ဓနုဖြူမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

ဓနုဖြူ   ၁၂  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာတွင် ယနေ့ ညနေ ၃ နာရီ  ၂ဝ မိနစ်က ဂက်(စ်)မီးခြစ်ပေါ်သို့ နေရောင်ခြည် တိုက်ရိုက်ကျရောက်၍ အပူလွန်ပေါက်ကွဲရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာနေ ဦးအောင်ဝင်း(ခေါ်) ဦးဖိုးနီတို (၆၃)နှစ်၏ နေအိမ်ရှိ ဘုရားစင်ပေါ်တွင် တင်ထားသော ဂက်(စ်)မီးခြစ်ပေါ်သို့ နေရောင်ခြည်တိုက်ရိုက်ကျရောက်၍ အပူလွန်ပေါက်ကွဲပြီး ဘုရားစင်အနီးရှိ ထရံမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနောင်နောင်နှင့် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီးဖြင့် ပြည်သူများ နှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

 

မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။

 

ထက်ဝေဖြိုး