ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပ

နေပြည်တော် ၁၄ သြဂုတ်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း ၁ ခု ဆွေးနွေးခြင်းနှင့် အဆို ၁ ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။ အစည်းအဝေးတွင်  ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၏ အခြားနည်းသုံးစွဲခွင့်ပြုထားသော မြေနေရာများအား နိုင်ငံတော်၏ မျှော်မှန်းချက်များနှင့် ညီညွတ်မှုရှိစေရန် မည်ကဲ့သို့ ထိန်းကြောင်းစိစစ်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်နှင့် ပတ်သက်၍ လယ်ယာမြေဥပဒေ ၃၁ တွင် အခြားနည်းအသုံးပြုရန် ခွင့်ပြုချက် ရရှိပြီးနောက် ခွင့်ပြုသည့် ကာလအတွင်းမှ ၆ လအတွင်း သတ်မှတ်သည့် နည်းလမ်းအတိုင်း စတင်အသုံးမပြုလျှင်သော် လည်းကောင်း၊ သတ်မှတ်သည့်ကာလအတွင်း လုပ်ငန်းပြီးစီးခြင်း မရှိလျှင်သော် လည်းကောင်း ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်သည်ဟု ပြဋ္ဌာန်းပါရှိသည့်အတွက် ခွင့်ပြုမိန့်ရမည်ဆိုပါက ကာယကံရှင်များအနေဖြင့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 

လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ (က) နှင့် (ခ)တို့အရ လယ်ယာမြေမှတစ်ပါး လယ်ယာမြေ အခြားနည်း သုံးစွဲခွင့်ပြုပေးခြင်းများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ မိမိတို့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် အခြားနည်းအသုံးပြုခွင့် ပေးခဲ့ခြင်းအပေါ် လုပ်ငန်းအကောင်အထည်ဖော်မှု အခြေအနေများကို နည်းဥပဒေအပိုဒ် ၉၁၊ ၉၂ တို့အရ စိစစ်ကြပ်မတ် ဆောင်ရွက်နိုင်ရန်အတွက် စီမံလုပ်ကိုင်လျက်ရှိပြီး သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များသို့ အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ စိစစ်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ပြန်လည်စိစစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မိမိတို့ စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေများ ဆုံးရှုံးသွားသော ဒေသခံများအား ၎င်းတို့၏ ရွာများဝန်ကျင်ရှိ မြေလွတ်၊ မြေလပ် ၁၉၀ဝ ဧကခန့်ကို စိုက်ပျိုးနိုင်သည့် မြေဖြစ်အောင် ပြုပြင်ပေးပြီး ခွဲဝေပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်အစီအရင်ခံစာတွင် ပါရှိသည့် စိုက်ပျိုးမြေဧရိယာဧက (၁၉၀ဝ)ကို ဖော်ထုတ်ရန်အတွက် စိုက်ပျိုးမြေဧရိယာ ဧက (၁၉၀ဝ) ရှာဖွေဖော်ထုတ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့သည်ကို သိရှိရပါကြောင်း။

 

