ဒလမြို့နယ်တွင် သဘာဝဘေးဒဏ်ခံ အဆောက်အဦတစ်ခု တည်ဆောက်မည်

ဒလ၊   ၂၃  ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ်တွင် သဘာဝဘေးဒဏ်ခံ အဆောက်အဦတစ်ခု မကြာမီ တည်ဆောက်တော့မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သဘာဝဘေးဒဏ်ခံအဆောက်အဦ(Cyclone Shutter)အား အံ့ကြီးအနောက်ရပ်ကွက်တွင် တည်ဆောက်မည်ဖြစ်ပြီး ငွေကျပ်သိန်းပေါင်း ၂၄၀ဝ၀ဝ ကုန်ကျမည်ဖြစ်ကာ သုံးထပ်အဆောက်အဦ ဖြစ်ကြောင်းလည်း သိရသည်။ အဆောက်အဦတွင် သဘာဝဘေးဖြစ်ပေါ်ပါက သဘာဝဘေးဒဏ်ခံ ပြည်သူများ ခိုနားရန်နေရာ၊ ဆေးကုသရန်နေရာ၊ နှစ်သိမ့်ဆွေးနွေးရန်နေရာနှင့် ပစ္စည်းထားသိုရန် နေရာများ ပါရှိမည်ဖြစ်သည်။

 

ကျွန်တော်တို့ရပ်ကွက်မှာ လူဦးရေ တစ်ထောင်ကျော်ဆံ့ သဘာဝဘေးဒဏ်ခံ အဆောက်အဦတစ်လုံး ဆောက်မယ်လို့တော့ သိတယ်။ လူဦးရေ(၁၂၀ဝ) ဆံ့ပေါ့။ ပြီးခဲ့တဲ့ရက်ကတော့ တာဝန်ရှိသူတွေ မြေနေရာလာကြည့်ကြတယ် ဟု အံ့ကြီးအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က  ပြောသည်။

 

ဒလမြို့နယ်သည် ၂၀ဝ၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်အား ခံစားခဲ့ရပြီး နေအိမ် အဆောက်အဦများ ပျက်စီးခြင်း၊ သစ်ပင်များ၊ လျှပ်စစ်ဓာတ်တိုင်များ ကျိုးကျခြင်းများရှိခဲ့သော်လည်း ရေကြီး ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။ ဒလမြို့နယ်နေ ပြည်သူများအနေဖြင့် ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မီးလောင်ခြင်း စသည်တို့ ဖြစ်ပေါ်တွေ့ကြုံခဲ့ပါက ပြန်လည်တုံ့ပြန်ရင်ဆိုင်နိုင်ရန် မြို့နယ်ကြက်ခြေနီအသင်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ အရပ်ဖက် အဖွဲ့အစည်းများ ပူးပေါင်း၍ သဘာဝဘေးဒဏ်တုံ့ပြန်ရေး အသိပညာပေးခြင်း၊ သဏ္ဍန်တူလေ့ကျင့် ဇာတ်တိုက်ခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။

 

ကျွန်တော်တို့ ရပ်ကွက်(၅)ရပ်ကွက်နဲ့ ကျေးရွာ(၅)မှာ သဘာဝဘေးဒဏ် ပြန်လည်တုံ့ပြန်နိုင်ရေး လေ့ကျင်မှုတွေ၊ ပညာပေးမှုတွေ ပြုလုပ်ထားတယ်။ သဘာဝဘေးတစ်ခုခုနဲ့ တွေ့ကြုံခဲ့ရင် စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး အသက်ဘေးက ကင်းလွတ်ဖို့ ပြုမူဆောင်ရွက်ရမှာတွေကို အသိပညာ တွေပေးထားသလို လေ့ကျင့်မူတွေလည်း ပြုလုပ်ထားတယ် ဟု မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

 

သဘာဝ ဘေးဒဏ်ခံ အဆောက်အဦတစ်ခု  လာမယ့် ဇန်နဝါရီလမှာ စပြီးဆောက်ပါမယ်။ သဘာဝ ဘေးတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရင် ပြည်သူတွေ ခိုနားနိုင်ဖို့ပါ ဟု မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်က ပြောသည်။

 

မောင်ယဉ်ဦး