ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ

နေပြည်တော်  ၃၀  ဇူလိုင် 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း ၁ ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကျေးရွာများဖြစ်သည့် ဆန်းသစ်ပြင်ကျေးရွာ၊ သင်္ဘောကွေးကျေးရွာ၊ သုံးခွ (ခ) ကွင်းကြီး (ရခိုင်) ကျေးရွာများကို ပြည်ထဲရေးဝန်ကြီးဌာန၏ ကျေးရွာအမည်စာရင်းတွင် ထည့်သွင်းပေးနိုင်ရေးနှင့် လက်ရှိကျေးရွာများ၏ မြေများ အား ရွာမြေအဖြစ် သတ်မှတ်ပေးရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ကျောက်တော်မြို့နယ် ဆန်းသစ်ပြင်ကျေးရွာနှင့် ကွင်းကြီး (ရခိုင်) ကျေးရွာတို့သည် ပြည်ထဲရေး အမည်ပေါက် ကျေးရွာများဖြစ်ပါကြောင်း၊ သင်္ဘောကွေ့ကျေးရွာသည် မြို့သစ်ရပ်ကွက် ဧရိယာအတွင်း ပါဝင်ပြီးဖြစ်သဖြင့် ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် သတ်မှတ်ပေးရန် မလိုအပ်ပါကြောင်း၊ ယင်းကျေးရွာသည် စားကျက်မြေဧရိယာအတွင်း တည်ရှိနေသဖြင့် စားကျက်မြေပယ်ဖျက်ခွင့် ရရှိရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ကွင်းကြီး(ရခိုင်)ကျေးရွာသည် မြေလွတ်မြေရိုင်းဖြစ်သည့်အတွက် အခြားနည်းအသုံးပြုခွင့်ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေ ရဲစခန်းနှင့် ရွာသစ်ကြီး နယ်မြေ ရဲစခန်းများအတွက် လိုအပ်လျက်ရှိသည့် ရုံး၊ လူနေ အဆောက်အဦနှင့် ရဲအချုပ်ခန်းများ အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မင်းကွန်းနယ်မြေ ရဲစခန်းတွင် စခန်းရုံး (အချုပ်ပါ) ၁ ထပ် သံကူကွန်ကရစ် ၁ လုံးနှင့် ၆ခန်းတွဲ ၄ထပ် သံကူကွန်ကရစ် ၁ လုံးတို့အားလည်းကောင်း၊ ရွာသစ်ကြီးနယ်မြေရဲစခန်းတွင် စခန်းရုံး (အချုပ်ပါ) ၁ထပ် သံကူကွန်ကရစ် ၁ လုံးနှင့် ၆ ခန်းတွဲ ၄ ထပ် သံကူကွန်ကရစ် ၁ လုံးတို့အား ဆောက်လုပ်ပေးနိုင်ရေးအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ) အသုံးစရိတ်တွင် တင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးကျော်ကျော်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင်က ပါမောက္ခချုပ် နှင့် ဒုတိယပါမောက္ခချုပ်ဆိုသည့် ခေါင်းစဉ်မှ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်(သင်ကြား) တို့၏ အရည်အချင်းသတ်မှတ်ချက်များတွင် မူလအဆိုပြု ပြဋ္ဌာန်းချက်တွင် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ရမည်ဟူ၍သာပါရှိပါကြောင်း၊ ပြင်ဆင် ဖြည့်စွက်လိုသည်မှာ ပါဋ္ဌိဘာသာနှင့် အင်္ဂလိပ်ဘာသာ အပြန်အလှန် ကျွမ်းကျင်ရမည် ဟူ၍ ဖြစ်ပါကြောင်း။

