ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ

နေပြည်တော် ၆ သြဂုတ်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မေးခွန်း ၅ ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း ၁ ခု ပြန်လည်ပေးပို့လာခြင်းအား အသိပေးတင်ပြခြင်း၊ ဥပဒေကြမ်း ၁ ခု အတည်ပြုခြင်း၊ ဥပဒေကြမ်း ၁ ခု ဆွေးနွေးခြင်းနှင့် အဆို ၁ ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ် မတူပီမြို့နယ် ဒါရ်လင်းကျေးရွာနှင့် ဆဘောင်းပီကျေးရွာကြား ဆက်သွယ်သောလမ်း (၈)မိုင်အား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က မတူပီမြို့နယ် ဒါရ်လင်း - ဆဘောင်းပီလမ်း (၈)မိုင် ပြန်လည်ပြုပြင်ပေးရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရေးဆွဲရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်ရာဌာနများ၏ အခြားလိုအပ်ချက်များအရ ဦးစားပေး ထည့်သွင်းလျာထား ခြင်းမရှိသောကြောင့် လတ်တလောတွင် ပြန်လည်ပြုပြင်ပေးရန်အစီအစဉ် မရှိသေးပါကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဒေသမှ တင်ပြတောင်းခံလာပါက နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု (သို့မဟုတ်) ပြည်နယ်ရန်ပုံငွေတွင် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်၌ ထည့်သွင်းလျာထားပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း၏ ချင်းပြည်နယ် မင်းတပ်မြို့နယ် ရှစ် - တွီလီး ဘေလီတံတားအား ပြန်လည်ပြုပြင် ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ရှစ် - တွီလီး ဘေလီတံတားအား ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပေ ၁၇၀ တံတားအဖြစ် တည်ဆောက်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် ချင်းပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော အချိန်တွင် ကျိုးကျပျက်စီးခဲ့ပါကြောင်း။

၎င်းဘေလီတံတား ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေကျပ် ၂၅၅ သန်းဖြင့် ပြန်လည်တည်ဆောက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် ပေ(၁၇၀)တံတားအား နောက်ထပ်ပေအရှည် (၁၅၀)တိုးမြှင့် ဆောင်ရွက်ရန် လိုအပ်သဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၂၂၅ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အဆိုပါတံတား မြေပြင်အခြေအနေနှင့် တံတားတည်ဆောက်ထားမှု အနေအထားအရ ခွင့်ပြုတန်ချိန် ပိုမိုဖြတ်သန်းနိုင်အောင် နောက်ထပ်ရေလယ်တိုင်များ ထည့်သွင်းတည်ဆောက်ခြင်း၊ ချဉ်းကပ်လမ်းများနှင့် ပျက်စီးမှုများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ချောင်းရေပြန်လည် ကျဆင်းပြီး လုပ်ငန်းဆောင်ရွက်နိုင်သည့် ပွင့်လင်းရာသီအချိန်တွင် လိုအပ်သောပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်(၇)မြို့နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများမှ ကျောင်းသားများပညာ သင်ကြားခွင့်ရရှိရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း (၁၁)ခုမှ ကျောင်းသားကျောင်းသူ ၅၈ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း(၈)ခုမှ ကျောင်းသားကျောင်းသူ ၃၄၃ ဦး၊ ပေါက်တောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း (၁)ခုမှ ကျောင်းသားကျောင်းသူ ၂ ဦး၊ ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း (၆)ခုမှ ကျောင်းသားကျောင်းသူ ၂၄၄ ဦး၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း (၆)ခုမှ ကျောင်းသားကျောင်းသူ ၆၃၂ ဦး၊ မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း (၂၀)မှ ကျောင်းသားကျောင်းသူ ၈၇၉ ဦးနှင့် မင်းပြားမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း (၁)ခုမှ ကျောင်းသားကျောင်းသူ ၃၄ ဦးအား ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေးထားပါကြောင်း။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ ကျောင်းသားကျောင်းသူများအား ၎င်းတို့နေထိုင်သည့်စခန်းနှင့် နီးကပ်စွာတည်ရှိသောကျောင်းများတွင် တက်ရောက် ပညာသင်ကြားခွင့်ရရှိအောင် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ သင်ကြားရေးအဆင်ပြေစေရန်အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောပိုးအိတ်များကို ထောက်ပံ့ပေးပြီးဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမင်းနိုင်၏ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် အရှေ့ဘက် နန်ပုခ်ချောင်းအား သံကူကွန်ကရစ် တံတား အဖြစ် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၏ အဆင့်မြင့်ပညာ ဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေကြသည့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသော ကျောင်းသူ/ကျောင်းသားများအား တရားဝင်ဘွဲ့လက်မှတ် ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ပြန်လည်ဖြေကြားခဲ့ကြသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ပြင်ဆင်ဖြည့်စွက်ချက်များကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုးနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းတို့က ပြင်ဆင်ဖြည့်စွက်လိုသည့် အကြောင်းအရာများနှင့် အပိုဒ်၊ အပိုဒ်အခွဲများကို ဆွေးနွေးကြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် ဆုံးဖြတ်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး တင်သွင်းထားသည့် နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဖြစ်စေ၊ မိမိကိုယ်ပိုင် သင်ရိုးညွှန်းတမ်းများဖြင့်ဖြစ်စေ ဖွင့်လှစ်သင်ကြားပို့ချနေသော ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများမှ ထုတ်ပေးသောလက်မှတ်များကို စိစစ်၍ သတင်းထုတ်ပြန်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်းက နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် သင်တန်းကျောင်း တစ်ခုခုဖြင့် ချိတ်ဆက်ဖွင့်လှစ်သည့် သင်တန်းများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွင် အဆိုပါ တက္ကသိုလ် သို့မဟုတ် ကျောင်းအမှန်တကယ် တည်ထောင်ဖွင့်လှစ်သင်ကြားနေခြင်း ရှိ၊ မရှိနှင့် သက်ဆိုင်ရာနိုင်ငံက အသိအမှတ်ပြုထားခြင်း ရှိ၊ မရှိတို့ကို စိစစ်ရန်လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကသင်တန်း ကျောင်းများတွင် သင်ကြားနေသည့် ဆရာများ၏ အရည်အချင်းကိုလည်း စိစစ်ရန်လိုအပ် ပါကြောင်း၊ ပုဂ္ဂလိက သင်တန်းများ၊ ကျောင်းများတွင် ရှိသင့်ရှိထိုက်သည့် အရည်အသွေးကို စိစစ်ကြီးကြပ် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း ဆွေးနွေးသည်။

ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်းက ပုဂ္ဂလိကပညာရေး ဝန်ဆောင်မှု အခန်းကဏ္ဍသည် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကများ၏ပါဝင်မှု အခန်းကဏ္ဍကို အလေးထားရမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း နိုင်ငံတော်၏အကျိုးကို မဆန့်ကျင်စေဘဲ ပါဝင်ခြင်းမျိုးဖြစ်ရန်လိုကြောင်း၊ သင်ရိုးသင်ကြားမှုများအပါအဝင် အစိုးရ၏ညှိနှိုင်း လက်ခံမှုအောက်တွင် ရှိရမည်ဖြစ်ပါကြောင်း၊ ကျောင်းများ၏ ပဋိညာဉ်များ၊ မျှော်မှန်းချက်များသည် နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့် ကိုက်ညီရန် လိုအပ်ပါကြောင်း၊ ကျောင်း သားများ၏ စာရိတ္တပိုင်းနှင့် နီတိပိုင်းကိုလည်း မထိခိုက်စေရန် လိုအပ်ပါကြောင်း၊ ပညာရေး ဝန်ဆောင်မှုများတွင် အဆင့်အတန်းမီရန်၊ အရည်အသွေးမီရန် လိုအပ်ပါကြောင်း၊ အတုအယောင်များ မဖြစ်စေရန်လိုကြောင်းနှင့် ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှု စရိတ်များကိုလည်း ပြန်လည်သုံးသပ်ရန်လိုကြောင်း ဆွေးနွေးသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးအောင်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကျော်နိုင်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်တို့က အဆိုနှင့်စပ်လျဉ်း၍ ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းမြင့်မားရေးနှင့် အာမခံချက်ရှိရေးဆိုင်ရာ ကိစ္စရပ်များကို အကြံပြုဆွေးနွေးကြသည်။

အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး နဝမနေ့တွင် ဆက်လက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို သြဂုတ် ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လူကျော်(သတင်းစဉ်)