ဒီနေ့အတွက် သိကောင်းစရာ (၅၁)

(၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂၄) ရက်

============================

COVID-19 ဗိုင်းရပ်စ်ပိုး လေထဲလွင့်မျောပျံ့နှံ့ခြင်း (aerosol transmission) နဲ့ အစက်အမှုန်များပုံသဏ္ဌာန်ပျံ့နှံ့ခြင်း (droplet transmission) တို့က ဘယ်လိုကွာခြားပါသလဲ?

=========================================================

• COVID-19 ဗိုင်းရပ်စ် အပါအဝင် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ပျံ့နှံ့နိုင်တဲ့ ဗိုင်းရပ်စ်ပိုးမွှားများသည် ဗိုင်းရပ်စ်ပိုးပါဝင်တဲ့ အရည်အစက်အမှုန် (droplet nuclei)ရဲ့ အရွယ်အစားပေါ် မူတည်ပြီး လေထဲလွင့်မျော ပျံ့နှံ့ခြင်းနဲ့ အစက်အမှုန်များပုံသဏ္ဌာန် ပျံ့နှံ့ခြင်းတို့ကို ဖြစ်ပွားစေပါတယ်။

 

• ဒီအစက်အမှုန် (droplet nuclei) တွေရဲ့ အရွယ်အစားဟာ (5-10)µm နဲ့ အထက်ရှိမယ်ဆိုရင် အစက်အမှုန်များပုံသဏ္ဌာန်ပျံ့နှံ့ခြင်း (droplet transmission) အနေနဲ့ဖြစ်ပွားလေ့ရှိပြီး စကားပြောခြင်း၊ အသက်ရှူခြင်းတို့မှတစ်ဆင့် အနီးပတ်ဝန်းကျင် (၅)ပေခန့်၊ ချောင်းဆိုးသောအခါမှာ တစ်စက္ကန့်လျှင် (၃)ပေနှုန်း အရှိန်ဖြင့် (၆)ပေခွဲခန့်၊ နှာချေသောအခါမှာ တစ်စက္ကန့်လျှင် (၆)ပေနှုန်းနှင့် (၁၉)ပေခွဲခန့် အထိပျံ့နှံ့ရောက်ရှိနိုင်ပါတယ်။

 

• သူတို့ရဲ့ ကြီးမားသော အရွယ်အစားအရ လေထဲတွင် ကြာကြာနေနိုင်စွမ်းမရှိဘဲ အောက်သို့ကျကာ အရာဝတ္တုများ ပေါ်မှာ ကပ်တင်ကျန်နေနိုင်ပါတယ်။ ယင်းတို့ကို တိုက်ရိုက်ရှူသွင်းမိခြင်းဖြစ်စေ၊ ယင်းတို့ကပ်တင်ကျန်နေသော အရာဝတ္ထုများကို လက်ဖြင့် ကိုင်တွယ်မိပြီး မိမိနှာခေါင်း၊ ပါးစပ်၊ မျက်လုံးတို့ကို ထပ်မံကိုင်တွယ်မိခြင်းမှဖြစ်စေ COVID-19 ဝင်ရောက် ကူးစက်နိုင်ပါတယ်။

 

• ဒီအစက်အမှုန် (droplet nuclei) တွေရဲ့ အရွယ်အစားဟာ (5)µm ထက်နည်းပါးပါက လေထဲမှာ မိနစ်ပေါင်းများစွာ ကြာသည်အထိ လွင့်မျောပြီး ပျံ့နှံ့နေနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးရှိတဲ့သူ အခန်းတွင်းမှထွက်သွားပေမယ့် လေထဲတွင် လွင့်မျောကျန်ရှိနေသော ပိုးများကိုရှူရှိုက်မိသော အခန်းတွင်းရှိသူများထံသို့ COVID-19 ဗိုင်းရပ်စ်ပိုးဝင်ရောက် ကူးစက်နိုင်ပါတယ်။

 

• ကမ္ဘာကျန်းမာ‌ရေးအဖွဲ့ကြီးရဲ့ (၉-၇-၂၀၂၀) ရက်နေ့ ထုတ်ပြန်ချက်များအရ အဆောက်အဦအတွင်း အလုံပိတ်နေရာ၊ လေဝင်လေထွက်မကောင်းသောနေရာ၊ လူအုပ်စုများသောနေရာများတွင် COVID-19 ရောဂါပိုးရှိနေသူနှင့် အချိန်အတော်ကြာ အတူတကွနေထိုင်လုပ်ကိုင်ရာမှ COVID-19 ဗိုင်းရပ်စ်ပိုးသည် အနီးအနား ပတ်ဝန်းကျင်သို့ လေထဲလွင့်မျောပျံ့နှံ့ကူးစက်ခြင်းများ ဖြစ်ပွားနိုင်ပါသည်။

 

သို့ဖြစ်ပါ၍-

တတ်နိုင်သမျှ လူစုလူဝေးရှိရာ အထူးသဖြင့်အလုံပိတ်နှင့် လေဝင်လေထွက်မကောင်းသည့်အခန်းများ၊ အဆောက် အဦးများအတွင်းသို့ သွားရောက်ခြင်းနှင့် အလုံပိတ်ယာဉ်အသုံးပြုခြင်းကို မလိုအပ်ပဲ (လုံးဝ) မပြုလုပ်ကြပါရန်။

 

အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိမည့် နေရာများကို သွားရောက်သည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်။

 

တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှခပ်ခွာခွာနေထိုင်ကြပါရန်။ ဖြစ်နိုင်ပါကအနည်းဆုံး (၆)ပေအကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြပါရန်။

 

လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးများ ပျက်စီးစေရန် လက်ကို ဆပ်ပြာအသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြပါရန်။

 

#Ministry_of_Health_and_Sports, #MoHS, #Todays_Message, #ဒီနေ့အတွက်သိကောင်းစရာ