ဒို့တက္ကသိုလ်တွေ အဆင့်မြင့်ဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် ဂုဏ်ပြုဆောင်းပါး



ပါမောက္ခဒေါက်တာမြင့်သိန်း 
(မွေး/ရေ/ကျေးလက်)
“ဒုတိယအကြိမ်မြန်မာတက္ကသိုလ်များသုတေသန စာတမ်းဖတ်ပွဲ  ၂၀၂၀” ကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့မှ  ၂၇ ရက်နေ့အထိ ပညာရပ်နယ်ပယ် ၉ ရပ်ဖြင့်  အုပ်စု ခွဲပြီး ကျင်းပနိုင်ခဲ့ပါတယ်။   ပညာရပ်နယ်ပယ် ၉ ရပ်တို့မှာ (၁) သစ်တော၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်၊ (၂) ဝိဇ္ဇာပညာရပ်၊ (၃) စီးပွားရေးပညာရပ်၊ (၄) ကွန်ပျူတာ နည်းပညာရပ်၊ (၅) ဆရာအတတ်ပညာရပ်၊ (၆) အင်ဂျင် နီယာနှင့်နည်းပညာရပ်၊ (၇) ဘာသာ၊ ယဉ်ကျေးမှုနှင့် အနုပညာရပ်၊ (၈) ဆေးနှင့်နှီးနွှယ်ပညာရပ်၊ (၉) သိပ္ပံ ပညာရပ် စသည်တို့ ဖြစ်ကြပါတယ်။   ဒီနှစ်ကျင်းပတဲ့ တက္ကသိုလ်များသုတေသနစာတမ်းဖတ်ပွဲရဲ့ ဦးတည်ချက် ဆောင်ပုဒ်က “နိုင်ငံတော် သာယာဝပြောမှုကိုဦးတည် သော အရည်အသွေးရှိ သုတေသန” ဖြစ်ပါတယ်။ ကိုဗစ်-၁၉ အခက်အခဲကာလမှာ ကျန်းမာရေးညွှန်ကြားချက် စည်းမျဉ်းတွေနဲ့အညီ အင်တာနက်အသုံးပြုပြီး  ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် အခမ်းအနားဖွင့်ပွဲ၊ စာတမ်းဖတ်ပွဲ၊ အခမ်းအနား ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲတွေကို အောင်အောင် မြင်မြင် ဦးစီးပူးပေါင်းကျင်းပပေးသွားခဲ့ကြတဲ့ အမျိုးသား ပညာရေး မူဝါဒကော်မရှင်နဲ့ ပါမောက္ခချုပ်များ ကော်မတီ တို့ အတွက်လည်း ဂုဏ်ယူဖွယ်ဖြစ်ပါတယ်။ တက္ကသိုလ် တွေရဲ့ အရည်အသွေး အဆင့်မြင့်မားရေးတွင် သုတေသန တွေရဲ့ အခန်းကဏ္ဍသည်   ထိပ်တန်းမှပါဝင်ပေရာ မြန်မာတက္ကသိုလ်များ အဆင့်မြင့်မားရေးအတွက် ဤစာတမ်းဖတ်ပွဲများက  များစွာအထောက်အကူ   ဖြစ်စေမှာ သေချာပါတယ်။
မြန်မာတက္ကသိုလ်များရဲ့အဆင့်
ယခုနှစ် ၂၀၂၀ ပြည့်နှစ်က တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့နိုင်ငံရဲ့ ပထမဦးဆုံးသော တက္ကသိုလ်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့  နှစ် ၁၀၀ ပြည့် (Centennial Anniversary) နဲ့တိုက်ဆိုင်တဲ့ အခါသမယ ဖြစ်တာ ကြောင့် ရန်ကုန်တက္ကသိုလ်အပါအဝင်  ကျွန်တော်တို့ မြန်မာတက္ကသိုလ်တွေအားလုံးရဲ့ တိုးတက်ရာတိုးတက် ကြောင်း အားစိုက်ကြိုးပမ်းရမယ့် မင်္ဂလာအခါသမယ လည်း ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်အတိတ်က ရွှေထီးဆောင်းခဲ့တာကို လွမ်းဆွတ်ဂုဏ်ယူရင်း အနာ ဂတ်မှာလည်း ရွှေထီးဆောင်းတဲ့အဆင့်မှာ ရပ်တည် နေနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဖို့တာဝန်က ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ပါ။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂  ရက်နေ့ကကျင်းပတဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဖွင့်ပွဲအခမ်း အနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မြွက်ကြားခဲ့သော ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေဟာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်ပါ တယ်။ ရန်ကုန်တက္ကသိုလ်က ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တက္ကသိုလ်တွေကြားမှာ ၂၀၁၆ ခုနှစ်က အဆင့် ၁၃၀၇၂ မှာသာ ရပ်တည်နိုင်ခဲ့ရာမှ ၂၀၁၇ ခုနှစ်မှာ အဆင့် ၉၆၁၉၊ ၂၀၁၈ ခုနှစ်မှာ အဆင့် ၈၇၂၆၊ ၂၀၁၉ ခုနှစ်မှာ အဆင့် ၇၂၂၁ အထိ တိုးတက်လာခဲ့ပါတယ်တဲ့။ ဒီဆောင်းပါးရေးနေစဉ် လက်ရှိအဆင့်ကို သိချင်တဲ့အတွက် အင်တာနက်မှာ ရှာကြည့်တဲ့အခါ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ ရပ်တည် နေတဲ့ အဆင့်က ၇၀၉၁ ပါ။ အချိန်ကာလ လေးနှစ်တာ ကာလတိုအတွင်းမှာ အဆင့် ၁၃၀၀၀ ကျော်ကနေ အဆင့် ၇၀၀၀  ကျော်အထိ အဆင့်ပေါင်းများစွာ ကျော်တက်လာ နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းပေးခဲ့ကြတဲ့ တာဝန်ရှိသူတွေ၊ တာဝန်ယူခဲ့သူတွေ အားလုံးကို ဒီဆောင်ပါးကတစ်ဆင့် လေးစားစွာဂုဏ်ပြုအပ်ပါတယ်။ တစ်ဆက်တစ်စပ်တည်း ကျွန်တော်တို့နိုင်ငံမှာ တက္ကသိုလ်ပေါင်း ၁၃၆ ခုရှိတဲ့အနက် အဆင့်အကောင်းဆုံး ၁၅ ခုရဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ရပ်တည်မှု အခြေအနေကိုလည်း နမူနာအနေနဲ့ ဇယား ၁ မှာလေ့လာကြည့်ကြရအောင်ပါ။ CSIC, Ranking Web: July 2020 Edition မှာ မြန်မာနိုင်ငံ တက္ကသိုလ်ပေါင်း ၈၃ ခုနဲ့ ကမ္ဘာအရပ်ရပ်က တက္ကသိုလ်ပေါင်း ၃၀၅၆၇ ခုကို ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။
တက္ကသိုလ်အဆင့်သတ်မှတ်ထုတ်ပြန်ကြသည့်  အဖွဲ့အစည်းများတစ်ကမ္ဘာလုံးက တက္ကသိုလ်တွေကို အကဲဖြတ်တဲ့ အဖွဲ့အစည်းတွေထဲမှာ အောက်ပါအဖွဲ့ လေးဖွဲ့ကို ဩဇာ အရှိဆုံး၊ တော်တဲ့မှန်ကန်မှုအရှိဆုံးလို့ ပညာရှင်အများက လက်ခံအသုံးပြုနေကြတာ တွေ့ရပါတယ် -
