ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

နေပြည်တော်၂၄  ဇူလိုင် 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာ ၁ခု ဖတ်ကြားခြင်းနှင့် ဥပဒေကြမ်း၁ခု အတည်ပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်၏ ဂျပန်နှင့်တရုတ်နိုင်ငံတို့မှ ဝယ်လိုအားကောင်းသောချင်းပြည်နယ်ထွက် ဝဥ (ခေါ်) ဖျံဥ ကို အရည်အသွေးမြင့် နိုင်ငံခြားပို့ကုန်အဖြစ်တင်ပို့နိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က မြန်မာနိုင်ငံအနေဖြင့် ဝဥ (ခေါ်) ဖျံဥ အခြောက်များကို ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် စင်္ကာပူနိုင်ငံများသို့ ပင်လယ်ရေကြောင်းမှလည်းကောင်း၊ ဝဥ (အမှုန့်)ကို ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် UAE နိုင်ငံများသို့လည်းကောင်း၊ ဝဥ အစို၊ အခြောက်နှင့် အမှုန့်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့်လည်းကောင်း တင်ပို့လျက်ရှိပါကြောင်း။

ဝဥ အသုံးပြုမှု နည်းပညာ တိုးတက်လာစေရေးအတွက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ပညာရှင်များနှင့် ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးမြို့ တွင် လုပ်ငန်းရှင် (၁၀ဝ)အား ဝဥအခြောက်ခံခြင်းနှင့် ဝဥတုံ ထုတ်လုပ်ခြင်း နည်း ပညာများ ပံ့ပိုးပေးခဲ့ပါကြောင်း။

မေးမြန်းချက်တွင် ပါရှိသည့် ဝဥ (ခေါ်) ဖျံဥကို ချင်းပြည်နယ်တွင် ထုတ်လုပ်သည် ဟု တံဆိပ်တပ် တင်ပို့နိုင်ရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ နန်နင်းမြို့နယ် မြန်မာတရုတ်နယ်စပ်ကုန်စည်ပြပွဲများတွင် ချင်းပြည်နယ်မှ ထွက်ရှိသည့် ဝဥကို ပြည်နယ် ထွက်ကုန်အဖြစ် ပြသခဲ့ပါကြောင်း၊ ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနများမှ ကျင်းပသည့် ပြည်နယ်၊ တိုင်းဒေသကြီး ဒေသထွက်ကုန်ပစ္စည်း ပြပွဲများ၊ အသေးစားနှင့် အလတ်စား ပြပွဲနှင့် ပြိုင်ပွဲများ တွင်လည်း ချင်းပြည်နယ်မှ ထွက်ရှိသည့် ဝဥ (ခေါ်) ဖျံဥ ထုတ်လုပ်မှု တိုးတက်ရေး နှင့် ပြည်ပပို့ကုန်မြှင့်တင်ရေး တို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ဝဥကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကုန်ပစ္စည်းအရည်အသွေးကြီးကြပ် စစ်ဆေး ရေးနှင့် ပိုးမွှားကင်းစင်ရေး အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၏ တရားဝင် တင်သွင်းခွင့်ပြုသည့် ကုန်စည်စာရင်းတွင် ပါဝင်လာနိုင်စေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် သံတမန်လမ်းကြောင်းမှ တရုတ်နိုင်ငံနှင့် တစ်ဆင့်ချိတ် ဆက်ညှိနှိုင်းထားရှိပါကြောင်း၊ ချင်းပြည်နယ်ထွက် ဝဥ (ခေါ်) ဖျံဥကို ပြည်ပမှ အဝယ် ရရှိနေသည့်အတွက် လျှပ်စစ်ဓာတ်အား ပိုမိုရရှိလာခြင်း၊ ဝဥပါးလွှာစက်များ၊ အခြောက် ခံစက်နှင့် အမှုန့်ကြိတ်စက်များ ဝယ်ယူရရှိနိုင်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ အသင်းအဖွဲ့များ ပိုမိုအားကောင်းလာစေခြင်း၊ သက် ဆိုင် ရာဝန်ကြီးဌာနများအနေဖြင့် ဝဥ (ခေါ်) ဖျံဥကို တန်ဖိုးမြှင့် ကွင်းဆက်လုပ်ငန်း များနှင့် ပတ်သက်၍ ဈေးကွက်နှင့် နည်းပညာတိုးတက်ရရှိအောင် ဆောင်ရွက်ပေးလျက် ရှိခြင်းတို့ကြောင့် ဝဥ (ခေါ်) ဖျံဥ ပို့ကုန်သည် အရည်အသွေးမြင့် နိုင်ငံခြားပို့ကုန်အဖြစ် ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း၏ ချင်းပြည်နယ်၊ မင်း တပ်မြို့နယ်၊ မကွီအိမ်နူးမြို့ကို မြို့တည်ဆောက်ရေးလုပ်ငန်း လုပ်ဆောင်နိုင်ရန် အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အမြန်ဆုံး မြို့ပြ စီမံကိန်း ရေးဆွဲရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးကျော်လင်းက ချင်းပြည်နယ်တွင် မြို့ပေါင်း ၁၇မြို့ ရှိသည့်အနက် ဟားခါး၊ မတူပီ၊ မင်းတပ်၊ ဖလမ်း၊ ပလက်ဝမြို့ ၅ မြို့ကို မြို့ပြဖွံ့ ဖြိုးရေးစီမံကိန်း ရေးဆွဲထားပြီး စုစုပေါင်းမြို့ ၁၂မြို့ ရေးဆွဲရန် ကျန်ရှိပါကြောင်း၊ တင်ပြလာသည့် မကွီအိမ်နူးမြို့ အနေဖြင့် စုစုပေါင်းဧက၁၇၂၁၁ ဧက ကျယ်ဝန်းပြီး လူဦးရေ ၁၁၈၂ဦးသာ ရှိသည့်အတွက် ဝန်ကြီးဌာန၏ ဦးစားပေး (င)အဆင့် မြို့ဖြစ် သည့်အတွက် လတ်တလောတွင် ရေးဆွဲရန် အစီအစဉ် မရှိသေးပါကြောင်း။သို့သော် မကွီအိမ်နူးမြို့ပြကို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရန်အတွက် ချင်း ပြည်နယ် အစိုးရအဖွဲ့မှ ဦးစားပေးဆောင်ရွက်ပေးရန် အကြောင်းကြားလာပါက မြို့ပြပညာ ရှင်များကို စေလွှတ်၍ ဦးစားေ
ပးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။ 

