ဒီဇယ်ချက်ဆီအား ဆီဂေါက်ဖြင့် ထည့်နေစဉ် ဖုန်းပြောရာမှ ဖုန်းပေါက်ကွဲသဖြင့် တစ်ဦးသေဆုံး

ဒီဇင်ဘာလ ၁၁ ရက် ညနေ ၆ နာရီက မုံရွာမြို့နယ် ကျောက္ကာ(မြောက်)ကျေးရွာ မြောက်ဘက်(၁)မိုင်ခန့်အကွာ ရေနံချက်ဖိုအတွင်း ရေနံချက်လုပ်သား နှစ်ဦးက ဆီဂေါက်ဖြင့် ဆီထည့်စဉ် လက်ကိုင်ဖုန်းပြောမိသဖြင့် ဖုန်းပေါက်ကွဲပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ရေနံကုန်းရှိ ဦးဟိန်းစိုး(၃၈)နှစ်၊ ဒေါနခြံရပ်ကွက် မုံရွာမြို့နေသူပိုင် ရွှေရည်လင်း ရေနံချက်ဖိုခြံဝင်းအတွင်း၌ ယာဉ်မောင်း ကိုအောင်ကျော်မိုး၏ YGN-3F/×××× ဆီဘောက်ဆာယာဉ်ပေါ်မှ ဒီဇယ်ချက်ဆီ ဂါလန် ၁၀၀၀ အား သံဆီကန်အတွင်းသို့ ယာဉ်နောက်လိုက် တောင်ကြီးမြို့နေ ပြည့်စုံအောင်(၃၅)နှစ်နှင့် ရေနံချက်ဖိုလုပ်သား ရဲကို(၂၂)နှစ်တို့ (၂)ဦးမှ ဆီဂေါက်ဖြင့် ဆီထည့်စဉ် ပြည့်စုံအောင်က လက်ကိုင်ဖုန်း ပြောရာမှ ဖုန်းပေါက်ကွဲပြီး ၎င်း၏ရင်ဘတ်နှင့် ခြေထောက်တို့တွင် မီးလောင်ဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့သောကြောင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ သေဆုံးသွားခဲ့သဖြင့် ပြည့်စုံအောင် အား မုံရွာနယ်မြေ ရဲစခန်းမှ အရေးယူထားကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)