ဓနုဟင်းလျာ ပဲလုံးဟင်းချို၊ ဂျူးမြစ်ကြော်၊ ပဲပုပ်ကင်

စံလွင် (ငါးဦးစီး)

 

ပင်းတယဘက်မှာ ခြံစိုက်နေတဲ့ ငယ်ပေါင်း မိတ်ဆွေကြီးတစ်ဦးထံ အလည်ရောက်အသွားမှာ တိုင်းရင်းသား ရိုးရာစာတွေအကြောင်း စာရေးနေတာဖတ်ရလို့ ရောက်တုန်း ရောက်ခိုက် ဓနုဟင်းချက်ကျွေးမယ်ဆိုပြီး မီးဖိုထဲဝင်ကာ စီမံပါတော့တယ်။ ပဲလုံးဟင်းချို၊ ပဲပုပ်ကင်နဲ့ ဂျူးမြစ်ကြော်ပါတဲ့။ အချိုပွဲက ပင်းတယမုန့် လက်ကောက်ကြော်လို့ ဆိုပါ တယ်။

 

သူက တောင်ကြီးမှာ အလုပ်တာဝန်ကျပြီး ပင်စင်ယူတော့ အေးဆေးတဲ့ ပင်းတယဘက်ကို သဘောကျတယ်လို့ဆိုပြီး မြေတစ်ကွက်ဝယ်ကာ ခြံစိုက်ရင်း အခြေချနေတာပါ။ သူချက်မယ့် ဟင်းရံတွေအားလုံးက သူ့ခြံထွက်ချည်းပဲမို့ ဈေးထွက်ဝယ်မနေရပါဘူး။ ပဲလုံးဟင်းချို ချက်ဖို့အတွက် ခဲသဲသန့်ထားတဲ့ ပဲလုံးနို့ဆီဘူး တစ်ဘူးသာသာကို ရေဆေးပြီး နူးနေအောင် ပြုတ်ပါတယ်။ ပဲလုံးက အကြားအကြားလေးတွေမို့ မေးကြည့်တော့ ပင်းတယပဲလုံးလို့ ခေါ်ပါသတဲ့။

 

ပဲလုံးတွေနူးတော့ အဲဒီအိုးထဲကိုပဲချင်းနဲ့ ကြက်သွန်ဖြူဓားပြားရိုက်ထည့်၊ ဆား၊ နနွင်းခတ်၊ ဆီပါလေကာဆမ်းပြီး ရေအသင့်အတင့်နဲ့ အဖုံးပိတ်ပြီး တည်ပါတော့တယ်။ ပဲအိုးဆူလောက်တော့ အိုးအဖုံးဖွင့်မွှေပြီး အပေါ့အငန်မြည်းခိုင်းလို့ မြည်းကြည့်တော့ ချင်းနံ့မွှေးမွှေးလေးနဲ့ ဟင်းခတ်မှုန့် မလိုအောင်ကို ပဲကချိုတာပါ။ ပဲလုံးလေးတွေ အနူးမြန်တာကိုလည်း သတိထားမိပါတယ်။

 

ပဲလုံးဆေးခါးချက်မယ်ဆိုရင်တော့ အဲဒီ ဟင်းအိုးထဲ အသင့်ထောင်းထားတဲ့ ဆေးခါးမှုန့် ခတ်လိုက်ရုံပဲလို့ပြောပါတယ်။ ဂျူးမြစ်ကြော်ဖို့အတွက်ကိုတော့ သူ့ခြံထွက်ဂျူးမြစ်တွေကို သန့်စင်ပြီး အနေတော်ဖြတ်၊ ကြက်သွန်နီ၊ ဖြူ၊ ခရမ်းချဉ်သီးနဲ့ ရွှေအပ်ငရုတ်သီးလေးတွေကို လှီးချွတ်ပြီး ပန်းကန်ထဲအသင့်ပြင်ထားပါတယ်။ အားလုံးပြီးတော့ ဒယ်အိုးထဲဆီထည့်ပြီး ဆီကျက်တဲ့အခါ ကြက်သွန်ဖြူ၊ နီထည့်ပါတယ်။ ပြီးမှကျန်တဲ့ အမယ်တွေလောင်းထည့်၊ ဆားလေးဖြူးပြီး ရေအနည်းငယ်ထည့် ကြော်ပါတယ်။ ဆီဆူသံပေးလာတော့ အပေါ့အငန်မြည်းပြီး မီးဖိုမှချပါတယ်။

 

ဂျူးမြစ်ကြော်ဒယ်အိုးအချမှာ ပင်းတယ ပဲပုပ်လေး၊ ငါးချပ်ကို မီးဖိုမှာအသာပြ ကင်ရုံနဲ့တင် အကျက်မြန်တာ တွေ့ရပါတယ်။ အဲဒီနေ့က သူကျွေးတဲ့ ဓနုဟင်းလျာအတွဲ အစပ်ဖြစ်တဲ့ ပဲလုံးဟင်းချို၊ ဂျူးမြစ်ကြော်နဲ့ ပဲပုပ်ကင်က ရိုးစင်းတဲ့ဟင်းလျာဖြစ်ပေမယ့် စိမ်းစိုလတ်ဆတ်ခြင်းရဲ့ အရသာနဲ့ ဓာတ်မြေသြဇာ ကင်းတဲ့ သဘာဝ အသီးအရွက်စစ်စစ်တွေကို ခူးဆွတ်ချက်ပြုတ် စားသုံးရတယ်ဆိုတဲ့အသိက မိမိရဲ့စိတ်ကို ပျော်ရွှင်ကျေနပ် အားရစေတာ အမှန်ပါ။

 

ကြေးမုံ