ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး စတုတ္ထနေ့ ကျင်းပ

နေပြည်တော် ၂ သြဂုတ်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ်ကို လှူဒါန်းရန် တင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း ၁ ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ်ကို လှူဒါန်းရန် တင်ပြ၍ လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၏ ပွင့်လင်းသော အစိုးရအဖွဲဝင် (Open Government Partnership) ဖြစ်ရေး ဆက်လက်အကောင် အထည်ဖော်ဆောင်ရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်မှုအဖွဲ့မှ ကမ်းလှမ်းချက်အရ ပွင့်လင်းသောအစိုးရမဟာမိတ် (Open Government Partnership – OGP)သို့ ဝင်ရောက်နိုင်ရေးအတွက် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် OGP အဖွဲ့ဝင်ဖြစ်ရေး ဦးတည်ဆောင်ရွက်နေခြင်း မဟုတ်သော်လည်း လက်ရှိအစိုးရအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများသည် OGP စံသတ်မှတ်ချက်များဖြင့် ကိုက်ညီလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။

ဘဏ္ဍာရေးနှင့် ပတ်သက်၍ တင်ပြရမည်ဆိုပါက ဘဏ္ဍာရေးနှစ်အလိုက် ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ခြင်း၊ နိုင်ငံတကာမှ အကူအညီများ ရယူရာတွင် ပွင့်လင်းမြင်သာမှု ရှိရေးအစီအစဉ် (International Aid Transparency Initiative – IATI) အဖွဲ့ဝင်အဖြစ် လက်ရှိဆောင်ရွက်လျက်ရှိခြင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများမှ ပေးအပ်နေသည့် အကူအညီများကို ပွင့်လင်းမြင်သာစွာ ရယူနိုင်ရန် Aid Information Management System အားအသုံးပြုလျက် Website တည်ထောင် ထားရှိခြင်း၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ ၅ နှစ်စာ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန Website တွင် လွင့်တင်ထားရှိခြင်း၊ သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးကဏ္ဍနှင့် နိုင်ငံတော်၏ အခွန်ငွေစီးဆင်းမှု ပွင့်လင်းမြင်သာရှိစေရေးအတွက် ဒုတိယအကြိမ်နှင့် တတိယအကြိမ် EITI အစီရင်ခံစာများကို တင်သွင်းခဲ့ပြီး Myanmar EITI Website နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန Website တို့မှ ထုတ်ပြန်ကြေညာခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။

Access to Information နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်သံလိုင်းများဖြင့် ထုတ်လွှင့်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာ ၁၇ ဘာသာဖြင့် လည်းထုတ်လွှင့်ပေးလျက် ရှိပါကြောင်း၊ နေ့စဉ်သတင်းစာ မြန်မာဘာသာ ၂ စောင်၊ အင်္ဂလိပ်ဘာသာ ၁ စောင် ထုတ်ဝေလျက်ရှိပါကြောင်း၊ MOI Web portal Myanmar Facebook, Website (Myanmar, English) MOI Blog, MOI Twitter တို့ကို ဖွင့်လှစ်ထားရှိပြီး Myanmar Digital News ကိုလည်း News Portal မှ ထုတ်လွှင့်လျက်ရှိပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ (Right to Information Law) ဥပဒေမူကြမ်းကို ၁၁ ကြိမ် ဆွေးနွေးပြီး အခန်း ၁၄ ခန်း၊ ပုဒ်မ ၆၈ ခုဖြင့် ရေးဆွဲကာ ပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကပိုင်မီဒီယာများအနေဖြင့် သတင်းစာ ၄၆ စောင်၊ ဂျာနယ် ၅၄၂ စောင်၊ မဂ္ဂဇင်း ၄၄၄ အုပ်၊ သတင်းအေဂျင်စီ လုပ်ငန်း ၁၀၇ ခုတို့ကို ခွင့်ပြုထားခဲ့ပြီး ဈေးကွက်တွင် သတင်းစာ ၂၆ စောင်၊ ဂျာနယ် ၂၁၉ စောင်နှင့် မဂ္ဂဇင်း ၂၁၀ အုပ် ထုတ်ဝေလျက်ရှိပါကြောင်း။

