ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ထရန်စဖော်မာအတွင်းရှိ ကြေးကွိုင်နှင့် ကေဘယ်ကြိုးများ ဖြုတ်ခိုးသူ (၃) ဦးအား ဖမ်းဆီးရမိ

mdn

ရန်ကုန်    ၂၂    နိုဝင်ဘာ

 

အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ Star Flower Tissue စက်ရုံတွင် အလုပ်လုပ်နေသည့်  ဦး------- သည် စက်ရုံအမှတ် (၁၄၇/၁၄၈)ရှိ ထရန်စဖော်မာအနီးတွင် မသင်္ကာသူများ ရောက်ရှိနေကြောင်း သိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ ထရန်စဖော်မာအတွင်းရှိ ကြေးကွိုင်နှင့် ကေဘယ်ကြိုးများ စုစုပေါင်းတန်ဖိုး (၃၆,၂၁၁,၉၀ဝ)ကျပ်အား ဖြုတ်ယူခိုးခံရသည်ကို တွေ့ရှိရ၍ ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ယင်းနောက် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်လံစုံစမ်းရှာ ဖွေရာ အဆိုပါ ကြေးကွိုင်နှင့် ကေဘယ်ကြိုးများအား ဖြုတ်ခိုးသွားသူ စိုးသက်ပိုင်၊ ဝေဝေဖြိုးနှင့် ဌေးနိုင်ဦးတို့ (၃)ဦးအား ကနောင်မင်းသားလမ်းဘေးတွင်  ပီနံအိတ်(၃)လုံးအတွင်း ထည့်လာသည့် ကြေးကွိုင်များ၊ ကေဘယ် ကြေးကြိုးများနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိသူ စိုးသက်ပိုင်၊ ဝေဝေဖြိုးနှင့်ဌေးနိုင်ဦးတို့ (၃)ဦးအား အခြားပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ စစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ ညွှန်ကြားချက် အရ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာစုမှ တပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ ၎င်းတို့(၃)ဦး သည် ၁၁.၈.၂၀၁၉ ရက်နေ့ ၁၇၀ဝ အချိန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပန်းတဉ်းဝန် ဦးရွှေဘင်လမ်း၊ ရွှေဂန္ဓဝင်ပုံနှိပ် စက်ရုံခြံဝန်းအတွင်း မီးထိန်းပုံး၌ တပ်ဆင်ထားသော ကြေးကြိုးဆိုဒ်စုံ (၇၅)ပိဿာခန့်၊ ကြေးပြား (၉)ခု၊ မီးအားမြှင့်စက်အဟောင်း(၁)လုံး၊ မော်တာအဟောင်း(၁)လုံးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 

ဆက်လက်ပြီး ၎င်းတို့(၃)ဦးအနက် စိုးသက်ပိုင်နှင့် ဌေးနိုင်ဦးတို့ (၂)ဦးသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလများအတွင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာဝန်း၊ သဇင်လမ်းရှိ လူနေထိုင်ခြင်းမရှိသော နေအိမ်ခြံဝန်းအတွင်းမှ CAPACITOR STAR တံဆိပ်ပါ ခဲရောင် ရေမော်တာ အဟောင်း(၁)လုံး၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာဝန်း၊ ဧကရာဇ်လမ်းရှိ လူနေထိုင်ခြင်းမရှိသော နေအိမ်ခြံဝန်း အတွင်းမှ MAROUIS တံဆိပ်ပါ အပြာရောင် ရေမော်တာအဟောင်း(၁)လုံး၊ QD တံဆိပ်ပါ ငွေမှင်ရောင် ရေမော်တာအဟောင်း(၁)လုံးနှင့် တံဆိပ်မပါ အစိမ်းနုရောင် ရေမော်တာအဟောင်း(၁)လုံး၊ (၁၁)ရပ်ကွက်၊ ဧရာဝတီလမ်းနှင့် ဆရာတင်လမ်းထောင့်ရှိ လူနေထိုင်ခြင်းမရှိသော နေအိမ်ခြံဝန်းအတွင်းမှ နေအိမ်သို့ သွယ်တန်းထားသော အဖြူရောင် ဆားဗစ်ကြိုး (၁)ချောင်း၊ စက်မှုဇုန်၊ မင်းသိဒ္ဓိကျော်စွာလမ်းရှိ လူနေထိုင် ခြင်းမရှိသော နေအိမ်ခြံဝန်းအတွင်း တပ်ဆင်ထားသော အသုံးမပြုရသေးသည့် ထရန်စဖော်မာမှ ကြေးပြား နှင့် ကြေးနန်းကြိုးဆိုဒ်မျိုးစုံတို့အားလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက်၊ အနော်ရထာလမ်းရှိ လူနေထိုင်ခြင်းမရှိသော နေအိမ်ခြံဝန်းအတွင်းမှ နေအိမ်သို့ သွယ်တန်းထားသော အဖြူရောင် ဆားဗစ်ကြိုး (၁)ချောင်းတို့အား ခိုးယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရရှိပြီး ဖြစ်၍ ပြစ်မှုကျူးလွန်သူ စိုးသက်ပိုင်၊ ဝေဝေဖြိုးနှင့် ဌေးနိုင်ဦးတို့ (၃)ဦးအား ဥပဒေနှင့်အညီအမြန် တရားစွဲတင်ပို့ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)