ဒီမိုကရေစီနှင့် နိုင်ငံအပြောင်းအလဲခရီး

ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး၏ အသီးအပွင့်အဖြစ် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ စတင်ပေါ်ပေါက်လာခဲ့သည်။ ယခုအခါဆိုလျှင် အပြည့်အဝ ဒီမိုကရေစီဟု မဆိုနိုင်သော်လည်း ပြည်သူ့ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းသော လွှတ်တော်များ၊ အစိုးရ အဖွဲ့များပင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်လေသည်။

ဤသို့သော ဒီမိုကရေစီအုတ်မြစ်ခိုင်မာအောင် တည်ဆောက် နိုင်ရေးနှင့် နိုင်ငံပြောင်းလဲတိုးတက်မှုကို ကြိုးစားအားထုတ်ကြရာတွင် ဒီမိုကရေစီဆိတ်သုဉ်းကာလများ၏ အမွေဆိုးများကို လက်ခံရင်ဆိုင်ရသည့် စိန်ခေါ်မှုများနှင့် အခြေခံပြဿနာများကို ဖြေရှင်းနေရသည်ကပင် လေးလံသော လုပ်ငန်းရပ်များ ဖြစ်နေခဲ့သည်။

ယင်းလုပ်ငန်းရပ်များတွင် ပြည်တွင်းပဋိပက္ခများ ပြေလည်ရေးနှင့် ငြိမ်းချမ်းမှုထူထောင်နိုင်ရေး၊ အချုပ်အခြာအာဏာသည် ပြည်သူတို့၏ လက်ထဲတွင်သာရှိသည်ဆိုသော ဒီမိုကရေစီ၏ အခြေခံမူကို အခိုင်အမာကိုယ်စားပြု အာမခံသည့် အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရေး၊ စီးပွားရေးအဆင့် မြင့်မားလာကာ ပြည်သူတို့၏ နေ့စဉ်ဘဝများ ပြေလည်လုံခြုံမှုရရေး၊ အခြေခံပညာရေး စနစ် အဆင့်အတန်း မြင့်မားရေးနှင့် ပြည်သူ့ကျန်းမာရေးစနစ် တိုးတက်ရေး စသည်တို့က ရှေ့တန်းမှာ ရှိနေသည်။

မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသားလူမျိုးစုတို့ကြားတွင် တန်းတူညီမျှမှု မရှိဟူသည့် အယူအဆဖြင့် နိုင်ငံရေးကွဲလွဲမှုများစွာ ဖြစ်ထွန်းခဲ့သည်မှာ လွတ်လပ်ရေး မရမီက စခဲ့သည်ဟု ဆိုရပါမည်။ နှစ် ၇၀ ကျော် ရှိခဲ့ပြီဖြစ်ပေသည်။

 

သည်လို နိုင်ငံရေးကို အခြေခံသည့် ပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်ခဲ့ကြသည့်အတွက် စစ်အင်အားများ အပြိုင်အဆိုင် တိုးချဲ့ကြခြင်းကိုသာရရှိခဲ့ကာ စစ်မီးက ပိုမိုတောက်လောင်ရင်း ငြိမ်းချမ်းရေးနှင့် ဝေးခဲ့ရသည်။

ဒီမိုကရေစီထူထောင်မည်ဟူသည့် မျှော်မှန်းချက်ပေါ်ပေါက် လာသည့်အခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်နိုင်ခဲ့ပြီး ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့ ဖြည်းဖြည်းချင်း တက်လာနိုင်ခဲ့ပြီဟု မြင်ပါသည်။ ယခုအခါတွင် ၂၁ ရာစုပင်လုံ ဆွေးနွေးပွဲများသည် အခက်အခဲများကြား၊ တိုးတက်မှုနှုန်းနှေးသည်ဟု ရှုမြင် နေကြရသည့်ကြားကပင် ရှေ့သို့ ရွေ့ လျားတိုးတက်မှုတော့ ရှိနေသည်ပဲ ဖြစ်ပါ၏။ နှစ်ပေါင်း ၇၀ ကျော် ရင်ဆိုင်ခဲ့ရသည့်၊ ပြဿနာကြီးကို အမြော်အမြင်ကြီးကြီးဖြင့် ဖြေရှင်းနေရသည့် အတွက် ရုတ်ခြည်းပြေလည်သွားရန် ခက်ခဲမည်ဟု သဘောရပါသည်။

ထို့ပြင် ငြိမ်းချမ်းရေးတည်ဆောက်သည်ဆိုရာတွင် အပစ်အခတ် ရပ်စဲနိုင်ကာမျှဖြင့် ပြီးသည်မဟုတ်ဘဲ တိုင်းရင်းသား လူမျိုးစုများ၏ အဓိကခံစားချက်ဖြစ်သည့် တန်းတူညီမျှမှုကို အခိုင်အမာ အာမခံနိုင်သည့် ဒီမိုကရေစီဖက်ဒရယ်အခြေခံမူ များဖြင့် ညှိနှိုင်းရေးဆွဲပြင်ဆင်ရမည် ဖြစ်သော အခြေခံဥပဒေကလည်း လိုအပ်နေပေသည်။

ယင်းသို့သော တန်းတူညီမျှမှုအပါအဝင် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ တည်ထောင်နိုင်ရေးအတွက် ပြည်သူ့ ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းထားသော လွှတ်တော်များ အတွင်းတွင် ရေးဆွဲညှိနှိုင်းနေကြ၊ ဆွေးနွေးအဖြေရှာနေကြဆဲ ဖြစ်ပါသည်။

နိုင်ငံထူထောင်ရေးလုပ်ငန်းများက လွယ်ကူချောမွေ့သည့် အဆင့်ဟူ၍မရှိဘဲ အားလုံးသော လုပ်ငန်းများက လိုအပ်ချက်များချည်း ဖြစ်နေလေရာ စိတ်သဘောထားကြီးကြီး၊ အမြော်အမြင် ကြီးကြီးဖြင့် တစ်ဆင့်ချင်း လှမ်းနေကြရမည်ပဲဖြစ်သည်ဟု ယုံကြည်မျှော်လင့်နေ ရပါကြောင်း။ ။

 

မြန်မာ့အလင်း