ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ

နေပြည်တော် ၃ သြဂုတ်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း ၁ခု ဆွေးနွေးခြင်းနှင့် အစီရင်ခံစာ ၁ခု ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

 

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမင်းနိုင်၏ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ အိန္ဒိယ နယ်စပ်လမ်းတွင် လုံဝသိင်္ခနှင့် ဂမ်းညကြားရှိ ဝါးချောင်းကိုလည်းကောင်း၊ ဂမ်းညနှင့် ယမ်းကြုန်းကြားရှိ ယမ်းကြုန်းချောင်းကိုလည်းကောင်း ပေ(၁၀ဝ)ရှိ ဘေလီတံတားနှစ် စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က ဝန်ကြီးဌာနအနေဖြင့် နာဂဒေသအတွက် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၃၂၀၄ ဒသမ ၈၅၇)သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် နာဂဒေသအတွက် အိန္ဒိယနိုင်ငံမှ ထောက်ပံ့ပေးအပ်သည့် ပထမအကြိမ် ထောက်ပံ့ငွေကျပ် (၁၇၄၈ ဒသမ ၈၄၉၂)သန်း၊ ဒုတိယအကြိမ် ထောက်ပံ့ငွေကျပ် (၂၃၁၁ ဒသမ ၃၃)သန်း၊ တတိယအကြိမ် ထောက်ပံ့ငွေကျပ် (၂၈၇၉ ဒသမ ၁၅၁) သန်းတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

 

 

လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ အိန္ဒိယနယ်စပ်လမ်းတွင်ရှိသည့် ယမ်းကြုန်းချောင်းတို့တွင် ပေ၁၀ဝရှိ ဘေလီတံတား ၂စင်း တည်ဆောက်ပေးရန်နှင့် ပတ်သက်၍ မြေပြင် ကွင်းဆင်းစစ် ဆေးခဲ့ရာ တင်ပြထားသကဲ့သို့ ပေ၁၀ဝ မရှိဘဲ ပေ ၆၀သာ ရှိသည့်တံတား ၂စင်းဖြစ် သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ တံတား၂စင်းကို အိန္ဒိယနိုင်ငံမှ ပေးအပ်သည့် စတုတ္ထအကြိမ်မြောက် အထောက်အပံ့ လုပ်ငန်းစာရင်းတွင် လျာထားပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း ၏ ကလေးလေဆိပ် အဆောက်အအုံနှင့် လေဆိပ်၏ ပရဝဏ်အား အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် နှစ်စဉ်ခွင့်ပြုရရှိသည့် ရန်ပုံငွေအပေါ် မူတည်၍ လေယာဉ်စီးခရီးသည် အဝင်/အထွက်များသည့် အခြားပြည်တွင်းလေဆိပ်များ အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေရခြင်းကြောင့် လည်းကောင်း၊ ကလေးလေဆိပ်အတွက် အသုံးပြု ဆင်း/တက်နေသည့် လေယာဉ်နှင့် ခရီးသည်များ ဘေးကင်းလုံခြုံရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိခြင်းကြောင့် လည်းကောင်း၊ ၂၀ဝ၇- ၂၀ဝ၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ (၁၁)နှစ် ကာလအတွင်း ကလေးလေဆိပ် ခရီးသည် အဆောက်အဦ ပြုပြင်ထိန်းသိမ်းခြင်းအတွက် သာမန်အသုံးစရိတ် စုစုပေါင်း ငွေကျပ် ၁၁သန်းသာ သုံးစွဲနိုင်ခဲ့ပါကြောင်း။

 

 

လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြချက်အရ လေဆိပ်အဆောက်အဦ၏ အထွက်ခရီးသည်များ စောင့်ဆိုင်းနားနေခန်းတွင် ဌာနရှိ ပြုပြင်ပြီး လေအေးပေးစက် ၁လုံးကို အမြန်ဆုံး တပ်ဆင်ပေးသွားမည် ဖြစ်သည့်အပြင် ကလေးလေဆိပ် သို့တိုးချဲ့ပျံသန်းမည့် လေယာဉ်ခရီးစဉ်များနှင့် နှစ်စဉ် တိုးတက်လာမည့် ခရီးသည် ဦးရေကို မျှော်မှန်း၍ လက်ရှိလေဆိပ် အဆောက်အဦ (ပေ ၁၂၀ x ပေ၆၀) ကို (ပေ ၁၂၀ x ပေ၁၀ဝ) ရရှိသည်အထိ တိုးချဲ့ခြင်းနှင့် အဆောက်အဦ ပြုပြင်ခြင်း လုပ်ငန်းများ အတွက် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်း ၄၀ဝ နှင့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၃၀ဝ လျာထားမှု ရှိပါကြောင်းနှင့် ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဇယ်ခေါင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်မမလေးနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) မှ ဦးထိန်ဝင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်နှင့် ဦးကျော်မျိုးတို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

 

ထို့နောက် မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်းက မြန်မာ့တိုင်းရင်းဆေးပညာ၏ အဆင့်အတန်း၊ စံသတ်မှတ်ထိန်းသိမ်းရန်နှင့် ပြည်သူများ စနစ်တကျယုံကြည် လက်ခံကျင့်သုံးစေရန်မှာ တိုင်းရင်းဆေးဆရာများ၏ ပညာ အဆင့်အတန်း သတ်မှတ်ခြင်းအပေါ်တွင် များစွာ မူတည်နေပါကြောင်း၊ ၁၉၆၂ ခုနှစ် ကတည်းက နိုင်ငံတဝန်း တိုင်းရင်းဆေးဆရာများကို စနစ်တကျ သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ရာ ၇၅၀ဝခန့် ရှိပြီဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းရင်းဆေးဆရာ မှတ်ပုံတင် စတင်ပြုလုပ်စဉ်အချိန်က ရိုးရာတိုင်းရင်းဆေးဆရာများကိုလည်း စီစစ်ကာ မှတ်ပုံတင် ပေးခဲ့ပြီး ဖြစ်ပါကြောင်း။

 

ယခု ၂၁ရာစု ဒုတိယ ၁၀စုနှစ် အရောက်တွင် တိုင်းရင်းဆေး တက္ကသိုလ်အဆင့် အထိ သင်ကြားရေးဌာနများက တိုင်းရင်းဆေးပညာရှင်  ဆေးဆရာများ မွေးထုတ် ပေးနေသော်လည်း ဥပဒေကြမ်း ပုဒ်မ ၁၅ (စ)အရ ဘွဲ့၊ ဒီပလိုမာ မရှိဘဲ တိုင်းရင်းဆေးပညာဖြင့် အသက်မွေးလျက်ရှိသူများကို ကောင်စီက သတ်မှတ်သည့် အရည်အချင်းအရ တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ထည့်သွင်း ထားခြင်းသည် မဖြစ်သင့်ပါကြောင်း၊ နိုင်ငံတကာပညာရှင်ဆိုင်ရာ ကောင်စီများက ကျင့် သုံးနေသည့် ပညာရှင်အဖြစ် သတ်မှတ်ထားသည့် စံ၊ စနစ်တို့ဖြင့် မကိုက်ညီပါကြောင်း၊ မြန်မာတိုင်းရင်းဆေးပညာရပ်နှင့် ပညာရှင်တို့၏ အဆင့်အတန်းကို နိမ့်ပါးလျော့ကျ စေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာတိုင်းရင်းဆေး ကောင်စီဥပဒေကြမ်းအား ပုဒ်မ ၁၅(စ)နှင့် ၃၁ (ဂ)တို့ကို ပယ်ဖျက်ပေးပါရန် ဆွေးနွေးအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုး က ဆက်လက်ဆွေးနွေးသည်။


ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်အုန်းကြည် က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရာတွင် ကော်မတီသည် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေးကော်မရှင်မှ ပညာရှင်များနှင့် အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ဖြစ်ပါသဖြင့် အမျိုးသားလွှတ်တော်က ဆက်လက်အတည်ပြု ဆောင်ရွက်နိုင်ပါရန် အစီရင်ခံ တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို သြဂုတ် ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်