ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်မှ ယခုနှစ်တွင် နွေစပါးစိုက်ဧက ၃၀၀ ခန့်သာ ရေလုံလောက်စွာ ပေးဝေနိုင်မည်

ဒီးမော့ဆို၊ ၂၅ ဇန်နဝါရီ

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်၏ ရေအရင်းအမြစ်တစ်ခုဖြစ်သည့် နန်းစံဖူး သဘာဝရေထွက်ပေါက်မှ ရေထွက်နှုန်း ကျဆင်းလျက်ရှိသည့်အပြင် မိုးရာသီကာလ၌ မိုးရွာသွန်းမှု နည်းပါးသည့်အတွက် ယခုနှစ်တွင် ငွေတောင်ဆည်ရေသောက် နွေစပါးစိုက်ဧက ၃၀၀ ခန့်သာ ရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အရင်နှစ်က ငွေတောင်ဆည်မှ နွေစပါးစိုက်ဧက ၁၄၀၀ ကျော်ကို စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ပါတယ်၊ ဒီနှစ်တော့ နန်းစံဖူး သဘာဝရေထွက်ပေါက်မှ ရေထွက်နှုန်း ကျဆင်းသည့်အပြင် မိုးရာသီကာလမှာ မိုးရွာသွန်းမှု နည်းတဲ့အတွက် ရေသိုလှောင်နိုင်တဲ့ ရေပမာဏနည်းသွားတယ်၊ ဒါကြောင့် ဒီနှစ်မှာတော့ နွေစပါးစိုက်ဧက ၃၀၀ ခန့်သာ ရေလုံလောက်စွာ ပေးဝေနိုင်မှာ ဖြစ်ပါတယ် ဟု မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှသိန်းက ပြောသည်။

 

ငွေတောင်ဆည်အတွင်း ရေသိုလှောင်နိုင်မှု ပမာဏသည် နှစ် ၂၀ အတွင်း အနည်းဆုံး ရေအမှတ်သို့ ရောက်ရှိနေပြီး ငွေတောင်ဆည်မှ ရေကို စိုက်ပျိုးရေးအတွက် သာမက ဒီးမော့ဆိုမြို့နေ ပြည်သူများ အတွက် သောက်သုံးရေ တစ်လလျှင် ရေဂါလန် ၁၂ သိန်းကျော် ပုံမှန်ဖြန့်ဝေပေးလျက်ရှိကြောင်း၊ နွေစပါးစိုက်ပျိုးမည့် လယ်မြေများသို့ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဆည်ရေပေးဝေသွားမည်ဖြစ်ကြောင်း ဦးစီးအရာရှိ ဦးလှသိန်းက ဆက်လက်ပြောကြားသည်။

 

ငွေတောင်ဆည်သည် လယ်မြေဧက ၆၀၀၀ ကျော် ရေပေးဝေနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၆၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၆၅ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ မြေသားတမံ အမျိုးအစားဖြစ်ကာ တမံအလျား ၆၀၀၀ ပေ၊ တမံ အမြင့် ၃၅ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏဧကပေ ၈၉၂၀၊ ကန်ရေသေရေလှောင်ပမာဏ ဧကပေ ၁၇၀၀ နှင့် ကန်ရေပြည့် ရေပြင်ကျယ် ဧရိယာ ၆၂၀ ဧကရှိကြောင်း သိရသည်။

 

ဒီးမော့ဆိုမြို့နယ်အနေဖြင့် ယခင်နှစ်က နွေစပါးစိုက်ဧက ၃၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးသည့်အတွက် ဆည်၊ ကန်၊ ချောင်း၊ မြောင်းများတွင် ရေနည်းပါးသည့်အတွက် နွေစပါးစိုက်ဧက ၈၀၀ ခန့်သာ စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)