(၁)  Shanghai Ranking သို့မဟုတ်  Academic Ranking World Universities (ARWU) – Shanghai Jiao Tong University (China) ကစုစည်းထုတ်ပြန်သောစာရင်း ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်ကတည်းက နှစ်စဉ်ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။ 
(၂) QS World University Rankings - Quacquarelli Symonds Limited (UK) က Time Higher Education (THE) နဲ့ ပူးပေါင်းပြီး ၂၀၀၄ ခုနှစ်ကတည်းက University Rankings တွေကို နှစ်စဉ်ထုတ်ပြန်ခဲ့ကြပါတယ်။ ၂၀၁၀ ပြည့်နှစ်ကစပြီး ကိုယ်ပိုင်အမှတ်ပေးနည်းစနစ်များ အသုံးပြုကာ သီးခြားစီထုတ်ပြန်ခဲ့ကြပါတယ်။ 
(၃) Time Higher Education (THE) World University Rankings – Inflexion Pvt. Equity Partners LLP Co (UK) က Time Higher Education World University Rankings ဆိုပြီး နှစ်စဉ်ထုတ်ပြန်လျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကမ္ဘာကျော် Elsevier Publishing (Netherlands) နဲ့ပူးပေါင်းမိတဲ့အတွက် ဩဇာပိုမိုတက်ခဲ့ပါတယ်။ Elsevier Publishing က သုတေသနပညာရပ်ဆိုင်ရာ နာမည်ကြီး ဂျာနယ်ပေါင်း ၂၅၀၀ ခန့် နှစ်စဉ်ထုတ်ဝေနေသူ ဖြစ်တာ ကြောင့် သုတေသနစာတမ်းတွေနဲ့ ကျမ်းကိုးစာရင်းတွေကို ရရှိနိုင်တဲ့အတွက် အမှတ်ပေးတွက်ချက်ရာမှာ ပိုမိုပြည့်စုံ လာခဲ့ပါတယ်။
(၄) CSIC World University Rankings (Consejo Superior de Investigaciones Cientificas- Spanish National Research Council) - စပိန်နိုင်ငံအမျိုးသား သုတေသနကောင်စီအဖွဲ့အစည်းက    တစ်နှစ်ကိုနှစ်ကြိမ် ပြုစုထုတ်ပြန်တဲ့  တက္ကသိုလ်အဆင့်များစာရင်းဖြစ်ပါ  တယ်။ နှစ်စဇန်နဝါရီလမှာ တစ်ကြိမ်၊ နှစ်လယ် ဇူလိုင်လမှာ တစ်ကြိမ် တွက်ချက်ပြုစုထုတ်ပြန်ပါတယ်။
အမှတ်ပေးတွက်ချက်သောနည်းစနစ်များ
အဆင့်သတ်မှတ်တဲ့   အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု အမှတ်ပေးစည်းမျဉ်း ထပ်တူမကျတာကြောင့် ထုတ်ပြန်တဲ့ အဖွဲ့အသီးသီးကသတ်မှတ်တဲ့  မိမိတို့ရဲ့တက္ကသိုလ်ရဲ့ အဆင့်က အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ ဥပမာအားဖြင့် ဟားဗတ်တက္ကသိုလ်ရဲ့ အဆင့်သတ်မှတ်ခံရမှုကို ကြည့်မယ် ဆိုရင် Shanghai နဲ့ CSIC  နှစ်ဖွဲ့က ကမ္ဘာ့အဆင့် (၁)စီ ပေးထားကြပြီး  QS နဲ့ THE  က အဆင့် (၃)နဲ့ အဆင့် (၇) အသီးသီးပေးထားကြတာကို တွေ့ရပါတယ်။ တစ်ဖွဲ့ နဲ့တစ်ဖွဲ့ အမှတ်ပေးစည်းမျဉ်းတွေက များစွာမကွာခြား ကြပေမယ့် ထပ်တူမဟုတ်ကြလို့ အနည်းငယ်အဆင့် ကွာခြားမှုတော့ တွေ့ရတာဖြစ်ပါတယ်။ နမူနာအနေနဲ့ QS စနစ်ကို အကြမ်းဖျင်း ဖော်ပြရရင် အောက်ပါအတိုင်း တွေ့ရပါတယ် -
