ဒီအခမ်းအနားတွေ ကျင်းပပေးတဲ့အတွက် နိုင်ငံတော်က ဖော်ဆောင်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဒါကအဓိက တွန်းအားတစ်ရပ် ဖြစ်စေတယ်

မုံရွာ ၁၁ ဧပြီ

 

တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြပွဲကို ယနေ့ နံနက် ၈ နာရီက မုံရွာမြို့ ကမ်းနားလမ်းရှိ ချင်းတွင်းမြစ် သဲသောင်ပြင်၌ ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ ရိုးရာလက်မှုပစ္စည်းများ၊ ရိုးရာအဝတ်အထည်များ၊ အသုံးအဆောင်များကို ခင်းကျင်းပြသခဲ့သည်။

 

အဆိုပါပြပွဲသို့ လာရောက်ခင်းကျင်းပြသခဲ့ကြသည့် တိုင်းရင်းသားများ၏ ရင်တွင်းစကားသံများကို MDN မှ စုစည်းဖော်ပြပေးလိုက်ရပါသည်-

 

ဒေါ်စန်းစန်းဦး

 

သနပ်ခါးပြခန်းတွင် လာရောက်ပြသသူ ကျောက္ကာ တောင်ရွာ

 

 

“အန်တီတို့က ကျောက္ကာ ရွှေဂူနီဘက်ပါ။ ဒီသနပ်ခါးတွေ အကုန်လုံးက ရွှေဂူနီကထွက်တဲ့ သနပ်ခါးတွေပါ။ ကျောက္ကာနယ်ကပေါ့။ ဒီကအကူညီတောင်းတာနဲ့ မနေ့ကလာပြီးတော့ ခင်းကျင်းပြသပေးတာပါ။

 

ဈေးနှုန်းကတော့ အပွေးလိုက်ပေါ့။ အပွေးကောင်းရင် ဈေးနည်းနည်းလေး မြင့်သွားတာပေါ့။ အလုံးကြီးတာ၊ သေးတာမဟုတ်ဘူး။ အပွေးကောင်းရင် ကောင်းသလို ဈေးကွာသွားတာ။

 

အခုဒီလိုမျိုးပြခန်းမှာ ကိုယ့်ဒေသကထွက်တဲ့ သနပ်ခါးတွေကို ပြသခွင့်ရတဲ့အတွက် ရောင်းရတာ၊ မရောင်းရတာထက် ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာတယ်။ ကိုယ့်နယ်မှာ ထွက်တဲ့ပစ္စည်းတွေကို  အများသိအောင် ပြသခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်” ဟု ပြောသည်။

 

ဒေါ်လဘန်အာကိုင်၊ ကချင်တိုင်းရင်းသူ

 

 

“ကျွန်မအနေနဲ့ ဒီတိုင်းရင်းသားရိုးရာ ကျွန်မတို့ရဲ့ ရိုးရာဝတ်စုံကို ပြသခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက တိုင်းရင်းသားတွေ အကုန်လုံး စုံစုံလင်လင်ရှိတယ်။ ဒီလိုပွဲမျိုး ဆိုတာကလည်း တစ်ခေါက်မှလည်း မကြုံဘူးပေါ့နော်။ အမတို့ကို ဒီကိုလာပြီးပြသဖို့အတွက် တောင်းဆိုပြီး အခွင့်အရေး ပေးတဲ့အတွက်ကြောင့်မို့လို့ အလွန်ပဲ ကျေးဇူးတင်ပါတယ်။ ပျော်လဲပျော်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

 

ဦးချင်းအောင်၊ ကဒူးတိုင်းရင်းသားခေါင်းဆောင်

 

 

“ကျွန်တော်တို့ ကဒူးတိုင်းရင်းသားရိုးရာရဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို လာရောက်ပြသရတာ အများကြီးကို အထူးကျေးဇူးတင်ပါတယ်။

 

ကျွန်တော်က ကဒူးတိုင်းရင်းသားရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြသရတဲ့အတွက် ကဒူးတိုင်းရင်းသားတွေ တစ်ကမ္ဘာလုံးမှာ ရှိနေ၊ သိမြင်နေကြသော်လည်း လူတကာတိုင်းက မသိနိုင်တဲ့အတွက် အခုအချိန် ဒီအရပ်ဒီဒေသမှာ လာရောက်ပြသရတဲ့အတွက် အထူးပဲ ပေါ်လွင်သွားမယ်လို့ ထင်မိပါတယ်”ဟု ပြောသည်။

 

ဦးဝင်းသိန်း၊ ကနန်းတိုင်းရင်းသား

 

