ဒီနေ့လို အားလပ်ရက် သုံးရက်ဆက်တိုက် ဖြစ်နေတဲ့နေ့မျိုးမှာ ဝင်ကြေးကို တစ်ဝက်ထိလျှော့ပေး ထားပါတယ်

နေပြည်တော် ၁၂ ဖေဖော်ဝါရီ

ကျောင်းပိတ်ရက်နှင့် ရုံးပိတ်ရက် သုံးရက်ဆက်တိုက်ဖြစ်နေသည့် ယခုလို ရုံးပိတ်ရက်များတွင် အမျိုးသား အထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်)သို့ လာရောက်လေ့လာကြသူများပြားခဲ့ရာ အမျိုးသား အထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်)မှ အထွေထွေမန်နေဂျာ ဦးစိုးနိုင်က ‘ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်နဲ့ အခုလို ပွင့်လင်းရာသီဆိုရင် အမျိုးသား အထိမ်းအမှတ် ဥယျာဉ်ကို လာရောက် အပန်းဖြေ လည်ပတ်တဲ့သူ များပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားတွေ တော်တော်များများ လာကြပါတယ်။ တစ်ရက်ကို လာရောက်လေ့လာတဲ့သူ အနည်းဆုံး ၉ဝဝ ကနေ ၁ဝဝဝ လောက်အထိ ရှိပါတယ်။

“အမျိုးသားအထိမ်းအမှတ်ဥယျာဉ် တစ်ခုလုံးမှာ လေ့လာစရာတွေ အများကြီးရှိပါတယ်။ ဥယျာဉ်ထဲမှာရှိတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တိုင်းမှာ တိုင်းရင်းသား ရိုးရာအိမ်တွေ၊ ရိုးရာအစားအစာ အရောင်းဆိုင်တွေနဲ့ ရိုးရာပစ္စည်း အရောင်းဆိုင်တွေလည်း ထည့်သွင်းတည်ဆောက် ထားပါတယ်။ တိုင်းရင်းသားတွေရဲ့ ရိုးရာအလိုက် အပန်းဖြေစရာနေရာတွေနဲ့ လေ့လာစရာနေရာတွေ အများကြီးရှိပါတယ်။

“ကလေးတွေအတွက် ကစားလို့ရမယ့် နေရာတွေလည်း အများကြီးရှိပါတယ်၊ နိုင်ငံ့ဝန်ထမ်း၊ ကျောင်းသား ကျောင်းသူတွေနဲ့ အဖွဲ့အစည်းအလိုက် လာတဲ့သူတွေကို ဥယျာဉ်ဝင်ကြေးအပါအဝင် အခြားလေ့လာစရာ နေရာတွေကိုလည်း ဈေးနှုန်းတွေ လျှော့ချပေးထားတာတွေ ရှိပါတယ်။

ဒီနေ့လို အားလပ်ရက် သုံးရက်ဆက်တိုက်ဖြစ်နေတဲ့နေ့မျိုးမှာ ဝင်ကြေးကို တစ်ဝက်ထိလျှော့ပေး ထားပါတယ်။ အခုလို ရုံးပိတ်ရက်ဆက် တိုက်မျိုးမှာ ဥယျာဉ်ကို လူဝင်တာ ပိုများပါတယ်။ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်ဟာ တစ်နိုင်ငံလုံးနဲ့ ပုံစံတူ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုး အားလုံးရဲ့ ရိုးရာအိမ်တွေ၊ နန်းတော်တွေ၊ ဘုရားစေတီတွေ ထည့်သွင်းတည်ဆောက်ထားတဲ့အတွက် အချိန်တိုအတွင်းမှာ တစ်နိုင်ငံလုံးကို ရောက်သွားသလို လေ့လာခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။