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင် ၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ မော်ဟွေ့ - နောင်ဟေ့ ကွင်းအမှတ်(၁၁) ကုန်ထုတ် လမ်း ၃မိုင် ၄ဖာလုံနှင့် ဟင်းနား - မော်ဟွေ့ ကွင်းအမှတ် (၈)၊ (၉) ကုန် ထုတ်လမ်း ၃မိုင် ၁ဖာလုံတို့ကို ရာသီမရွေး ဆက်သွယ်သွားလာ အသုံးပြုနိုင်မည့် ကျောက်ချောလမ်းများ အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း ၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း မော်ဟွေ့- နောင် ဟေ့ရွာ၊ ကွင်းအမှတ် (၁၁)၊ ကုန်ထုတ်လမ်း (၃)မိုင် (၄)ဖာလုံနှင့် ဟင်းနားရွာ - မော်ဟွေ့ရွာ၊ ကွင်းအမှတ် (၈)၊ (၉) ကုန်ထုတ်လမ်း (၃)မိုင် (၁)ဖာလုံတို့အား ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူးအား မြေပြင် အခြေ အနေသွားရောက် ကွင်းဆင်း စစ်ဆေးစေခဲ့ရာ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ လမ်းစာရင်းတွင် ပါဝင်သတ်မှတ်ထားခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း။

အဆိုပါ ကုန်ထုတ်လမ်းများအား ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနပိုင်လမ်း အဖြစ် သိမ်းသွင်းဆောင်ရွက်နိုင်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ ဦးစွာတင်ပြပြီး လမ်းလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်၍ ခွင့်ပြုချက်ရရှိပါက ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လမ်းစာရင်းတွင် ထည့်သွင်းသတ်မှတ်ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြေကြားသည်။အလားတူ စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုးနှင့် မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း ၍ ဒုတိယဝန်ကြီး ဦးကျော်လင်း က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးလားလ်မင်းထန်  က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာ့ပုလဲလုပ် ငန်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရာတွင်   ကော်မတီသည် အဆိုပါဥပဒေကြမ်းကို လေ့လာစိစစ်ရာ ပြည်သူ့လွှတ်တော်၏ ပြင်ဆင် ချက်များသည် ပြည့်စုံမှု ရှိပါသဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုသည့်အတိုင်း အမျိုးသားလွှတ်တော်က ဆက်လက်အတည်ပြု ဆောင်ရွက်သင့်ပါကြောင်း၊ ကော်မတီသည် ဥပဒေကြမ်းအပေါ် ထပ်မံဖြည့်စွက် ပြင်ဆင်ရန် မရှိတော့ပါသဖြင့် ပြည်သူ့လွှတ် တော်၏ အတည်ပြုချက်အတိုင်း အမျိုးသားလွှတ်တော်က ဆက်လက်အတည်ပြု ဆောင်ရွက်နိုင်ပါရန် အစီရင်ခံတင်ပြအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းဥပဒေကြမ်း အား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိ်ုင် ကြောင်းကြေညာသည်။ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံး အဖြတ်ရယူ အတည်ပြုသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း က ယင်းဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းရာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၇)မှ ဦးကျော်တုတ် က ထောက်ခံသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး တတိယနေ့ကို ဇူလိုင် ၃၀ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်