(၁) ပညာရေးအဆင့်အတန်းဂုဏ်သတင်း - ကျောင်းသားဟောင်းတွေထဲက ထူးချွန်သူတွေ ဘယ် လောက်ထွက်တယ်ဆိုတာမျိုးက အမှတ်ပေးစည်းမျဉ်း ထဲက  အရေးကြီးတဲ့အချက်တစ်ခုပါ။ နိုဘယ်လ်ဆု လိုမျိုး၊ နိုင်ငံတကာ ထူးချွန်ဆုလိုမျိုးတွေက နမူနာပါ။ ဥပမာအားဖြင့် ၂၀၁၉ ခုနှစ် ဧပြီလက ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ 47th International Exhibition of Invention of Geneva မှာ University of Hong Kong က ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် ငါးခု ဆွတ်ခူးနိုင်ခဲ့တာဟာ သူတို့ တက္ကသိုလ်ရဲ့ အဆင့်မြင့်တက်စေရေး  အမှတ်ပေးရာမှာ အကျိုးပြုမှာပါ။ မိမိတက္ကသိုလ်က ဘွဲ့ရတွေဟာ ပညာ ရည်ပြည့်ဝတယ်၊   လူမှုဆက်ဆံရေးကောင်းတယ်၊  ယဉ်ကျေးတယ်၊ အမြော်အမြင် ရှိတယ်၊ စာရိတ္တမြင့်မား တယ် စတဲ့ လေ့ကျင့်သင်ကြားမှုတွေရဲ့ နာမည်ကောင်း ခြင်း ဂုဏ်သတင်းတွေက တက္ကသိုလ်ရရှိမယ့် အမှတ် တွေကို မြင့်တက်စေမှာပါ။ ကမ္ဘာ့အဆင့်၊ အာရှအဆင့်၊ အာဆီယံအဆင့်၊  ပြည်တွင်းအဆင့် တာဝန်ကြီးကြီး မားမား ထမ်းဆောင်သူတွေ မွေးထုတ်ပေးနိုင်တာနဲ့အမျှ ပညာရေးအဆင့်အတန်းနဲ့ပတ်သက်တဲ့ ဂုဏ်သတင်း တွေကလည်း မြင့်တက်လာမှာပါ။ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဝါရင့်ပညာရှင်ပေါင်း တစ်သောင်းကျော်ဆီက အကဲဖြတ်မှုအပေါ်အခြေခံပြီး အမှတ်ပေးထားတာဖြစ်လို့ မှန်ကန်ဖို့များပါတယ်။ QS စနစ်က ဆုဆွတ်ခူးမှုအပြင် အခြားအချက်တွေပါ    ထည့်သွင်းတွက်ချက်ပြီး အမှတ် စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းအထိထည့်သွင်း  တွက်ချက်ပေး တာကြောင့် ပညာရေးအဆင့်အတန်း ဂုဏ်သတင်းက တက္ကသိုလ်အဆင့်ကောင်းကောင်း ရောက်ရှိရေးအတွက် အရေးပါပါတယ်။ (ထူးချွန်ဆု ဆွတ်ခူးနိုင်မှုများအတွက် Shanghai စနစ်မှာ ကျောင်းသားဟောင်းဆိုပါက ၁၀ ရာခိုင်နှုန်းအထိ၊ လက်ရှိဆရာများဆိုပါက ၂၀ ရာခိုင်နှုန်း အထိ ခွဲခြားပေးတာတွေ့ရပါတယ်)   