တက္ကသိုလ်ဒုတိယပါမောက္ခချုပ် (စီမံ)၏ အရည်အချင်းသတ်မှတ်ချက်များကို ဆက်လက် ဆွေးနွေးလိုပါကြောင်း၊ စီမံနှင့်ပတ်သက်၍ သတ်မှတ်ချက်မှာ နည်းပါးနေပါကြောင်း၊ မိမိလိုချင်သည့်သူကို ထည့်သွင်းရန်အတွက် အရည်အချင်းများ လျှော့ပေါ့ ထည့်ထားသည်ဟု မြင်မိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း၊ အုပ်ချုပ်ရေးအဖွဲ့ကို ဥပဒေဖြင့်သာ ထိန်းကျောင်းရမည် ဖြစ်ပါကြောင်း၊ မိမိလိုရာမိမိဆွဲသည့် ဂုဏ်သတ္တိနည်းနည်းဖြင့် စီမံခန့်ခွဲသည့် ဒုတိယ ပါမောက္ခချုပ်အဆင့်ကို ထားမည်ဆိုပါက တက္ကသိုလ်၏ဂုဏ်သည် ကျဆင်းနိုင်ပါ ကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များသည် ယခုကဲ့သို့ အားနည်းနေသည့် ဥပဒေများကို ပြတ်ပြတ်သားသားပြင်ဆင်ရမည့် တာဝန်ရှိသည့်အတွက် ယင်းအချက်ကို တင်ပြရခြင်းဖြစ်ပါကြောင်း ဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် က မူလအဆိုပြု ပြဋ္ဌာန်းချက်ဖြစ်သည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကောင်စီဝင်သည် ကောင်စီက သတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပြည်သူ့လွှတ်တော် အနေဖြင့် မူလအဆိုပြု ပြဋ္ဌာန်းချက်အတိုင်း အတည်ပြုထားသည်ကို တွေ့ရှိရပါကြောင်း၊ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်တွင် ရဟန်းတော်များနှင့် နိုင်ငံ့ဝန်ထမ်းမဟုတ်သောကောင်စီသည် ကောင်စီကသတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်ဟု မူလအဆိုပြု ပြဋ္ဌာန်းချက်၏ရှေ့ဆုံးတွင် ရဟန်းတော်များဟု ထည်သွင်း ပြင်ဆင်ထားသည်ကို တွေ့ရှိရပါကြောင်း။

မိမိအနေဖြင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ရဟန်းတော်များဟု သုံးနှုန်းပြင်ဆင်ထားသည့်အပေါ်တွင် ရဟန်းတော်ဆိုသည်မှာ တစ်ပါး သို့မဟုတ် အနည်းကိုသာ ကိုယ်စားပြု ရည်ညွှန်းအသုံးပြုပြီး အစုအဖွဲ့ အဖွဲ့အစည်းကို ကိုယ်စား ပြုသုံးနှုန်းသည်ကို မတွေ့ရှိရသည့်အတွက် ရဟန်းတော်ဆိုသည့်နေရာတွင် သံဃာတော်ဆိုသည်ကသာ အစုအဖွဲ့အများကို ကိုယ်စားပြုရည်ညွှန်း အသုံးပြုသည့်အတွက်  လည်းကောင်း၊ ယခုဖွဲ့စည်းသည့် ကောင်စီတွင် ပါဝင်သည့် နာယကများဖြစ်ကြသည့် ပါမောက္ခချုပ်ဆရာတော်၊ ဒုတိယပါမောက္ခချုပ်ဆရာတော် (သင်ကြား)၊ အတွင်းရေးမှူး ဖြစ်သည့် ဒုတိယပါမောက္ခချုပ်ဆရာတော် (စီမံ)နှင့် အဖွဲ့ဝင်ဆရာတော်များ ပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် အဆိုပါအဖွဲ့သည် အဖွဲ့အစည်းတစ်ရပ်၊ အစုအဖွဲ့ တစ်ရပ် ဖြစ်သွားသည့်အတွက် ရဟန်းတော်များဟု သုံးနှုန်းထားသည်ထက် သံဃာတော်များဟု သုံးနှုန်းသည်က ပိုမိုသင့်လျော်သည်ဟု ယူဆမိသည့်အတွက် သံဃာတော်များဟု သုံးနှုန်းပြင်ဆင်လိုပါကြောင်း ဆွေးနွေးသည်။

အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်နှင့် မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း တို့က ဆက်လက်ဆွေးနွေးကြသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို သြဂုတ် ၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်