ဒဂုံမြို့သစ်(တောင်ပိုင်း) ရှိ လမ်းပိုင်းများအား ကွန်ကရစ်လမ်းများ ခင်းပေးမည်

ရန်ကုန် ၂၁ မတ်

 

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှာရှိတဲ့ မဏိစည်သူလမ်း၊ နဝဒေးလမ်း၊ အနော်ရထာလမ်း၊ ပုဂံလမ်း၊ ကျန်စစ်သားလမ်း၊ ဂရုဏာလမ်း၊ ရတနာပုံလမ်းနဲ့ ရာဇာဓိရာဇ်လမ်းတို့ကို ခင်းပေးဖို့ အစီအစဉ်ရှိပြီး သက်ဆိုင်ရာ ဘက်ဂျက်မှာ ထည့်သွင်းရေးဆွဲပြီးတော့မှ လုပ်ဆောင်သွားမှာဖြစ်ကြောင်း စည်ပင်သာယာရေး ဝန်ကြီး ဦးမောင်မောင်စိုးက ပြောသည်။

 

ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ မဏိစည်သူလမ်း၊ နဝဒေးလမ်း၊ အနော်ရထာလမ်း၊ ပုဂံလမ်း၊ ကျန်စစ်သားလမ်း၊ ဂရုဏာလမ်း၊ ရတနာပုံလမ်း၊ ရာဇာဓိရာဇ်လမ်းတို့မှာ ပျက်စီးလျက်ရှိနေသောကြောင့် သွားလာရန်ခက်ခဲနေပါသဖြင့် အမြန်ဆုံး လမ်းခင်းပေး နိုင်ပါရန် အစီအစဉ်ရှိ မရှိ မေးမြန်းမှုကို ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

“ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ကျန်စစ်သားလမ်း(အမှတ် - ၂ လမ်းမှ ရတနာပုံလမ်းအထိ) အရှည် ၁၁၀ဝ၀ ပေ၊ အကျယ် ၁၈ ပေရှိ ကတ္တရာလမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရန် လျာထားပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (ဧပြီလမှ စက်တင်ဘာလ)တွင် (၅၀ဝ၀ ပေ × ၂၄ ပေ × ၉ လက်မ) ကွန်ကရစ်လမ်းအဖြစ် စတင်ဆောင်ရွက် ပေးသွားမည်ဖြစ်တယ်” ဟု ပြောသည်။

 

အလားတူ “ မဏိစည်သူလမ်းအား (၁၇၀ဝ ပေ ×၁၈ ပေ × ၇ ပေ) ကွန်ကရစ်လမ်းအဖြစ်လည်းကောင်း၊ နဝဒေးလမ်းအား (၃၇၆၀ ပေ × ၁၈ ပေ × ၇ ပေ) ကွန်ကရစ်လမ်းအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်းဆောင်ရွက်နိုင်ရန် လျားထားဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ပုဂံလမ်းနှင့် ရာဇာဓိရာဇ်လမ်းတို့အား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေရရှိမှုပေါ် မူတည်၍ လျာထားဆောင်ရွက်ပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ (၃)နှစ်စီမံကိန်းမှာ ထည့်သွင်းပြီးဖြစ်ပါကြောင်း၊ ဂရုဏာလမ်း (မြနန္ဒာလမ်းမှ အမှတ် - ၂ လမ်းထိ) အရှည်ပေ ၄၂၀ဝ နှင့် ရတနာပုံလမ်း (ပုဂံလမ်းမှချမ်းမြသာစည်လမ်းထိ) အရှည်ပေ ၂၇၀ဝ သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကွပ်ကဲမှုအောက်ရှိ လမ်းအပိုင်းဖြစ်သဖြင့် ကွန်ကရစ်လမ်း အဖြစ် စတင်ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ်တယ်”ဟု  ဦးမောင်မောင်စိုးက ပြောသည်။

 

ဂရုဏာလမ်း၏ ကျန်ရှိသည့် လမ်းအပိုင်းဖြစ်သော (အမှတ်-၂ လှော်ကားလမ်းထိ) နှင့် ရတနာပုံလမ်း၏ ကျန်ရှိသည့် လမ်းအပိုင်းဖြစ်သော (အောင်မြင့်မိုရ်လမ်းမှ ကျန်စစ်သားလမ်းထိ) လမ်းအပိုင်းများသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ စီမံကွပ်ကဲမှုအောက်ရှိ လမ်းအပိုင်းများ ဖြစ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့တင်ပြပြီး မည်ကဲ့သို့ ဆောင်ရွက်မည်ကို တင်ပြပေးမည် ဖြစ်ပါကြောင်း ” ပြန်လည်ဖြေကြားခဲ့သည်။

 

MDN