ထို့ပြင် မြန်မာနိုင်ငံတွင် e-Government စနစ်အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိအစိုးရအနေဖြင့် e-Government  ဦးဆောင်ကော်မတီနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီတို့ကို နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၈ဖြင့် ဖွဲ့စည်းကာ မူဝါဒ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ ဦးစားပေးစီမံကိန်း သတ်မှတ်ရေး၊ ဝန်ဆောင်မှု အဆင်ပြေရန် ICT အခြေခံအဆောက်အဦနှင့် အထောက်အကူပြု အစီအမံများ ပြည့်စုံရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

လက်ရှိအစိုးရအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥ့ပဒေ ကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက် တွင်ပြဋ္ဌာန်းခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်တွင် ဖွဲ့စည်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၈ ခုနှစ် မေလ ၈ ရက် ရက်စွဲဖြင့် သတင်းထုတ် ပြန်ကြေညာခဲ့ပါကြောင်း၊ ထုတ်ပြန်ချက်တွင် နိုင်ငံတော်သမ္မတသည် မိမိဦးစီး တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်ဆိုင်မှုပစ္စည်းများကို တန်ဖိုးနှင့်တစ်ကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ဖွဲ့စည်း့ပုံအခြေခံဥပဒေပုဒ်မ ၆၈ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀ဝ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း။

အလားတူ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ယခင်ခန့်အပ်ခဲ့သော ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ထပ်မံခန့်အပ်ခဲ့သည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှု တန်ဖိုးများကို စာရင်းပြုစုပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၁ ပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော် သမ္မတထံသို့ ပေးပို့တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက် မှုအဖွဲ့ (Sector Coordination Group – SCGs)များတွင် NGO, INGO နှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေးများတွင်လည်း ကဏ္ဍအလိုက်တင် သွင်းနိုင်ရန် တိုင်းရင်းသားကိုယ်စားလှယ်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ စီးပွားရေးအသင်း အဖွဲ့များ၊ ပညာရှင်အစုနှင့် ပါဝင်သင့်ပါဝင်ထိုက်သည့် ကိုယ်စားလှယ်များ ပါဝင်သည့် ဆွေးနွေးပွဲများ ဆောင်ရွက်လျက် ရှိပါကြောင်း။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းလူသားချင်း စာနာမှုအကူအညီပေးရေး၊ ပြန်လည် နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီတွင် စီမံကိန်းလုပ်ငန်း အဖွဲ့များကို အရပ်ဘက်ကျွမ်းကျင်သူ ပုဂ္ဂိုလ်များဖြင့်သာ ဖွဲ့စည်းခဲ့ပြီး စေတနာ့လူငယ် ၃၅၁ ဦးက ပါဝင်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျယ်ပြန့်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီအနေဖြင့် UNCEDAW ကော်မတီကို ၄ နှစ် ၁ ကြိမ် အစီရင်ခံစာ တင်ပြနိုင်ရန်၊ အသိပေးချက်များ ဆောင် ရွက်ရန်၊ အာဆီယံအမျိုးသမီးရေးရာ ကော်မတီ၏ လုပ်ငန်းစီမံချက် ၂၀၁၆- ၂၀၂၀ အား အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ Sustainable Development  Goals (SDGs)တွင် ပါဝင်သော Gender Issues များကို အကောင်အထည်ဖော်ပြီး အမျိုးသမီးများ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတွင် အပြည့်အဝဆောင်ရွက်နိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း။