ကွင်းဆင်းစစ်ဆေးချက်အရ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်အတွင်းရှိ မြေလွတ်၊ မြေလတ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့် ရရှိခဲ့သော်လည်း လုပ်ကိုင်ခြင်းမရှိသည့် မြေလွတ်၊ မြေရိုင်းများကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပါဝင်သွားသည့် တောင်သူများအတွက် အစားထိုးမြေဖော်ထုတ်ပေးနိုင်မည့် ဧရိယာ စုစုပေါင်း ၁၇၂၇ ဧကရှိကြောင်း စိစစ်ဖော်ပြထားသည်ကို သိရှိရပါကြောင်း၊ စိုက်ပျိုးမြေဧရိယာ ဧက ၁၉၀ဝ ရှာဖွေဖော်ထုတ်ရေးကော်မတီမှ စိစစ်တင်ပြသည့် ၁၇၂၇ ဧကကို အစားထိုး ဖော်ထုတ်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပါဝင်သွားသည့် တောင်သူများအနေဖြင့် လုပ်ကိုင်လိုခြင်း ရှိ/မရှိ ဆန္ဒသဘောထားကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မေးမြန်းဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၏မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ထို့နောက် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံးက မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအား လွတ်လပ်သော စေတနာ့ဝန်ထမ်း အဖွဲ့အစည်းဖြစ်စေလိုသည့်အတွက် စေတနာ့ဝန်ထမ်း၏ အရှေ့တွင် လွတ်လပ်သောဆိုသည့် စာသားကို ထပ်မံဖြည့်စွက်လိုပါကြောင်း၊ ဥက္ကဋ္ဌနှင့်တကွ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများအား လျို့ဝှက်မဲဆန္ဒဖြင့် ရွေးချယ်ရာတွင် စာရင်းစစ် ၁ ဦးကိုလည်း လျို့ဝှက်ရွေးချယ်ရမည်ဟု ဖော်ပြထားခြင်းတွင် စာရင်းစစ် ၁ ဦးဆိုသည့် စာသားအား ဖြုတ်ချင်ပါကြောင်း၊ နောက်ဆက်တွဲ စာရင်းစစ် ၁ ဦးဆိုသည့် ပုဒ်မများကိုလည်း ဖြုတ်ချင်ပါကြောင်း၊ ဆက်စပ်လျက်ရှိသည့် ပုဒ်မ ၂၇ တွင်လည်း အကျိုးဆောင်စာရင်းစစ် ဆိုသည်ကို ဖြုတ်ရန်လိုပါကြောင်း၊ ပုဒ်မ ၂၈ တွင် စာရင်းစစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ ဆိုသည့်နောက်တွင် လိုအပ်ပါက ဆိုသောစာသားအား ဖြုတ်၍ နှစ်အလိုက်သက်ဆိုင် ရာစာရင်းစစ်၏ စစ်ဆေးခြင်းကို ခံယူရမည်ဟူ၍ ပြင်ဆင်လိုပါကြောင်း၊ ထို့ပြင် အသင်းဗဟိုနှင့်တကွ မြို့နယ်ရုံးအဖွဲ့ကို ဖွဲ့စည်းခြင်းဟု အသင်းဗဟို၏ နောက်တွင် မြို့နယ်အား ဖြည့်စွက်လိုပါကြောင်း ဆွေးနွေးသည်။

 

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀) မှ နော်လှလှစိုးက ဆက်လက်ဆွေးနွေးသည်။

 

ဆက်လက်၍ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၏ မြန်မာနိုင်ငံတွင် လယ်ယာဥယျာဉ်ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော် ရောင်းစားနေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာခြင်း၊ မြို့ပေါ်နှင့် ကျေးရွာများတွင် နောင်တစ်ချိန် လိုအပ်ပါက အသုံးပြုနိုင်ရန် ချန်လှပ်ထားသော မြေလွတ်များ ပျောက်ဆုံးကုန်ခြင်း စသည်တို့နှင့် အဓိကသက်ဆိုင်သော စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့် (ကော်သုံးကော်)တို့၏ လျော့ရဲပြီး အဂတိတရားမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးက အဆိုရှင်၏ အကျယ်တဝင့် တင်ပြမှုနှင့် အဆိုတွင် ဖော်ပြထားချက်များကို လေ့လာကြည့်ပါက အဆိုရှင်၏ ဖော်ပြထားမှုများသည် ကျယ်ဝန်းသော်လည်း အဆိုတွင် မပြည့်စုံခြင်း၊ မလွှမ်းခြုံမိခြင်းတို့ကို တွေ့ရပါကြောင်း၊ အဆိုရှင်၏ ဆွေးနွေးချက်တွင် စည်းမဲ့ကမ်းမဲ့ရောင်းစားနေသော မြေအမျိုးအစားများအဖြစ် လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ မြို့မြေ၊ ပလပ်မြေများကို ဆွေးနွေးချက်တွင် ပါဝင်သော်လည်း အဆိုဖော်ပြချက်တွင် လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေသာ ပါရှိထားပါကြောင်း၊ အမှန်တကယ် တစ်နိုင်ငံလုံး တာဝန်ရှိသူတို့မှ ကိုယ်ကျိုးရှာ ရောင်းစား၊ ငှားစားနေသည့် မြေများသည် ဦးပိုင်မြေ၊ ဂရန်မြေ၊ လယ်မြေ၊ ဥယျာဉ်ခြံမြေ၊ စားကျက်မြေနှင့် သစ်တောမြေများပါမကျန် အခြားမြေပေါင်းများစွာ ပါဝင်ပါကြောင်း။

 

