ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် အားလုံးပါဝင်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသား၊ ပြည်နယ်)၊ ပြည်နယ်တရားလွှတ်တော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့သည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက ဒီမိုကရေစီစနစ်သည် ဖက်ဒရယ်ပြည်ထောင်စုကို ခိုင်မြဲစေသလို ဖက်ဒရယ် ပြည်ထောင်စုသည်လည်း ဒီမိုကရေစီ၏ ကျင့်စဉ်များကို အားကောင်းစေပါကြောင်း၊ ယင်းသို့ တည်ဆောက်ရာတွင် မိမိတို့ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲပြုသည်။ အပြန်အလှန် အထောက်အကူပြုသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးကြသည်။ ပြည်ထောင်စုနိုင်ငံများသည် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေကြသည်။ ဒီမိုကရေစီစနစ်၏ အသီးအပွင့်များ၊ ဖက်ဒရယ်စနစ်၏ ငြိမ်းချမ်းသာယာမှုများကို ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံများတွင် မြင်တွေ့နိုင်သည်။ ဒီမိုကရေစီဖက်ဒရယ်စနစ်သည် ပြည်သူများအတွက် အကောင်းဆုံးစနစ်တစ်ခု ဖြစ်သည်။ ထိုစနစ်ကို မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ရန် ရည်မှန်းဆောင်ရွက်နေသည်။

မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားရန် တာဝန်ရှိသူများအားလုံးက သန္နိဋ္ဌာန်ချထားသည်။ အနာဂတ်နိုင်ငံတော်ကို မျှော်မှန်းထားသည့်အတိုင်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရန် တာဝန်ရှိသူများ အားလုံးဖြင့် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ ပေါ်ပေါက်လာမည် မဟုတ်ချေ။ ပြည်သူများ အပါအဝင်အားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်မှသာ အကောင်အထည်ပေါ်မည်။ ပူးပေါင်းပါဝင်မှု အားနည်းလျှင် ဒီမိုကရေစီ ဖက်ဒရယ်စနစ်မှာ နှောင့်နှေးနေမည် ဖြစ်သည်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားရန် ယခုမှ သန္နိဋ္ဌာန်ချခဲ့သည် မဟုတ်ချေ။ နိုင်ငံသားတိုင်း သာတူညီမျှရှိမှု၊ လွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွှင်မှု၊ အခွင့်အရေးရမှု စသည့် အခြေခံ အခွင့်အရေးများရှိသည့် ဒီမိုကရေစီစနစ်ကို လွတ်လပ်ရေး မရမီကတည်းက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ ကြိုးပမ်းအားထုတ်ခဲ့သည်။ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ရန် ရည်မှန်းဆောင်ရွက်ခဲ့သည်။ သို့သော် ရည်မှန်းချက်များ သဲထဲရေသွန် ဖြစ်ခဲ့သည်။ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစနစ်နှင့် အလှမ်းဝေးသဖြင့် ပြည်သူများ၏ အခွင့်အရေးများ၊ လွတ်လပ်မှုများ၊ ငြိမ်းချမ်းမှုများ ဆုံးရှုံးခဲ့ရသည်ကို သမိုင်းတွင် မြင်တွေ့ရမည်ဖြစ်သည်။

ယနေ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည်။ ဖက်ဒရယ်စနစ်ကို ဦးတည်ရန် ကြိုးပမ်းနေသည်။ အားလုံးပါဝင် ဆောင်ရွက်ကြမှ အောင်မြင်လိမ့်မည်ကို သိရှိကြရန် လိုအပ်ပေသည်။ ပြည်သူများ အတွက် အကောင်းဆုံးဖြစ်သော ဒီမိုကရေစီစနစ်ကို ရည်မှန်းခဲ့သော်လည်း ဆိုးမွေများကြောင့် ပြည်သူများမှာ နာကျင်နေဆဲ ဖြစ်သည်။ ယုံကြည်မှုများ လျော့နည်းနေဆဲ ဖြစ်သည်။ လက်တွဲမှုများ လိုအပ်နေဆဲ ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတကြီးက ဒီမိုကရေစီ တည်ဆောက်နိုင်မှသာ တိုင်းပြည်ငြိမ်းချမ်းမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုသည် ရန်သူမဟုတ်ကြောင်း၊ မိတ်ကောင်း ဆွေကောင်းသာဖြစ်ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သည် ခြိမ်းခြောက်မှု မဟုတ်ကြောင်း၊ အခွင့်အခါကောင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသည် အတင်းအကျပ် စေခိုင်းနေသည် မဟုတ်ဘဲ မဖြစ်မနေ ဆောင်ရွက်ရမည့်အရာဟု အားလုံးက ခံယူကြစေလိုကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အားလုံးတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက်အကျိုးစီးပွားများအား ဆောင်ကြဉ်းပေးနိုင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးကို ပြုပြင်ပြောင်းလဲမှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ရာ အောင်မြင်တိုးတက်ရေးအတွက် အားလုံးလက်တွဲပါဝင် ဆောင်ရွက်ကြပါဟု တိုက်တွန်းအပ်ပါသည်။     ။
(ကြေးမုံ)