ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ၁၆ သြဂုတ် 


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် (၅)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြန်လည် ရှင်းလင်းဖြေကြားသည်။


ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ စောယှားဖောင်အွာ၏ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဘုရားသုံးဆူမြို့နှင့် ကျိုက်ဒုံမြို့တို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်ဓာတ်အား လိုင်းများ အပြီးသတ် သွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် လက်ရှိလျှပ်စစ်ဓာတ်အား ရောက်ရှိနေပြီဖြစ်သော ကော့ကရိတ်မြို့မှ ကြာအင်းဆိပ်ကြီးမြို့သို့ ၆၆ ကေဗွီဓာတ်အားလိုင်း ၄၄ မိုင်နှင့် ကြာအင်း ဆိပ်ကြီးမြို့တွင် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံအား ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ဆောင်ရွက်လျက် ရှိပါကြောင်း။


ဘုရားသုံးဆူမြို့ကို ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရန်အတွက် လက်ရှိ တည်ဆောက်နေဆဲ ဖြစ်သည့် ၆၆ ကေဗွီ ကြာအင်းဆိပ်ကြီး ဓာတ်အားခွဲရုံမှတစ်ဆင့် ကိုဒူကွဲကျေးရွာသို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၃၉ မိုင်နှင့် ကိုဒူကွဲကျေးရွာတွင် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁) ရုံတည်ဆောက်ခြင်း၊ ၆၆ ကေဗွီ ကိုဒူကွဲ ဓာတ်အားခွဲရုံမှတစ်ဆင့် ဘုရားသုံးဆူမြို့သို့ ၆၆ကေဗွီ ဓာတ်အားလိုင်း ၂၆ မိုင်တည်ဆောက်ခြင်း၊ ဘုရားသုံးဆူမြို့တွင် ၆၆/၁၁ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁) ရုံတည်ဆောက်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားရ မည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများ ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် စီမံလျာထားပြီး ဘဏ္ဍာငွေခွင့်ပြုချက်ရရှိပါက တည်ဆောက်ပေးသွား မည် ဖြစ်ပါကြောင်း။


ထို့ပြင် ကျိုက်ဒုံမြို့ကို နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့်  ဆောင်ရွက်ရန် လျာထားသည့် ကော့ကရိတ်မြို့နယ်၊ ကိုးတိုင် ၆၆ ကေဗွီဓာတ်အားခွဲရုံမှတစ်ဆင့် ကျိုက်ဒုံမြို့သို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း နောက်ထပ် ၄၄ မိုင်နှင့် ကျိုက်ဒုံမြို့တွင် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁) ရုံ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေတွင် ဆောင်ရွက်ရန် စီမံချက် ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေရရှိပါက ဆက်လက်တည်ဆောက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။


ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄) မှ ဒေါ်နန်းမိုးမိုးထွေး၏ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ ရှမ်းရွာသစ်မြို့သို့ မဟာဓာတ်အားလိုင်း သွယ်တန်းပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း ၍ ဒုတိယဝန်ကြီးက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရှမ်းရွာသစ်ကျေးရွာအား နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်  လှိုင်းဘွဲ့မြို့တွင်ရှိသည့် ၆၆/၃၃ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံကို ထပ်မံတိုးချဲ့တည်ဆောက်ပြီး လှိုင်းဘွဲ့မှတဆင့် ရှမ်းရွာသစ်သို့ ၃၃ ကေဗွီ လိုင်း ၂၇ မိုင် တည်ဆောက်၍ ရှမ်းရွာသစ်မြို့တွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ  ဓာတ်အားခွဲရုံ (၁) ရုံ တည်ဆောက်မှသာ နည်းပညာအရ သင့်တော်မှန်ကန်သည့် ဆောင်ရွက်မှုတစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် စီစဉ်လျာထားရေးဆွဲပြီး ဘဏ္ဍာငွေ ခွင့်ပြုချက် ရရှိသည့်အခါတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၄) မှ ဦးဇုန်လှယ်ထန်း၏ ၂၀၃၀ ပြည့်နှစ်တွင် တစ်ပြည်လုံး မီးလင်းရေး ရည်မှန်းချက်နှင့်အညီ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာများအားလုံး လျှပ်စစ်မီးရရှိနိုင်ရေး နှစ်အလိုက် မည်ကဲ့သို့ စီမံကိန်း ရေးဆွဲထားသည်ကို သိရှိလိုခြင်း မေးခွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဦးကိုကိုနိုင်၏ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း (Clean Coal) နည်းပညာကို အသုံးပြု၍ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ အကောင်အထည်ဖော် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ နော်လှလှစိုး၏ လျှပ်စစ်ဝန်ထမ်းများ လုပ်ငန်းခွင် မတော်တဆ ထိခိုက်နစ်နာ အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်ရေးအတွက် ကြိုတင်ကာကွယ်မှုများ၊ အကာအကွယ်ပစ္စည်းများ အသုံးပြုရန်အတွက် အသိပညာပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။


ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးလို့လာသော အခြေခံပညာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။


ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်မြင့်က စကားရပ် ပြောင်းလဲသတ်မှတ်သည့် ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းရာ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) မှ ဦးမြမင်းဆွေ က ထောက်ခံသည်။


ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။


ယင်းနောက် ငါးမွေးမြူရေးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးကြသည်။


တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးအောင်ကိုမင်းက ဤဥပဒေကြမ်းအား ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဇယား ၁၊ ၂၊ ၅ တို့နှင့် ညီညွတ်စေရန် သေချာစွာ စိစစ်သုံးသပ်ပြီးမှသာ ပြဋ္ဌာန်းသင့်ပါကြောင်း၊ ဥပဒေကြမ်း၏ အခန်း (၃)၊ ပုဒ်မ ၅ တွင် ဝန်ကြီးဌာနသည် အောက်ဖော်ပြပါမြေနှင့် ရေပြင်များကို ဦးစီးဌာနက သီးသန့်စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ငါးမွေးမြူရေး မြေနှင့် ငါးမွေးမြူရေး ရေပြင်များအဖြစ် သတ်မှတ်နိုင်သည်ဟူ၍ ဖော်ပြထားပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ငါးမွေးမြူရေး စီးပွားရေး လုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်နိုင်အောင် ပြဋ္ဌာန်းပေးထားသည့် သဘောသက်ရောက် နေပါ ကြောင်း၊ ဝန်ကြီးဌာနတစ်ခုသည် ပုဂ္ဂလိကနှင့်အပြိုင် ငါးမွေးမြူရေးကို မဆောင်ရွက်သင့်ပါ ကြောင်း၊ ဝန်ကြီးဌာနသည် ငါးမွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့် စီမံခန့်ခွဲရေး၊ ကွပ်ကဲရေး တို့ကို စနစ်တကျ ဖြစ်အောင်သာ ဆောင်ရွက်သင့်ပါကြောင်း။

ဥပဒေကြမ်း၏ အခန်း(၄)၊ ပုဒ်မ ၈ တွင်  ဦးစီးဌာနက လုပ်ပိုင်ခွင့်များကို အရာရှိတစ်ဦးဦးကို လည်းကောင်း၊ ဦးစီးဌာနမှူးများကိုလည်းကောင်း လွှဲအပ်နိုင်သည်ဟု ဖော်ပြထားပါကြောင်း၊  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ဤဥပဒေအရ မိမိအား အပ်နှင်းထားသော တာဝန်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ခရိုင်၊ မြို့နယ်ဦးစီးဌာနအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်ဟု ပြင်ဆင်ရန် တင်ပြအပ်ပါကြောင်း၊ ဥပဒေကြမ်း၏ အခန်း(၅)၊ ပုဒ်မ ၁၀ တွင် ဦးစီးဌာနက တစ်ကြိမ်လျှင် နှစ် (၅၀) ထက်မပိုသည့် အငှားဂရန်ချပေးနိုင်သည်ဟု ဖော်ပြထားပါကြောင်း၊ သို့ပါ၍ ဦးစီးဌာနဆိုသည့် စကားရပ်အစား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ ဝန်ကြီးဌာနဆိုသည့် စကားရပ်အစား ဦးစီးဌာနဆိုသည့် စကားရပ် ဖြင့်လည်းကောင်း အစားထိုးပြင်ဆင်သင့်ပါကြောင်း။


ဥပဒေကြမ်း၏ အခန်း(၆)၊ ပုဒ်မ ၁၅ တွင် သက်ဆိုင်ရာ ဦးစီးဌာနမှူးသည် ပုဒ်မ ခွဲ (က) နှင့် (ခ) တို့တွင် စည်းကမ်းချက်များသတ်မှတ်၍ လိုင်စင်ထုတ်ပေးနိုင်သည်ဟု ဖော်ပြထားပါကြောင်း၊ သက်ဆိုင်ရာ ဦးစီးဌာနမှူးဆိုသည့် စကားရပ်အစား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရဆိုသည့် စကားရပ်ဖြင့် ပြင်ဆင်အစားထိုးရန် တင်ပြအပ်ပါကြောင်း၊ ဥပဒေကြမ်း၏ အခန်း (၈)၊ ပုဒ်မ ၂၂ တွင် စစ်ဆေးရေးမှူးများသည် အောက်ပါတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်ဟု ဖော်ပြထားပါကြောင်း၊ ပုဒ်မခွဲ(ခ) နှင့် (ဃ) တို့တွင် ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်း ဟု ဖော်ပြထားပါကြောင်း၊ သို့ပါသောကြောင့် ပြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်သူများအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ အကူအညီရယူ၍ ဖမ်းဆီးခြင်းနှင့် အရေးယူခြင်းဆိုသည့် စကားရပ်အသစ် ဖြည့်စွက်သင့်ပါကြောင်း ဆွေးနွေးသည်။


ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ ဒေါ်ရွှေရွှေစိန်လတ်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးနှင့် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇) မှ ဒေါ်နော် ခရစ္စထွန်း (ခ) ဒေါက်တာ အားကာမိုးတို့က ဆက်လက်ဆွေးနွေးကြသည်။ 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ရက် မြောက်နေ့ကို သြဂုတ် ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ရဲသွင်၊ ဟန်လင်းနိုင်

 

 

1