ထို့ကြောင့် အဆိုတွင် လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ ၂ မျိုးသာ ပါသည့်အတွက် အဆိုသည် ပြည်ထောင်စုတစ်ခုလုံးအပေါ်တွင် လွှမ်းခြုံမှုရှိစေရန်အတွက် လယ်ယာမြေ၊ ဥယျာဉ်ခြံမြေနှင့် အခြားမြေများဟူ၍ အခြားမြေများဆိုသည့် စကားရပ်ကို ဖြည့်စွက်ရန် လိုအပ်နေပါကြောင်း၊ အဆို၏ အကျိုးသက်ရောက်မှု အပိုင်းတွင် စိုက်ပျိုးမြေများ လျော့နည်းလာခြင်းနှင့် မြေလွတ်များ ပျောက်ဆုံးကုန်ခြင်းဆိုသည့် ၂ မျိုးသာ ပါရှိသော်လည်း အဆိုရှင်၏ ဆွေးနွေးချက်တွင် စည်းကမ်းမဲ့ အိမ်များပေါ်ပေါက်လာခြင်း၊ ရေကြီးခြင်း၊ ကားကြပ်ခြင်း၊ စီမံခန့်ခွဲမှုလွှဲမှားခြင်း၊ စည်းကမ်းမဲ့ အပင်ခုတ်ခြင်း စသည်ဖြင့် သက်ရောက်မှုပေါင်းများစွာကို ဖော်ပြထားသည်မှာ ဆွေးနွေးချက်ကို အဆိုက မလွှမ်းခြုံမိဘဲ ဖြစ်နေသည်ဟု ထင်မြင်ခံစားမိပါကြောင်း၊ လွှမ်းခြုံနိုင်စေရန် စကားရပ်များ ဖြည့်စွက်ပြင်ဆင်သင့်ပါကြောင်း။

 

အထက်ပါအကြောင်းအရာများ၏ အကြောင်းရင်းခံမှာ မြို့နယ်တိုင်းတွင်ရှိသည့် ကော်သုံးကော် တာဝန်ရှိသူများ၏ လျော့ရဲပြီး အဂတိမကင်းသည့် လုပ်ဆောင်ချက်များကြောင့် ဖြစ်ပွားရကြောင်း ဖော်ပြထားသကဲ့သို့ တာဝန်ရှိသူတို့၏ ကိုယ်ကျိုးရှာ ဆောင်ရွက်မှု အမှားအယွင်းများကို အကျယ်တဝင့် ဆွေးနွေးသွားသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ ကော်သုံးကော်၏ တာဝန်မကျေ လျော့ရဲမှုများနှင့် အဂတိမကင်းသည့် လုပ်ရပ်များသည် တရားဥပဒေ စိုးမိုးမှုမရှိခြင်းကြောင့်သာ ဖြစ်သည်ဟု ထင်မြင်မိပါကြောင်း ဆွေးနွေးသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း (ကန်တုန်) က မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ၇၀ ရာခိုင်နှုန်းသော ပြည်သူများသည် ကျေးလက်ဒေသတွင် နေထိုင်ရင်း မြေကိုအဓိက အားထားစိုက်ပျိုး ကုန်ထုတ်နေကြသည့် တောင်သူလယ်သမားများ ဖြစ်ပါကြောင်း၊ အဆိုပါ တောင်သူလယ်သမားများသည် အခြေခံလူတန်းစား ကုန်ထုတ်စွမ်းအားရှင်ကြီးများဖြစ်ပြီး မြန်မာနိုင်ငံသားအားလုံး ၎င်းတို့စိုက်ပျိုးထွန်ယက်ပြီး သီးပွင့်လာသည့် မြေထွက်သီးနှံများကို စားသုံး၍ ရှင်သန်လာခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ သို့သော် အဆိုပါ တောင်သူလယ်သမားကြီးများသည် ယနေ့အချိန်တွင် မြေယာမဲ့ဘဝဖြင့် နှစ်ပေါင်းများစွာ ခံစားနေကြရပြီး မြေမရှိတော့သည့် ဘဝတွင် ရပ်တည်မှု အခက်အခဲများဖြင့် ရင်ဆိုင်နေကြရပါကြောင်း။

 

ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး ကဏ္ဍများ အဆင့်မီဖွံ့ဖြိုးတိုးတက် ခိုင်မာစေရန် နိုင်ငံသူ နိုင်ငံသားများအတွက် ကုန်ထုတ်စွမ်း အားဖြည့်ဆည်းပေးနေသည့် မူလပိုင်ရှင် တောင်သူလယ်သမားကြီးများထံ လယ်ယာမြေများ အမြန်ဆုံး ရောက်ရှိရေးသည် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူ့ဝန်ထမ်းကောင်းများ ပီသစွာ ပြုကျင့်လိုက်နာဆောင်ရွက်ကြရန် တင်ပြရင်း အဆိုအား ထောက်ခံတင်ပြအပ်ပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုကို မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦးနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးဝင်းကြိုင်တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ဒသမနေ့ကို သြဂုတ် ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်