ဒီနေ့အတွက် သိကောင်းစရာ (၆၄)

(၂၀၂၀) ပြည့်နှစ်၊ သြဂုတ်လ (၂၈) ရက်

 

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ဖြစ်ပွားခဲ့ရင် ဘယ်လိုနောက်ဆက်တွဲရေရှည်ဆိုးကျိုးများ
ခံစားရနိုင်ပါသလဲ?

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူများအနက် ရောဂါ ပြင်းထန်စွာ ခံစားရသူများသည် ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုများခံယူရကာ အသက် သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူများတွင် နောက်ဆက်တွဲရေရှည်ဆိုးကျိုးများ အနေနှင့် -

(၁) နှလုံးကြွက်သားများထိခိုက်ပျက်စီးစေ၍ ရေရှည်တွင် နှလုံးကောင်းစွာအလုပ်မလုပ်နိုင်တော့ခြင်းနှင့် နှလုံးရောဂါအမျိုးမျိုး ခံစားလာရစေနိုင်ခြင်း၊

(၂) အဆုတ်အတွင်းရှိလေအိတ်ငယ်များကို ပျက်စီးစေ၍ အဆုတ်တွင်အမာရွတ်များကျန်ခဲ့ကာ နောက်ဆက်တွဲ အသက်ရှူရခက်ခဲခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများစွာ ဖြစ်ပွားစေနိုင်ခြင်း၊

(၃) အသက်ငယ်ရွယ်သူများတွင်ပင် ဦးနှောက်နှင့်အာရုံကြောစနစ်ကို ထိခိုက်၍ လေဖြတ်ရောဂါ၊ အတက် ရောဂါ၊ အကြောသေရောဂါ (Guillain-Barré syndrome) ဖြစ်ပွားစေခြင်း၊ ထို့အပြင် ခြေတုန်လက်တုန် ခြင်းဖြစ်ပွားသည့် (Parkinson) ရောဂါ၊ မှတ်ဉာဏ်ဆုံးရှုံးသည့် (Alzheimer) ရောဂါ စသည့် ရောဂါများ ဖြစ်ပွားနိုင်ခြေမြင့်တက်စေခြင်း၊

(၄) ခန္ဓာကိုယ်ရှိ သွေးကြောများအတွင်း သွေးခဲခြင်းများဖြစ်ပေါ်၍ ဦးနှောက်သွေးခဲခြင်း၊ နှလုံးသွေးကြော များပိတ်ခြင်း၊ ခြေထောက်သွေးပြန်ကြောများပိတ်ခြင်း (Deep Vein Thrombosis) တို့အပြင် အသည်းနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားစေနိုင်ခြင်း၊

(၅) ပိုးကင်းစင်၍ရောဂါလက္ခဏာများ ပြန်လည်သက်သာလာခဲ့သော်လည်း အထူးကြပ်မတ်ကုသဆောင် တွင် ကာလရှည်ကြာသီးခြားခွဲ၍ ကုသမှုခံယူရခြင်းကြောင့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်စိတ်များခြင်း စသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတို့ကို ခံစားရစေနိုင်ခြင်း၊

(၆) သက်ကြီးဘိုးဘွားများနှင့် ဆီးချိုရောဂါကဲ့သို့ နာတာရှည်ရောဂါရှိသူများတွင် အလွန်အမင်းမောပန်းခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း စသည့် ရောဂါလက္ခဏာများကို ပိုမိုပြင်းထန်စွာ ကာလရှည်ကြာခံစားရစေနိုင်ခြင်း၊

(၇) ဒါ့အပြင် လတ်တလောအနေနဲ့ မသိရှိရသေးတဲ့ နောက်ဆက်တွဲဆိုးကျိုးများစွာကိုလည်း ခံစားရစေနိုင် ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားလျှင် အထက်ဖော်ပြပါ နောက်ဆက်တွဲ ဆိုးကျိုးများစွာ ခံစားရနိုင်ပါသဖြင့် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။

 

#Ministry_of_Health_and_Sports