 (၂) အလုပ်ရှင်များ၏နှစ်သက်မှုဂုဏ်သတင်း - အလုပ်ရှင်တွေကတော့      အလုပ်ခန့်ထားပေးတဲ့နေ့ ကတည်းက ရာနှုန်းပြည့်အရည်အချင်းရှိသူကိုသာ လိုချင် ကြတာချည်းပါပဲ။ ဘွဲ့နဲ့ထိုက်တန်တဲ့ ပညာရှိရုံနဲ့ ကျေနပ် နှစ်သက်ကြမှာမဟုတ်ပါဘူး။ အလုပ်ကိုလေးစားတာ၊ အလုပ်ခွင်စည်းကမ်းလိုက်နာတာ၊ အများနဲ့လိုက်လျောညီထွေနေထိုင်ပြောဆိုဆက်ဆံတတ်တာ၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်းတတ်တာ၊  ကွပ်ကဲမှုအနည်းဆုံးနဲ့ အကောင်းဆုံးရလဒ်ရအောင် စွမ်းဆောင်နိုင်တာ၊ စေ့စပ် သေချာတာ စသည်ဖြင့် အလုပ်ရှင်စိတ်ကြိုက်ဘွဲ့ရတွေကို မွေးထုတ်နိုင်စွမ်းရှိတဲ့ တက္ကသိုလ်တွေကတော့ အလုပ်ရှင် တွေနဲ့ပတ်သက်တဲ့ရမှတ်များကို    ထိုက်တန်သလို အကဲဖြတ်ရမှတ်တွေ ရရှိကြမှာ ဖြစ်ပါတယ်။ အမှတ် စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းအထိက ဒီအချက်စီမှ ရနိုင်မှာ ဖြစ်ပါတယ်။
(၃) ဆရာနှင့်  ကျောင်းသားအချိုး - ဆရာနဲ့ ကျောင်းသားအချိုးက ကျဉ်းလေအမှတ်ပိုရလေ အဆင့် ပိုကောင်းလေပါပဲ။  ဘာသာရပ်သဘောသဘာဝအရ ဆေးတက္ကသိုလ်တွေက       အချိုးအစားပိုကောင်း ကြတာများပါတယ်။ Nippon Medical School (Japan), Jikei University School of Medicine (Japan), St Mariana University School of Medicine (Japan), Oregon Health and Science University (US) တို့မှာ ဆရာနဲ့ကျောင်းသားအချိုးက 1:1 လောက်နဲ့အကောင်း ဆုံးအချိုးကို   ပိုင်ဆိုင်ကြပါတယ်။    အမေရိကန်လို ထိပ်တန်းတိုးတက်တဲ့  နိုင်ငံမျိုးမှာတောင်  ပြည်တွင်း အဆင့် ၁ က အဆင့်  ၃၁၀ အတွင်းဝင်တဲ့ တက္ကသိုလ် တွေရဲ့ ပျမ်းမျှဆရာနဲ့ကျောင်းသားအချိုးက 1:16 လောက် ရှိပါတယ်။ လွန်ခဲ့တဲ့  ၁၄ နှစ်လောက်က ကျင်းပတဲ့ အာရှ တိရစ္ဆာန်   ဆေးကုတက္ကသိုလ်များအသင်း   (Asian Association of Veterinary Schools-AAVS) အစည်း အဝေးမှာ သင်ကြားမှုထိရောက်ရေး ဆရာနဲ့ကျောင်းသား အချိုးကို 1:8 ဝန်းကျင်မှာထိန်းကြဖို့ စံနှုန်းသတ်မှတ် အကြံပြုခဲ့ကြပါတယ်။ သတ်မှတ်အကြံပြုချက်စံနှုန်း နီးပါး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှာ ဆရာ ၁၀၀ ခန့်၊ ကျောင်းသား ၁၀၀၀ ခန့်ရှိတဲ့အတွက် 1:10 ခန့်မှာ ရှိနေပါတယ်။ အဆိုပါတက္ကသိုလ်မှာ သီတင်းပတ်တိုင်း ခြောက်ချိန်ကို ပြင်ပပညာရှင်၊ လုပ်ငန်းရှင်နဲ့ ဧည့်ပါမောက္ခ တွေက လာရောက်ပို့ချတာဖြစ်လို့ ၎င်းဆရာတွေကိုပါ ထည့်တွက်ရင်  အချိုးက 1:9 ခန့်လို့   ခန့်မှန်းတွက်ချက် နိုင်ပါတယ်။   ဘာသာရပ်သဘောသဘာဝအရ  အချို့ တက္ကသိုလ်တွေမှာ လိုအပ်တဲ့အချိုးက  ဒီထက်ကြီးတာ ငယ်တာ ရှိနိုင်ပါတယ်။ QS စနစ်မှာ ဒီအချက်အတွက် ရနိုင်မယ့် အမှတ်ခွဲတမ်းက ၂၀ ရာခိုင်နှုန်းပါ။
