ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပ

နေပြည်တော်  ၁၄  သြဂုတ် 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် (၅)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၊ မြို့တွင်းလမ်း (၃)မိုင်အား ပေ(၅၀)အကျယ် ကားလမ်းတာချဲ့ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ရေဇွာ-လိုင်လင်းပီ လမ်းပိုင်းဖြစ်သည့် မိုင်တိုင် ၅၂ မှ ၅၅ အထိ လိုင်လင်းပီမြို့တွင်းအပိုင်း (၃)မိုင် ပေ(၅၀)အကျယ် လမ်းတာချဲ့ပေးရန် ကိစ္စအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ဒေသစီမံကိန်းများ ရေးဆွဲရာတွင် ဒေသ၏ အခြားလိုအပ်ချက်များအရ ဦးစားပေး ထည့်သွင်းနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ ကလေး-ဖလမ်း-ဟားခါး လမ်းအား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် World Bank မှ ဆောင်ရွက်မည့် အပိုင်းများအား သတ်မှတ်ပြီး ကျန်အပိုင်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောလျင်စွာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် အပိုင်းသည် သိုင်းငင်းမှ ဟားခါးအပိုင်း ဖြစ်ပါကြောင်း၊ ကလေးမြို့မှ သိုင်းငင်းအထိသည် JICA ချေးငွေဖြင့်  ဆောင်ရွက်မည့် အပိုင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် သိုင်းငင်းမှ ဟားခါးအပိုင်းတွင် ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ဆောင်ရွက်မည့် အပိုင်းနှင့် လွတ်ကင်းသည့် အပိုင်းများကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် လမ်းအဆင့်မြှင့်တင်ရန် ပြည်ထောင်စုနှင့် ပြည်နယ် ငွေလုံးငွေရင်း လျာထားရန်ပုံငွေကျပ် ၇ ဒသမ ၇၇ ဘီလီယံကို လျာထားတောင်းခံထားပြီး ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိပါက ကမ္ဘာ့ဘဏ် ချေးငွေဖြင့် မဆောင်ရွက်သည့် အပိုင်းများကို  ပြည်ထောင်စုနှင့် ပြည်နယ် ရန်ပုံငွေဖြင့် စတင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် ကလေး-ဖလမ်း - ဟားခါးလမ်းသည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည်နှင့်အညီ နားလည်မှု သဘောတူညီချက် စာချုပ်ပါ စည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်မည် ဖြစ်သည့်အပြင် အဆင့်ကျော် ဆောင်ရွက်မှု များကို ပြုလုပ်၍ မရသေးသည့်အတွက် လုပ်ငန်းများစတင်ရန် ယခုအချိန်တွင် နှောင့်နှေးသကဲ့သို့ ဖြစ်နေသော်လည်း မိမိတို့ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်လုပ်ငန်းအဖွဲ့တို့ ဆွေးနွေးညှိနှိုင်းမှုများ မကြာခဏ ပြုလုပ်လျက်ရှိပြီး လုပ်ငန်းများ အမြန်ဆုံး စတင်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဦးရှန်အောရ်၏ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်၊ ဆူရ်ခွားမြို့နှင့် ထန်တလန်မြို့နယ်၊ နှာရိန်မြို့တို့အကြား မြို့ချင်းဆက် ကားလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် ဟားခါးမြို့နယ်၊ ဆူရ်ခွားမြို့၊ ထန်တလန်မြို့၊ နှာရိန်မြို့တို့အကြားရှိ ခွါဟရန်းဘက်ခြမ်း (၅)မိုင် သည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (B) ဦးစားပေးအဆင့်(၃)တွင် ပါဝင်ပါသဖြင့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်၏ နောက်ပိုင်းကာလများတွင် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ရှိ ဘုတ်ကံ-မလူ-ဇီးဖြူကုန်း ကျေးရွာချင်းဆက် လမ်းကို ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခြင်း ရှိ /မရှိ သိရှိလိုခြင်း မေးခွန်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဆီဟူးဒွေ့၏ မြစ်ကြီးနားမြို့၊ ရွှေအိုက်- ရွှေပြည်သာ- နန်းကွေ့ကျေးရွာအုပ်စု ရပ်ကွက်ကျေးရွာချင်းဆက်လမ်း၏ ရွှေပြည်သာ- အားဆာ- နယ်မြေ(၅)- နန်းကွေ့ကျေးရွာလမ်းအပိုင်းအား ကျောက်ခင်းလမ်းမှ ကတ္တရာလမ်းအဖြစ် တိုးမြှင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသား လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို  လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ပြင်ဆင်ချက် ဥပဒေကြမ်း ကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ငါးမွေးမြူရေးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈)မှ ဦးဥက္ကာမင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၊ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးခင်မျိုးဝင်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း တို့ကဆွေးနွေး ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး၏ နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် ပညာရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဖြစ်စေ၊ မိမိ်ကိုယ်ပိုင် သင်ရိုးညွှန်းတမ်းများဖြင့် ဖြစ်စေ ဖွင့်လှစ်သင်ကြားပို့ချနေသော ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများမှ ထုတ်ပေးသော လက်မှတ်များကို စိစစ်၍ သတင်းထုတ်ပြန်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ် က အဆိုရှင်၏ ရည်ရွယ်ချက်မှာ ပုဂ္ဂလိကပညာရေးကို အဆင့်မြှင့်ပေးရန်အတွက် စိစစ်ကြပ်မတ် အကဲဖြတ်သည့် လုပ်ငန်းစဉ်များ ရှိလာစေရန်နှင့် စစ်မှန်သည့် ပညာရေးကို ကျောင်းသားလူငယ်များ ရရှိခြင်းအားဖြင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာရန်ဖြစ်ပြီး ထိုမှတဆင့် အခြားအရင်းအမြစ်များကို ပိုမိုထိရောက် တိုးတက်လာရန်နှင့် ရေရှည်တည်တံ့သည့် စနစ်တကျ စီမံခန့်ခွဲမှု တိုးချဲ့နိုင်ရန်  ဖြစ်ပါကြောင်း၊ ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြစ်သည့်အတွက် မိမိအနေဖြင့် ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံတွင် အဆိုရှင် တင်ပြချက်အတိုင်း အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း ပုဂ္ဂလိက ပညာရေးလုပ်ငန်းများကို စိစစ် အကဲဖြတ်သည့် လုပ်ငန်းများတွင် ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မတွေ့ရသည့်အတွက် အဆိုရှင်၏ တင်ပြချက်ကို ထောက်ခံပါကြောင်း၊ ထိထိရောက်ရောက် လုပ်ဆောင်ရန်လည်း မိမိအနေဖြင့် ထပ်မံတိုက်တွန်း လိုပါကြောင်း ဆွေးနွေးသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး က အသိအမှတ်ပြု အရည်အသွေး စစ်ဆေးသည့်အခါတွင် ပုဂ္ဂလိက တက္ကသိုလ်များကို သတ်မှတ်ပေးသကဲ့သို့ အစိုးရတက္ကသိုလ် များတွင်လည်း ၄င်းအတိုင်း စစ်ဆေးအသိအမှတ်ပြု ပေးရမည် ဖြစ်ပါကြောင်း၊ စံချိန်စံညွွှန်းများသည် ပုဂ္ဂလိက တက္ကသိုလ်များက သတ်တတ်၊ အစိုးရတက္ကသိုလ်များက သတ်သတ်ဆိုပါက ရေရှည် အလုပ်ဖြစ်ရန်အတွက် ခက်ခဲနေမည် ဖြစ်ပါကြောင်း၊ ထို့ပြင် လတ်တလော ဖွင့်လှစ်နေသည့် မူကြိုကျောင်းများ၏ မူဝါဒသည်လည်း ရှင်းလင်းမှုမရှိဘဲ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် မိမိတို့ တိုင်းပြည်နှင့် ပြည်သူများအတွက် အရေးကြီးပြီး နိုင်ငံတည်ဆောက်ရေးအတွက် အလွန်လိုအပ်သည့် ပညာရေးကဏ္ဍ မှန်ကန်ခိုင်မာစေရေးအတွက် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းအဆိုကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်းတို့က ဆက်လက်ဆွေးနွေး ကြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် အမျိုးသားပညာရေး ဥပဒေပုဒ်မ ၅၄ (က)အရ ပညာရေးအဆင့်တိုင်းတွင် ပညာအရည်အသွေး၊ အာမခံမှုအစီအစဉ် တစ်ရပ်ရှိရမည်ဟု အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကျောင်းများအတွက် အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများဖြင့် သင်ကြားမှုပြုနိုင်ရန်  ထည့်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ကျောင်းဆရာများကို မှတ်ပုံတင်စေခြင်း၊ ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြားခွင့် အခွင့်အရေးများ ခွင့်ပြုပေးခြင်း၊ အခြေခံပညာရေးနှင့် အဆင့်မြင့် ပညာရေး စသည့် ကျောင်းများအတွက် အရည်အသွေးပြည့်မီသော ဆရာ၊ ဆရာမများဖြင့် ကောင်းမွန်သော ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အရည်အသွေးစစ်ဆေးနိုင်ပြီး အမျိုးသားပညာရေး မူဝါဒကော်မရှင် အနေဖြင့်လည်း အသိအမှတ်ပြု နိုင်သည့် အဆင့်ရောက်အောင် ပညာရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားပြီးဖြစ်သော ကြီးကြပ်ရေး အဖွဲ့များ၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၊ အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီ၊ ပါမောက္ခချုပ်များ ကော်မတီနှင့် အခြားသက်ဆိုင်ရာ ဘာသာရပ်အလိုက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ ပူးပေါင်းဆွေးနွေးညှိနှိုင်းပြီး စိစစ် အကောင်အထည် ဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ အမျိုးသားပညာရေးဥပဒေတွင် သတ်မှတ် ထားသည့် အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ ပုဂ္ဂလိကကျောင်းနှင့် သက်ဆိုင်သည့် မူဝါဒများနှင့် အညီ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ် ရေးကော်မတီမှ ပုဂ္ဂလိကပညာရေးသင်တန်းကျောင်းများ၏ အရည်အသွေး စိစစ်အကဲ ဖြတ်ခြင်းများကို ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စား လှယ်တင်ပြထားသည့် အဆိုကို  အတည်ပြုသင့်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ယင်းအဆိုကိုအတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို သြဂုတ် ၁၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ လူမော်