ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော် ၂၃ ဇူလိုင်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ မီးဇာကျေးရွာနှင့် အုန်းသီး၀ကျေးရွာ ဆိုင်ကယ်လမ်းအား တာချဲ့ခြင်းနှင့် အသစ်ဖောက်လုပ်ရန် ကျန်ရှိနေသေးသော လမ်းပိုင်းအား ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပလက်၀မြို့နယ်၊ မီးဇာ - အုန်းသီး၀ လမ်းအရှည် ၂၆ မိုင်ရှိသည့်အနက် မြေသားလမ်း ၁၀ မိုင်ကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေတွင် ၁၈၄ ဒသမ ၉၆၀ သန်းဖြင့် တင်ဒါအောင်မြင်သည့် သန်းနိုင်ကုမ္ပဏီမှ ဖောက်လုပ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ မီးဇာ - အုန်းသီး၀ ကျေးရွာချင်းဆက်လမ်းတွင် ကျန်ရှိနေသည့် လမ်းပိုင်း ၁၆ မိုင် ဖောက်လုပ်ပေးရန်နှင့် ပတ်သက်၍ နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထားမှု မရှိပါကြောင်းနှင့် နယ်မြေဒေသအေးချမ်းပြီး လုပ်ငန်းဆောင်ရွက်နိုင်မည့် အချိန်တွင် သက်ဆိုင်ရာဒေသတာဝန်ရှိသူများ ပူးပေါင်းကွင်းဆင်းစစ်ဆေးပြီး ချင်းပြည်နယ် အစိုးရအဖွဲ့၏ ထောက်ခံချက်နှင့်အတူ  သတ်မှတ် စီမံကိန်းအဆိုပြုလွှာဖြင့် ရန်ပုံငွေတင်ပြလာမည်ဆိုပါက ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်မှစ၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ပြည်ထောင်စုရန်ပုံငွေတွင် အပိုင်းလိုက်ထည့်သွင်း လျာထားပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ မြန်မာ့ရက်စဉ် သမိုင်းစာအုပ် ဆက်လက်ထုတ်ဝေရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ရက်စဉ်သမိုင်းများကို စာမျက်နှာအပေါ် မူတည်၍ ခုနှစ်အလိုက် ဆက်လက်ထုတ်ဝေသွားရန်အတွက် ဘဏ္ဍာငွေအခြေအနေ၊ အခြားစာအုပ်ထုတ်ဝေမှု အခြေအနေများအပေါ် မူတည်၍ စဉ်ဆက်မပြတ် ဆက်လက်ထုတ်ဝေသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ စကုကျွန်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် သီးခြားတည်ရှိသော ကျွန်းတစ်ကျွန်းဖြစ်သောကြောင့် တောင်ကုတ် - မာန်အောင် ခရီးစဉ်ပြေးဆွဲနေသော အမြန်ရေယာဉ်များ စကုကျွန်းတွင် ဆိုက်ကပ်ပေးနိုင်ရေးအတွက် ဆိပ်ခံတံတားတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စကုကျွန်းပတ်လမ်း ၈ မိုင် ၂ဖာလုံအား ကျောက်ချောလမ်းအဖြစ် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက စကုကျွန်းတွင် ဆိပ်ခံတံတား တည်ဆောက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် စကုကျွန်းပတ်လည်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် စုစုပေါင်းရန်ပုံငွေကျပ် ၇၇၃ ဒသမ ၂၅ သန်းလျာထားပြီး ဦးစားပေးအလိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမင်းနိုင်၏ ခန္တီးလေဆိပ် အဆောက်အဦအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက လက်ရှိ ခန္တီးလေဆိပ်အဆောက်အအုံသည် ဝင်/ထွက်အသုံးပြုလျက်ရှိသည့် ခရီးသည်ဦးရေအတွက် လုံလောက်မှုရှိနေသေးသည့်အတွက် လေဆိပ်အဆောက်အအုံအသစ် တည်ဆောက်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ လျာထားမှုမရှိပါကြောင်းနှင့် လက်ရှိတွင် လေဆိပ်အဆောက်အအုံ အသေးစားမွမ်းမံမှုများ ဆောင်ရွက်နေဆဲကာလ ဖြစ်သဖြင့် လိုအပ်ပါက ပျက်စီးမှုဖြစ်ပေါ်နေသော နေရာများ ကိုထပ်မံစစ်ဆေး၍ အသေးစားမွမ်းမံပြုပြင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ကျောက်တော်မြို့နယ်အတွင်း ဂုပ္ပီထောင့်ကျေးရွာမှ လက်ခုတ်ပင်ရင်းကျေးရွာအထိ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတားများဖြစ်သော ဂေါရောမဏီကျေးရွာနှင့် ဇင်းခါးချေကျေးရွာကြားရှိ သရီနံချောင်းကူးတံတားနှင့် ဇင်းခါးချေကျေးရွာနှင့် အုတ်ကြွပ်ကျေးရွာကြားရှိ ပေါက်လေချောင်းကူးတံတား (၂)စင်းတို့ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်တံတားများအဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၏ မြန်မာနိုင်ငံပိုင်မဟုတ်သော နိုင်ငံခြားမှတ်ပုံတင်ထားသည့် သင်္ဘောများ မြန်မာနိုင်ငံအတွင်းပိုင်း ရေလမ်းကြောင်းအတွင်းသို့ တရားမဝင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နေခြင်းကို နိုင်ငံတကာဆိုင်ရာ ဥပဒေများအရလည်းကောင်း၊ မြန်မာနိုင်ငံ၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းအရလည်းကောင်း အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ဆောင်ရွက်မည်ဆိုပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ်တင့်လွင်က အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ဆက်လက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် အဆိုတင်သွင်းရာ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်းက ထောက်ခံသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဇူလိုင် ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်