကြားကာ ချိကယ်ကျေးရွာအုပ်စု၊ ဒေါတခြား (ပအိုဝ့်)ကျေးရွာ ဥက္ကဋ္ဌ ဦးအုန်းညွန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

 

 

 

ထို့နောက် ဝန်ကြီးဦးဘော့စ်ကိုနှင့် ဒေါတခြား (ပအိုဝ့်)ကျေးရွာ ဥက္ကဋ္ဌ ဦးအုန်းညွှန့်က ယဉ်ကျေးမှုအကအဖွဲ့များအား ဆုတော်ငွေများ ချီးမြှင့်ခဲ့ပြီး ဝန်ကြီးဦးဘော့စ်ကို၊ ဒုတိယညွှန်ကြားရေးမှူး ဦးစောဒီးဒီ၊ ပြည်နယ်ပညာရေးမှူး ဦးစောအယ်ဒိုဝါးနှင့် ဒေါတခြား(ပအိုဝ့်)ကျေးရွာမှ ရပ်မိရပ်ဖဦးထွန်းရွှေတို့က ကျောင်းဆောင်သစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စာသင်ကျောင်းဆောင် ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖြန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ကိုစိုင်း (လွိုင်ကော်)