(၄) သုတေသနစာတမ်းများနှင့် နိုင်ငံတကာမှ ကိုးကားမှုနှုန်းထား - ဆရာတွေရဲ့သုတေသနစာတမ်း အရေအတွက်၊ သုတေသနရဲ့အကျိုးရလဒ်၊ ကမ္ဘာတစ်ဝန်း ပညာရှင်တွေက အဆိုပါဆရာတွေရဲ့ စာတမ်းကို ကိုးကားမှု အရေအတွက် စတဲ့အချက်တွေပေါ်မှာ မူတည်ပြီးပေးတဲ့အမှတ်ခွဲတမ်းကလည်း ၂၀ ရာခိုင်နှုန်းပါပဲ။ ၂၀၂၀ ပြည့်နှစ် အတွက် အမှတ်ပေးရန် ၂၀၁၄ မှ၂၀၁၈ အထိ နှစ်နှစ်စာ သုတေသနစာတမ်းတွေကို   အရင်းခံစာရင်းပြုပါတယ်။ အဆိုပါစာတမ်းတွေကို   အခြားပညာရှင်အရေအတွက် မည်မျှလောက်က ရည်ညွှန်းကိုးကားကြသလဲဆိုတာကို ၂၀၁၄ မှ ၂၀၁၉ အထိ ခြောက်နှစ်စာ ရှာဖွေတွက်ချက်ပေးတာ ဖြစ်ပါတယ်။ 
(၅) နိုင်ငံတကာဆရာများနဲ့ နိုင်ငံတကာ ကျောင်းသား များ - နိုင်ငံတကာကဆရာတွေကို ခန့်ထားနိုင်ခြင်းနဲ့ နိုင်ငံတကာကကျောင်းသားတွေ လာရောက်ပညာသင်ယူနေကြမှုရှိခြင်းတွေက နိုင်ငံစုံလူမှုပတ်ဝန်းကျင်ကိုဖြစ်ထွန်း စေပါတယ်။ ယဉ်ကျေးမှု၊ အလေ့အထ၊ အတွေးအခေါ်၊ ယုံကြည်မှုတွေ ဖလှယ်ရာတက္ကသိုလ်အဖြစ် နိုင်ငံတကာတံဆိပ်ခတ်နှိပ်နိုင်ခြင်းကလည်း အားသာချက်တစ်ရပ်ပါ။ နိုင်ငံတကာဆရာတွေ အလုပ်လုပ်နေကြခြင်းအတွက် စုစုပေါင်းရမှတ်ရဲ့  ငါးရာခိုင်နှုန်းအထိ ရရှိနိုင်ပြီး  နိုင်ငံတကာ ကျောင်းသားတွေရှိနေကြခြင်းကလည်း နောက်ထပ် ငါး ရာခိုင်နှုန်းအထိ ထပ်မံရရှိနိုင်မှာဖြစ်ပါတယ်။
နိဂုံး
တက္ကသိုလ်တွေရဲ့ အဓိကတာဝန်နှစ်ရပ်မှာ သင်ကြား ရေးနှင့် သုတေသနလို့သာ ဆိုကြသော်လည်း အလေးထား ဖော်ပြထားခြင်းမရှိသော     အလွန်အရေးပါလှသည့် အခြားဆောင်ရွက်ဖွယ်  များစွာရှိပါသေးတယ်။   စာပေ၊ အနုပညာ၊ ဘာသာသာသနာ၊ နိုင်ငံရေး၊ အားကစားစတဲ့ ဝါသနာတူရာစု အသင်းအဖွဲ့တွေမှတစ်ဆင့် ထူးချွန်သူတွေမွေးထုတ်ပေးဖို့ကလည်း   တက္ကသိုလ်ရဲ့   အရေးပါတဲ့ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်ပါတယ်။ တက္ကသိုလ်အဆင့် သတ်မှတ်တဲ့အဖွဲ့တွေရဲ့ ဖော်ပြခဲ့တဲ့ အဓိကအချက်ကြီးတွေ အောက်မှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဘွဲ့ရဖို့ ငွေကြေးသုံးစွဲမှုပမာဏ၊      သုတေသနတွေအတွက် ငွေကြေးသုံးစွဲမှုပမာဏ၊ ပညာသင်ကြားမှု အထောက် အကူပြုပစ္စည်းတွေ  ခေတ်မီပြည့်စုံမှု၊ ကျောင်းသား ကျောင်းသူ  အိပ်ဆောင်တွေပံပိုးနိုင်မှု၊ အားကစားကွင်း အားကစားရုံနဲ့ အပန်းဖြေနားနေစရာနေရာတွေ ပံ့ပိုးနိုင် မှုတွေအပေါ်မှာလည်း ထည့်သွင်းအမှတ်ပေးမှုတွေရှိတဲ့အတွက် အဆိုပါ အချက်တွေမှလည်း အမှတ်တွေရရှိနိုင်ဖို့ လိုအပ်ပါတယ်။
နိုင်ငံတော်က ပညာရေးရန်ပုံငွေတွေ သိသိသာသာ တိုးမြှင့်ချထားပေးလာတာကလည်း  တက္ကသိုလ်တွေ အတွက်  အားတက်ဖွယ်ဖြစ်ပါတယ်။   မြန်မာနိုင်ငံ တက္ကသိုလ်တွေအနေနဲ့  နိုင်ငံတကာတက္ကသိုလ်တွေ အကြား သိသိသာသာ အဆင့်မြှင့်သတ်မှတ်ခံလာရတဲ့ အတွက်   လမ်းကြောင်းမှန်ပေါ်ကိုရောက်လာပြီလို့ ယုံကြည်ရပါတယ်။ ရရှိထားတဲ့အောင်မြင်မှုအရှိန်အဟုန် ကို ထိန်းသိမ်းထားကြရပါမယ်။     မိမိတက္ကသိုလ်ရဲ့ အရည်အသွေး၊   အရည်အချင်းကို  မြင့်တက်အောင် အစဉ်ကြံဆောင်နေခြင်းအားဖြင့်  တက္ကသိုလ်အတွက် အမှတ်တွေပိုမိုရရှိလာကာ တက္ကသိုလ်ကမ္ဘာ့အဆင့်က တရွေ့ရွေ့မြင့်တက်လာမှာ ဖြစ်ပါတယ်။ မိမိတို့တက္ကသိုလ် ကို အကဲဖြတ်အမှတ်ပေးနေသူတွေက သိရှိအမှတ်ပေး နိုင်စေဖို့ တက္ကသိုလ်အရည်အသွေးမြင့်တက်လာတာကို မီဒီယာတွေမှတစ်ဆင့်   တိုးတက်မှုတွေကို   အချိန်နဲ့ တစ်ပြေးညီ အသိပေးနေဖို့လည်း လိုအပ်ပါတယ်။ 
သတင်းစာ၊   ဂျာနယ်၊  တက္ကသိုလ် website, facebook တွေကတစ်ဆင့်   တက္ကသိုလ်ဂုဏ်သတင်း မြင့်မားစေမယ့်   သတင်းအချက်အလက်တွေ  ပြုစု တင်ပြနေကြဖို့လည်း တိုက်တွန်းလိုပါတယ်။ “ရေမြင့်ရင် ကြာတင့်မယ်” ဆိုရိုးအတိုင်း တက္ကသိုလ် အဆင့်မြင့် လာတာနဲ့အမျှ ဆရာဆရာမတွေနဲ့ ဘွဲ့ရမောင်မယ်တွေရဲ့ အရည်အသွေးကလည်း ပိုမိုတောက်ပြောင်လာကြမှာ   ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် အဖြစ်   တက္ကသိုလ်ပေါင်းစုံက   ပူးပေါင်းပါဝင်လျက် ဘာသာရပ်ဆိုင်ရာ သုသေနစာတမ်းဖတ်ပွဲတွေကိုလည်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပတော့မယ်လို့ ကြားသိရပါတယ်။ အဆိုပါ စာတမ်းဖတ်ပွဲတွေကလည်း ရန်ကုန်တက္ကသိုလ်နဲ့ တကွ မြန်မာ့တက္ကသိုလ်တွေရဲ့ အရည်အသွေးနဲ့ ပုံရိပ်ကို မြင့်တက်စေမယ့်    လှုပ်ရှားမှုတစ်စိတ်တစ်ဒေသလို့ ယုံကြည်မိပါကြောင်းတင်ပြရင်း   ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အား ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။        ။

ကြေးမုံ