ဒီးမော့ဆို၊ လွိုင်လင်၊ မိုင်းကိုင်၊ နမ့်စန်နှင့် လဲချားမြို့နယ်တို့၌ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဘိန်းစိုက်ခင်း ၂၉ ဧကခန့် ဖျက်ဆီး

နေပြည်တော် ၆ နိုဝင်ဘာ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း ဦးစီးသည့် ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၅ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူကျေးရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့်ပေ ၈ လက်မခန့် ဘိန်းပင်ပေါက်စိုက်ခင်း ၁ ဧကခန့်အား ဖျက်ဆီးခဲ့သည်။

အလားတူ နိုဝင်ဘာလ ၅ ရက်တွင် လွိုင်လင်မြို့နယ်၊ ထန်းဖြားကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်ခွဲအကွာ၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁ ဧကခန့်၊ ကျူနိမ့်ကျေးရွာ၏ မြောက်ဘက် ၁ ဖာလုံခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်  သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅ ဧကခန့်နှင့် ကျိုင်းခမ်းကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် ၁ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄ ဧကခန့်အား လည်းကောင်း၊ မိုင်းကိုင်မြို့နယ်၊ ဝမ်တုံကျေးရွာအနီး၌ အမြင့် ၂ လက်မခန့် ဘိန်းပင်ပေါက် စိုက်ခင်း ၃ ဧကခန့်၊ ကောင်းဖယ်ကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာနှင့် နောင်ဟွယ်ကျေးရွာ၏ အနောက်တောင်ဘက် ၄ မိုင်ခန့်အကွာတို့ရှိ အမြင့် ၈ လက်မမှ ၃ ပေခန့် ဘိန်းစိုက်ခင်း ၄ ဧကခန့်အားလည်းကောင်း။     

နမ့်စန်မြို့နယ်၊ တွန်ကျိုင်းကျေးရွာ၏ အနောက်တောင်ဘက် ၈ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်အား လည်းကောင်း၊ လဲချားမြို့နယ်၊ ပါနော်ကျေးရွာ၏ အနောက်တောင်ဘက်၌ အမြင့်ပေ ၅ လက်မခန့် ဘိန်းပင်ပေါက်စိုက်ခင်း ၁ ဧကခန့်အား လည်းကောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရဲပြန်ကြား

 

1