ထို့ကြောင့် ယခုအချိန်တွင် မြန်မာနိုင်ငံသည် OGP အဖွဲ့ဝင် မဟုတ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် OGP စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော လုပ်ငန်းကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်မှာ ပေါ်လွင်နေပါကြောင်း၊ လက်ရှိအစိုးရထံ အာဏာလွှဲပြောင်းခြင်း မပြုမီ ယခင်အစိုးရအနေဖြင့် ပွင့်လင်းသော အစိုးရအဖွဲ့ဝင် (Open Government Partnership)ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါကြောင်း၊ပယ်ဖျက်ခြင်း၊ ဖျက်သိမ်းခြင်း၊ ပျက်ပြယ်ခြင်းမရှိသည့် ကိစ္စများကို ဆက်လက်ဆောင်ရွက်သင့်က ဆောင်ရွက်နိုင်ပါကြောင်း၊ သို့သော် ပယ်ဖျက်ပြီး၊ ဖျက်သိမ်းပြီး၊ ပျက်ပြယ်ပြီးဖြစ်သည့် ကိစ္စရပ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုသည်မှာ မဖြစ်နိုင်ပါသဖြင့် OGP အဖွဲ့သို့ ဝင်ရောက်ရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၏ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆည်သုံးတန်ကျေးရွာ အခြေခံပညာ မူလတန်း (လွန်) ကျောင်းကို အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနအနေဖြင့် ၂၀၁၈- ၂၀၁၉ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်း ၃ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းခွဲပေါင်း ၄ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း ၆ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၁၇ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲပေါင်း ၁၁ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းပေါင်း ၃ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲပေါင်း ၄ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ပေါင်း ၄၈ ကျောင်း အဆင့်တိုးမြှင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခဲ့ရာတွင် ယခု တင်ပြထားသည့် ကျောင်းကိုလည်း အဆင့်တိုးမြှင့် ဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးလှဦးက အဆိုပါ ဥပဒေတွင် အခန်းပေါင်း ၁၈ခန်းနှင့် ပုဒ်မပေါင်း ၇၂ ခု ပါဝင်ပါကြောင်း၊ တိုင်းရင်းဆေးပညာဆိုသည်မှာ ကောင်စီ အသိအမှတ်ပြုသည့် ဘွဲ့၊ ဒီပလိုမာ ရရှိသူဆိုသည့် တိုင်းရင်းဆေးဆရာများနှင့် ပုဒ်မ ၁၅ (စ) တွင်ဖော်ပြထားသည့် တိုင်းရင်းဆေးပညာဖြင့် အသက်မွေးဝမ်း ကြောင်းပြုလျက်ရှိသည့် တိုင်းရင်းဆေးဆရာ ဟူ၍ နှစ်မျိုးတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းဆေးပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုလျက်ရှိသည့် တိုင်းရင်းဆေးဆရာဆိုသည့် နေရာတွင် အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အခန်း(၁)တွင် ထည့်သွင်း အဓိပ္ပာယ်ဖွင့်ဆိုရန် အကြံပြုလိုပါကြောင်း။

မူလအဆိုပြုချက်တွင် အများပြည်သူ ယုံကြည်လေးစားသည့် ပညာရှင် ၂ ဦးဆိုသည့် ပြဋ္ဌာန်းချက်ကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်က ပယ်ဖျက်ထားပါကြောင်း၊ ပယ်ဖျက်ရန် မလိုအပ်ဟု ယူဆပါကြောင်း၊ အဆိုပါနေရာတွင် အများပြည်သူ ယုံကြည်လေးစားသည့် ဥပဒေပညာရှင် ၂ဦးဟူ၍ ထည့်သွင်းသင့်ပါကြောင်း၊ တိုင်းရင်းဆေးပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိသည့် ကျော်ဇောထင်ရှားပြီး တိုင်းရင်းဆေးဆရာ ဖြစ်ထိုက်သူ၏ အရည်အချင်းများ သတ်မှတ်ခြင်း ဆိုသည့် ပြဋ္ဌာန်းချက်သည် ယေဘုယျဆန်သည်ဟု ယူဆပါကြောင်း။