 

“ဒီတိုင်းရင်းသားရိုးရာပစ္စည်းပြပွဲမှာ ယခုလိုမျိုး ကိုယ့်ရိုးရာပစ္စည်းတွေကို ပြသခွင့်ရတဲ့အတွက် အရမ်းဝမ်းသာတယ်။ ကျွန်တော်တို့ ဒီရက်ထည်တွေကျတော့ ကိုယ့်ဟာကိုယ် ရက်ကန်းစင်နဲ့ရက်တဲ့ဟာမျိုးကို ဒီမှာပြတာ။ ပြသခွင့်ရတာ ကြည့်ကြတဲ့အတွက် အင်မတန်မှဝမ်းသာပါတယ်”ဟု ပြောသည်။

 

ဦးခေါသွလာ (ခ) ဦးမားသွ၊ ချင်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ

 

 

ဆက်လက်ပြီး ချင်းတိုင်းရင်းသားရိုးရာပစ္စည်းများ လာရောက်ပြသသည့် ကလေးမြို့မှ ချင်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးခေါသွလာ (ခ) ဦးမားသွက “တိုင်းရင်းသား ရိုးရာပစ္စည်းတွေကို အခုလိုမျိုး လာရောက်ပြသအတွက်ကြောင့် ကောင်းပါတယ်။ ကျွန်တော်တို့က တိုင်းရင်းသားမျိုးနွယ်စုကနေ မပြဖူး၊ မမြင်ဘူးတဲ့ ရိုးရာတွေကို ကိုယ်ကလည်း မြင်ရတာပေါ့။ သူများတွေလည်း မြင်ရတာပေါ့ ကောင်းပါတယ်” ဟု ပြောသည်။

 

ဦးရှိုင်းအာကာ၊ ရှမ်းနီတိုင်းရင်းသား၊ မုံရွာစီးပွားရေးတက္ကသိုလ်နည်းပြ မြန်မာစာဌာန

 

 

“မုံရွာစီးပွားရေးတက္ကသိုလ်နည်းပြ မြန်မာစာဌာနမှာ တာဝန်ထမ်းဆောင်နေပါတယ်။ ရှမ်းနီတိုင်းရင်းသား လူမျိုးစု ဖြစ်ပါတယ်။

 

ဒီအခမ်းအနားတွေ ကျင်းပပေးတဲ့အတွက် နိုင်ငံတော်က ဖော်ဆောင်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဒါကအဓိက တွန်းအားတစ်ရပ် ဖြစ်စေတယ်။ တိုင်းရင်းသားတွေနဲ့ ပိုပြီး သဟဇာတဖြစ်စေမယ့် ငြိမ်းချမ်းရေးကို ပိုပြီးနီးသွားစေမယ့် ခြေလှမ်းတစ်ရပ်ဖြစ်မယ်လို့ ယူဆပါတယ်။

 

ဝမ်းသာဂုဏ်ယူရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီမှာ တိုင်းရင်းသား မျိုးနွယ်စုပေါင်းများစွာ စုစုစည်းစည်းနဲ့ လာရောက်ပြသတာ တွေ့ရတဲ့အတွက် ကိုယ်မမြင်ဖူးတဲ့ ယဉ်ကျေးမှုတွေကိုလည်း အသစ်တွေ့ရှိရသလို ကိုယ်မြင်ဖူးတဲ့ ယဉ်ကျေးမှုတွေလည်း ထပ်ပြီးတော့ လေ့လာတွေ့ရှိခွင့် ရရှိတဲ့အတွက်၊ ဗဟုသုတတွေ တိုးနိုင်စေတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဝမ်းသာဂုဏ်ယူရပါတယ်” ဟု ပြောသည်။

 

ဦးအောင်မြင့်သိန်း၊ မြန်မာနိုင်ငံဝါးလုပ်ငန်းရှင်များအသင်း

 

 

“ကျွန်တော်တို့ဒီဒေသက ဝါးလုပ်ငန်းနဲ့ ပတ်သက်လို့ ရင်းနှီးမှု မရှိဘူးလေ။ ကျွန်တော်တို့က အခုလို ပြသခြင်းအားဖြင့် ဝါးလုပ်ငန်းအပေါ်မှာ တန်ဖိုးမြင့်ပစ္စည်းတွေ ထုတ်လုပ်လို့ရတယ်ဆိုတာ သိသွားရင် ဝါးတောတွေကို အလဟဿ မဖြုန်းတီးတော့ဘူးပေါ့နော်။ သဘာဝပတ်ဝန်းကျင်လည်း ထိန်းသိမ်းရင်း တန်ဖိုးမြင့် ထုတ်ကုန်ပစ္စည်းတွေ ထုတ်လို့ရတယ်ဆိုတာ သိသွားတာပေါ့ဗျာ၊ အဲဒီအကျိုးအမြတ်ပဲ ကျွန်တော်တို့က ဦးစားပေးတာပါ။

