ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိဆောင်ရွက်ပေး

နေပြည်တော် ၂၀ စက်တင်ဘာ

ဒီမိုကရေစီစနစ်သည်သာ ကမ္ဘာ့လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းဆောင်ပေးနိုင်သည်ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အသိအမှတ်ပြု လက်ခံပြီးဖြစ်ပါသည်။ သို့ဖြစ်၍ ကမ္ဘာ့ နိုင်ငံအသီးသီးတွင် စက်တင် ဘာလ ၁၅ ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ ဒီမိုုကရေစီနေ့ အခမ်းအနားများကို ကျင်းပကြပါသည်။ မြန်မာနိုင်ငံ၌လည်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (International Day of Democracy) အထိမ်းအမှတ် အခမ်းအနားကို ၂ဝ၁၁ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပခဲ့ပါသည်။ ၂ဝ၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပခဲ့ပါသည်။

'' ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိဆောင်ရွက်ပေး'' ဟူသော ဆောင်ပုဒ်သည် နိုင်ငံတကာ ပါလီမန်များအဖွဲ့ (Inter Parliamen- tary Union- IPU) က ၂ဝ၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက် ရွေးချယ်သတ်မှတ်ပေးခဲ့သော ဆောင်ပုဒ် ဖြစ်ပါသည်။ နေပြည်တော်တွင် ကျင်းပခဲ့သော ၂ဝ၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနား၌ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယခုနှစ်ဆောင်ပုဒ်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်နှင့် လွန်စွာကိုက်ညီနေသည်ကို ထောက်ပြ ခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဥပဒေပြု အာဏာ ကျင့်သုံးရသည့် လွှတ်တော်များသည် ပြည်သူများကို ကိုယ်စားပြုပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားနှင့် ပြည်သူတို့၏ လိုအပ်ချက်များကို သိရှိဖြည့်ဆည်းပေးနိုင်ရန် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း အလေးအနက်ထား တင်ပြခဲ့ပါသည်။ ၂၁ ရာစု၏ စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းနိုင်ရန် စစ်မှန်သော ဒီမိုကရေစီစနစ်မှတစ်ပါး အခြားစနစ်မရှိကြောင်း ဟူသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၏ တင်ပြချက်သည် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး အလေးအနက်ထား နှလုံးသွင်းရမည့် သဘောထားဖြစ်ပါသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒီမိုကရေစီစနစ် ပိုမို အခြေခိုင်မာရေးကို ဆောင်ရွက်ရာ၌ ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ အယူဝါဒစွဲများ ဖယ်ရှားလျက် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး အတူဝိုင်းဝန်းဆောင်ရွက်ရမည်ဟု ပြောကြားခဲ့ခြင်းသည် ဒီမိုကရေစီ အုတ်မြစ်ခိုင်မာရေး၏ အလုပ်လမ်းညွှန် ဖြစ်ပါသည်။

တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော နိုင်ငံတော်၌ ဒီမိုကရေစီစနစ် ခိုင်မာရေးကို ပုံဖော်တည်ဆောက်မည်ဆိုပါက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို မလွဲမသွေ တည်ဆောက် ရမည်ဖြစ်ပါသည်။ ဤအမျိုးသားရေး လိုအပ်ချက်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ''တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အနေဖြင့် ငြိမ်းချမ်းသာယာသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် ဒီမိုကရေစီစိတ်ဓာတ်နှင့် အလေ့အကျင့် တို့ကို အရင်းခံကာ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် နားလည်မှု၊ ယုံကြည်လေးစားမှု၊ ချင်ခင် ရင်းနှီးမှုများဖြင့် တောင်ပေါ်၊ မြေပြန့်မခွဲခြားဘဲ ပူးပေါင်းဆောင်ရွက်သွားကြရမည့် အချိန်အခါလည်း ဖြစ်နေပါကြောင်း'' ဟု တင်ပြခဲ့ခြင်းသည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆောင်ပုဒ်ဖြစ်သည့် '' ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိ ဆောင်ရွက်ပေး''နှင့် တစ်ထပ်တည်း ကျလျက်ရှိပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

(မြန်မာ့အလင်း)