 တိုင်းရင်းဆေးဆရာအဖြစ် မှတ်ပုံတင်ခြင်း ကဏ္ဍတွင် ကောင်စီက သတ်မှတ်ထားသော အရည်အချင်း ပြည့်မီသူ၊ ပြည့်မီမှု မရှိကြောင်း စစ်ဆေးတွေ့ရှိရသူဟူ၍ ဆွေးနွေးခဲ့သည့် ပုဒ်မများတွင် ပါဝင်သည့် ပုဂ္ဂိုလ်များကို တိုင်းရင်းဆေးဆရာအဖြစ် မှတ်ပုံတင်ရန်အတွက် ယေဘုယျ သတ်မှတ်ချက်ဖြင့် မဖော်ပြသင့်ပါကြောင်း၊ ရေရာတိကျသည့် ပြဋ္ဌာန်းချက်မျိုးဖြစ်ရန် လိုအပ်ပါကြောင်း၊ ဆေးကုသခွင့် လိုင်စင်ထုတ်ပေးရာတွင်လည်း ဆွေးနွေးခဲ့သည့် ပုဒ်မများတွင် ပါဝင်သည့် ပုဂ္ဂိုလ်များကို အထွေထွေ ဆေးကုသခွင့်လိုင်စင်ကို ကနဦးထုတ်ပေးရန် မသင့်လျော်ပါကြောင်း၊ တိုင်းရင်းဆေး အစွမ်းပြခဲ့ကြသည်မှာ မြန်မာ့ဆေးပညာ အမှန်တကယ် တတ်ကျွမ်းပြီး ထိုးထွင်းကြံစည် ဆုံးဖြတ်နိုင်သည့် ဉာဏ်စွမ်းများကြောင့် ဖြစ်ပါကြောင်း၊ အဆိုပါ ဉာဏ်စွမ်းများကို ပညာရပ်ဆိုင်ရာဖြင့်သာ သတ်မှတ်ပြဋ္ဌာန်းသင့်ပါကြောင်း ဆွေးနွေးသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးက ကောင်စီ၏ လုပ်ပိုင်ခွင့်များဆိုသည့် ပြဋ္ဌာန်းချက်အောက်တွင် ဆေးကုသခွင့်လိုင်စင် ထုတ်ပေးခြင်း၊ လိုင်စင်ရုပ်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်းလုပ်ပိုင်ခွင့်များကို ထည့်သွင်းသည်ကို  အကြံပြုတင်ပြ လိုပါကြောင်း၊ မူလဥပဒေကြမ်းတွင် မပါဝင်ဘဲ ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ဖြည့်စွက်ထားသည့် အပိုဒ်- ၁၄ (စ)ကို ပြန်လည်ပယ်ဖျက်သင့်ပါကြောင်း၊ တိုင်းရင်းဆေးပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုလျက်ရှိသည့် တိုင်းရင်းဆေးဆရာ ဖြစ်ထိုက်သူ၏ အရည်အချင်းကို သတ်မှတ်ခြင်းဆိုသည့် အချက်ကို ဖြည့်စွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် အခန်း(၁၁)တွင် လိုင်စင်ထုတ်ပေးနိုင်သည့် အရည်အချင်းသတ်မှတ်ချက်များကို ရှင်းလင်းစွာ တိတိကျကျပြဋ္ဌာန်းထားပြီး ဖြစ်သည့်အတွက် မလိုအပ်ခြင်း ဖြစ်ပါကြောင်း။

ထို့ပြင် အထူးဆေးကုသခွင့်လိုင်စင်ကို ပြည်တွင်းတိုင်းရင်းဆေး တက္ကသိုလ်ဘွဲ့ရနှင့် ပြည်ပ ဘွဲ့လွန်ဒီဂရီ၊ ဘွဲ့လွန်ဒီပလိုမာရရှိပြီး အရည်အချင်းပြည်ဝသူများကို ထုတ်ပေးသည်ဟု ဖွင့်ဆိုဖော်ပြထားပါကြောင်း၊ အထူးဆေးကုသခွင့်လိုင်စင်ထက် တစ်ဆင့်နိမ့်သည့် ယာယီကန့်သတ်ဆေးကုသခွင့် လိုင်စင်ကို ပြည်ပဆေးပညာဘွဲ့ရသည့် နိုင်ငံတကာတိုင်းရင်းဆေးဆရာကို ထုတ်ပေးသည်ဟု ဖွင့်ဆိုထားပါကြောင်း၊ ပြည်ပမှ ဆေးပညာဘွဲ့ရရှိသူကို အဆင့်နိမ့်သည့် ယာယီကန့်သတ်ဆေးကုသခွင့် လိုင်စင်သာပေး၍ ဒီပလိုမာသာ ရရှိသည့်သူကိုအထူးဆေးကုသခွင့်လိုင်စင် ရရှိနိုင်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းကို ပြန်လည်စိစစ်သတ်မှတ်ရန် လိုအပ်ပါကြောင်း။

ပြည်သူ့လွှတ်တော်မှ နိုင်ငံတကာဆေးပညာဆိုသည့် စကားရပ်ကို ပြည်ပတိုင်း ရင်းဆေးပညာဟူ၍ ပြင်ဆင်ထားသည်မှာ မဆီလျော်ပါကြောင်း၊ ဥပဒေတွင်လည်း နိုင်ငံတကာ တိုင်းရင်းဆေးပညာဆိုသည်မှာ အကြိမ်ကြိမ်ပါနေပြီး ဖြစ်သည့်အတွက် နိုင်ငံတကာဟူ၍ သုံးသင့်ပါကြောင်း ဆွေးနွေးသည်။

အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ ဒေါက်တာကျော်သန်းထွန်း (ကန်တုန်)ကလည်း ရှင်းလင်းဆွေးနွေးခဲ့သည်။

အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို သြဂုတ် ၃ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်