ဒက္ခိဏခရိုင်တွင် နွေးစပါးများကို သတ်မှတ်လျာထားချက်ထက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ

နေပြည်တော်  ၂၉  ဧပြီ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်အတွင်းရှိ ပျဉ်းမနား၊ လယ်ဝေး၊ ဒက္ခိဏသီရိနှင့် ဇမ္ဗူသီရိမြို့နယ်များအနေဖြင့် ၂၀၁၉-၂၀၂၀ နွေစပါးစိုက်ပျိုးမှုတွင် မြို့နယ်များအလိုက် သတ်မှတ်လျာထား ချက်ထက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာမှ နွေစပါးစိုက်တောင်သူ ဦးတင်ညွန့် က “နွေစပါးက အထွက်နှုန်း ကောင်းတယ်၊ သေချာတယ်၊ မိုးစပါးတစ်ဧကကို စပါး(၈၀)ဝန်းကျင်ပဲထွက်တာ၊ နွေစပါးက တစ်ဧက တင်း(၁၀၀)ကျော် ထွက်တယ်၊ စပါးကောင်းရင် ကောင်းသလို တင်း(၁၂၀)ထိ ထွက်တဲ့စပါးမျိုးတွေလည်း ရှိတယ်၊ လယ်လုပ်သား ငှားရတာတော့ အခက်အခဲဖြစ်တာလေးတွေ ရှိပါတယ်၊ လက်ရှိ နွေစပါး(၉)ဧကစိုက်ပျိုးထားပြီး စပါးပေါ်ချိန် ဈေးကောင်းရဖို့ကိုပဲ မျှော်လင့်နေပါတယ်” ဟု ပြောသည်။

 

ဒက္ခိဏသီရိမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာတွင် မျိုးကွဲများအလိုက် ရွှေသွယ်ရင်၊ ပုလဲသွယ်၊ မနောသုခ၊ ဆင်းသုခ၊ ထိုင်းကောက်၊ စူပါနှံကောက်၊ ရွှေတိုး၊ ပခမ်းရွှေဝါ စသည်ဖြင့် အသီးသီးစိုက်ပျိုးကြသည်။ 

 

မြို့နယ်အ¬လိုက် နွေစပါးစိုက်ပျိုးမှုအနေဖြင့် လယ်ဝေးမြို့နယ်တွင် (၁၀၈၁၇)ဧက၊ ပျဉ်းမနားမြို့နယ်တွင် (၁၂၁၈)ဧက၊ ဒက္ခိဏသီရိမြို့နယ်တွင် (၁၉၇၁)ဧကနှင့် ဇမ္ဗူသီရိမြို့နယ်တွင် (၅၈၀)ဧကကို စိုက်ပျိုးနိုင်ခဲ့ရာ ဒက္ခိဏခရိုင်အနေဖြင့် စုစုပေါင်း နွေစပါး (၁၄၅၈၆) ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)