ဒီဘားလားမှာ မက်ဆီ လက်သစ်ဖြစ်ပြီး ရီးယဲလ်သို့ ဇန်နဝါရီဈေးကွက်အတွင်း ထွက်ခွာရန် ပါလာမိုအသင်း ဥက္ကဋ္ဌ တိုက်တွန်း

mdn

၁၁ နိုဝင်ဘာ

 

ယခုနှစ်ဘောလုံးရာသီ ဂျူဗင်တပ်အသင်းအတွက် ပုံမှန်ပွဲထွက်ချိန် အကန့်အသတ်ရှိနေတဲ့ ဒီဘားလားဟာ မက်ဆီလက်သစ်လို့ တင်စားရလောက်အောင် ခြေစွမ်းကောင်းမွန်သူဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝ အချိန်ကောင်း မကုန်ဆုံးစေဖို့ လာမယ့်ဇန်နဝါရီဈေးကွက်အတွင်း ရီးယဲလ်မက်ဒရစ်လို ထိပ်တန်းအသင်းတစ်သင်းဆီ ပြောင်းရွှေ့ကစားဖို့ လိုအပ်တယ်လို့ ပါလာမို အသင်းဥက္ကဋ္ဌ ဇန်ပါရီနီက တိုက်တွန်းလိုက်ပါတယ်။

 

ဒီဘားလားရဲ့ ဂျူဗီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေ အများအပြားရှိပါတယ်။ ဂျူဗင်တပ်အားကစားဒါရိုက်တာ ပါရာတီစီက ဒီဘားလားကိုစာချုပ်သက်တမ်း ထပ်တိုးဖို့ လုပ်ဆောင်နေသလို ဘာစီလိုနာ၊ ရီးယဲလ်၊ ပီအက်စ်ဂျီနဲ့ မန်ယူအသင်းတို့ကလည်း ဒီကစားသမားကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

 

ဒီဘားလားဟာ နည်းပြ ပီယာလို လက်အောင်မှာ ပွဲကစားချိန် လျော့နည်းနေတာကြောင့်လည်း ဒီဘားလားကို ဂျူဗီကနေ ထွက်ခွာဖို့ ပါလာမိုမှာ ဒီဘားလား ကစားစဉ် နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့တဲ့ ပါလာမိုအသင်းဥက္ကဋ္ဌ ဇန်ပါရီနီက တိုက်တွန်းနေတာ ဖြစ်ပါတယ်။ ဇန်ပါရီနီအနေနဲ့လည်း ဂျူဗီမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတာတောင် အသင်းပြောင်းဖို့ မပြင်ဆင်သေးတဲ့ ဒီဘားလားရဲ့ လုပ်ရပ်ကို နားမလည်နိုင်အောင် ဖြစ်မိတယ်လို့ ဆိုပါတယ်။

 

ဇန်ပါရီနီကလွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ကျွန်တော်က သူ့ (ဒီဘားလား)ကို ဂျူဗီကနေထွက်ပြီး ရီးယဲလ်မက်ဒရစ် (ဒါမှမဟုတ်) ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ အကြံပေးခဲ့တယ်။ ဒါကလည်း သူ့ရဲ့ အကျိုးသက်သက်အတွက်ပါ။ ဒီလို ကျွန်တော်ပြောတိုင်း သူက ဂျူဗီမှာ သူ့အနေနဲ့ ကောင်းမွန်တယ်လို့ ခံစားရတယ်လို့ပဲ အမြဲတုံ့ပြန်ခဲ့ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ဇန်ပါရီနီက ဒီဘားလားဟာ ချန်ပီယံတစ်ယောက်ဖြစ်ပြီး သူများအတွက် အဖြည့်ခံ မဖြစ်သင့်တာကြောင့် စီရိုနယ်လ်ဒိုရှိနေတဲ့ ဂျူဗင်တပ်ကနေ ထွက်ခွာမှသာ တောက်ပလာမှာဖြစ်ကြောင်း ဆိုခဲ့ပါသေးတယ်။

 

မေလဲ့သင်း