 

ကျွန်တော်တို့ ဒီဒေသမှာ အခု ဝါးစိုက်ခင်းတွေလည်း စိုက်တော့မှာဗျ၊ ကျွန်တော်တို့ ဝါးကုန်ထုတ်လုပ်မှု လုပ်ငန်းတွေလည်း လုပ်တော့မှာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျော့ကျပြီး ပေါများအောင် ပေါ့ဗျာ၊ ကျွန်တော်တို့ အသင့်ဖွဲ့ပြီးလုပ်နေတာ၊ အသင်းအဖွဲ့က ကျွန်တော်တို့အခုမှ ဖွဲ့ရတာပါ”ဟု ဝါးလုပ်ငန်းရှင်များအသင်းမှ ခင်းကျင်းပြသသည့် တန်ဖိုးမြင့် ဝါးထုတ်ကုန်များပြခန်းမှ ဦးအောင်မြင့်သိန်းက ပြောသည်။

 

နန်းခမ်းဆိုင်းလုံ၊ ရှမ်းနီတိုင်းရင်းသူ

 

 

တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြပွဲသို့ လာရောက်ကြည့်ရှုသည့် ပရိသတ်တစ်ဦးဖြစ်သည့် ဟုမ္မလင်းမြို့နယ်မှ ရှမ်းနီတိုင်းရင်းသူတစ်ဦးဖြစ်သူ နန်းခမ်းဆိုင်းလုံက  “ချင်းတွင်းသင်္ကြန်ဆိုတာ အခုဒီနှစ်က ပထမဦးဆုံးဆိုတော့ အခုလာရောက်ပြီးတော့ လာကပြဖျော်ဖြေရတဲ့အတွက် စိတ်ထဲမှာ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ပျော်ရတာပေါ့။ တစ်သွေးထဲတစ်သားထဲ မောင်နှမအရင်းလိုမျိုးဖြစ်မိပါတယ်။ အကတွေကလည်း လက်တွဲပြီးကရတယ်၊ ချင်းရော၊ နာဂရော၊ လူမျိုးဘာသာမရွေး အခုလိုမျိုးတိုင်းရင်းသား ပေါင်းစုံလက်တွဲပြီးတော့ ကရတဲ့အတွက် အရမ်းကို ပျော်ရွှင်ဝမ်းမြောက်မိပါတယ်” ဟု ပြောသည်။

 

အဆိုပါပြပွဲတွင် တိုင်းရင်းသား အကအဖွဲ့များက ဖျော်ဖြေတင်ဆက်ခြင်း၊ ပါရာမော်တာ စီးနင်းပြသခြင်း၊ မုံရွာမြို့ လူငယ်များမှ ဆိုင်ကယ်စတန့်စီးပြကွက်များ ပြသခြင်းနှင့် အခြားဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းနှင့် အရောင်းပြခန်းများ ဖွင့်လှစ်ပြသခဲ့သည်။

 

ချင်းတွင်း သဲသောင်ပြင်သင်္ကြန် လည်ပတ်ရင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ ရိုးရာလက်မှုပစ္စည်းများ၊ ရိုးရာအဝတ်အထည်များ၊ အသုံးအဆောင်များကို လေ့လာဝယ်ယူနိုင်ပြီး ရိုးရာအစားအသောက်များကိုပါ ဝယ်ယူစားသောက်နိုင်စေရန် စီစဉ်ဆောင်ရွက် ထားရှိသည်။

 

ထို့အပြင် ပြည်တွင်း ပြည်ပ ခရီးသွားလုပ်ငန်း မြှင့်တင်ရန် စစ်ကိုင်းတိုင်းအတွင်းရှိ ထူးခြားသည့် နေရာများ၊ အထင်ကရနေရာများကို ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားလာပြီး လာရောက်လည်ပတ်နိုင်ရန်အတွက် ယခုကဲ့သို့ ချင်းတွင်းသင်္ကြန်တွင် တစ်ပေါင်းတစ်စည်းတည်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

တွေ့ဆုံမေးမြန်းသူ သီတာဦး

 

ဓါတ်ပုံ ဘိုဘိုသန့်ရွှေ၊ ကြည်ပြာထွန်း