ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပ 

နေပြည်တော် ၁၇  သြဂုတ် 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာ ၂ခု ဖတ်ကြား၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် အဆို ၁ ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါက်တာ ခင်မောင်ဝင်း၏ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးအား အကြီးစားပြင်ဆင်မှုနှင့်အတူ ခုတင် ၁၀ဝ ဆံ့မှ ခုတင် ၂၀ဝ ဆံ့ ဆေးရုံကြီး အဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက  ကော့သောင်း ဆေးရုံတွင် အထူးကု ၉ မျိုးအနက် ၈ မျိုးရှိပါကြောင်း၊   ဘွဲ့လွန် ဆရာဝန် ၅ ယောက် ရှိပါကြောင်း၊ အထူးကုဆရာဝန် ၃ ဦးရှိသည့်အတွက် ထပ်မံခန့်ထားရန် လိုအပ်ပါ ကြောင်း၊ ခုတင် ၁၀ဝ မှ ခုတင် ၂၀ဝ တိုးမည်ဆိုပါက ခုတင် ၁၀ဝ ဆေးရုံတွင် ဝန်ထမ်း ၂၀၁ ဦးရှိရမည် ဖြစ်ပါကြောင်း၊ ကော့သောင်းဆေးရုံတွင် ၁၀၁ ဦးသာရှိပါ ကြောင်း၊  ခုတင် ၂၀ဝ ပေးမည်ဆိုပါက ဝန်ထမ်း ၅၉၄ ဦးနှင့် အထူးကု ဘာသာရပ် ပေါင်း ၁၇ မျိုး ပေးရမည် ဖြစ်ပါကြောင်း၊ လတ်တလောတွင် ပေးနိုင်ခြင်းလည်း မရှိသေးပါကြောင်း၊ ပေးမည်ဆိုပါကလည်း လိုအပ်ချက်အရပေး၍ မရသေးပါကြောင်း၊ အခြားလိုအပ်နေ သည့် အထူးကုဆရာဝန်များ ကြိုးစားပေးမည် ဖြစ်ပါကြောင်း။

 

ဆေးရုံ ပြင်ဆင်စရိတ်အနေဖြင့် လျာထားသော်လည်း တင်ပြချက်များ မှားနေသည့် အတွက် ချပေး၍မရပါကြောင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် စီစဉ်ပေးမည် ဖြစ်ပါကြောင်း၊ တန်ဖိုးငွေကျပ် သန်း ၆၄၀ ဖြင့် ၆ ခန်းတွဲ ၃ ထပ် ဝန်ထမ်းအိမ်ရာ ၁ လုံး တည်ဆောက်ပေးလျက် ရှိပါကြောင်း၊ ထို့ပြင် တန်ဖိုးအားဖြင့် ငွေကျပ်သိန်း ၅၆၈၀ ဖြင့် ၄ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ ၁ လုံးကိုလည်း ဆောက်လုပ်ရန် လျာထားပါကြောင်း ဖြေကြားသည်။

 

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) မှ ဦးစောချစ်ဦး ၏ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ ဇွဲမာန်အားကစားကွင်းအတွက် ပွဲကြည့်စင်တစ်ခု၊ ခြံစည်းရိုး ကာရံခြင်းနှင့် မြေထိန်းနံရံ ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့တွင်ရှိသည့် ဇွဲမာန်အားကစားကွင်းနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ရာတွင် မီတာ (၄၀ဝ) ပြေးလမ်းပါ အဆင့်မီ ဘောလုံးကွင်း ဆောက်လုပ်ရန်အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ် အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ငွေကျပ်သန်း ၉၀ ရရှိခဲ့ပြီး ၂၀၁၈ခုနှစ် မတ် ၃၁တွင် အားလုံး ပြီးစီးသွားပြီ ဖြစ်ပါကြောင်း။

 

 

ဇွဲမာန်အားကစားကွင်းသည် အပြင်ခြံစည်းရိုး ပေ ၂၇၀ဝ လုပ်ငန်းကိုလည်းကောင်း၊ အတွင်း ခြံစည်းရိုး ပေ ၁၈၀ဝ လုပ်ငန်းကိုလည်းကောင်း ပြည်နယ်ဘတ်ဂျက်မှ ထည့် သွင်း တောင်းခံသည့်အခါတွင် ပြည်နယ်ငွေစာရင်းဦးစီးဌာနမှ ခွဲဝေချထားခြင်းမရှိပါ ကြောင်း၊ ထို့ကြောင့် ၂၀၁၉ - ၂၀၂၀ တွင် ပွဲကြည့်စင်ဆောက်ခြင်း၊ ခြံစည်းရိုး ကာခြင်းနှင့် မြေထိန်းနံရံ ပြုလုပ်ခြင်း လုပ်ငန်းများကို ပြည်နယ်တွင် ထည့်သွင်းပေးမည် ဖြစ်ပါကြောင်း၊ ထည့်သွင်း၍ မရပါက ပြည်ထောင်စုဘတ်ဂျက်မှ အသင့်အတင့် ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။အလားတူ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ ဒေါက်တာလင်း ဝေဖြိုးလတ်၏ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမျိုးအောင်  က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းရာတွင် ကော်မတီ၏ သဘောထားမှတ် ချက်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်း၏ အကြံပြုဆွေးနွေးချက်များ အနက်မှ မူလဥပဒေပုဒ်မ - ၃ ပုဒ်မခွဲ (စ) အဖြစ် ပြင်ဆင်ဖြည့်စွက်ရန် အကြံပြုဆွေးနွေးချက်သည် လယ်ယာမြေကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်း၍ ပြန်လည်ဝေခြမ်းပေးရန်ဖြစ်ကြောင်း လေ့လာတွေ့ ရှိရပါကြောင်း၊ ကော်မတီအနေဖြင့် ဤလုပ်ငန်းစဉ်သည် ခေတ်စနစ်နှင့် လျော်ညီ မှုမရှိခြင်း၊ ဈေးကွက်စီးပွားရေး စံနှုန်းများနှင့် ညီညွတ်မှု မရှိခြင်းတို့ကြောင့် ပြင်ဆင်ဖြည့် စွက်ရန် လိုအပ်ခြင်း မရှိကြောင်း သဘောထား ရရှိခဲ့ပါကြောင်း။

 

သို့ဖြစ်ပါ၍ ကော်မတီသည် ဥပဒေကြမ်းအပေါ် အကြံပြုဆွေးနွေးခဲ့သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တို့မှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်မှ ပညာရှင်များနှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဖြစ်ပါသဖြင့် ဥပဒေကြမ်းကော်မတီက မူလတင်ပြထားသည့် ပြင်ဆင်ချက်များနှင့် ယခုထပ်မံ တင်ပြသည့် ပြင်ဆင်ချက်များအတိုင်း အမျိုးသားလွှတ်တော်က အတည်ပြု ဆောင်ရွက်နိုင်ပါရန်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်း၏ မူလ ဥပဒေ ပုဒ်မ - ၃ ပုဒ်မခွဲ (စ) ပြင်ဆင် အကြံပြုချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ ဆောင်ရွက်သင့်ပါကြောင်း ရှင်းလင်းပြောကြားသည်။ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်း အား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်အုန်းကြည် က ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာ ကို ပြန်လည်ဖတ်ကြား ရှင်းလင်းရာတွင် ကော်မတီ၏ သဘောထား မှတ်ချက်အနေဖြင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း ၏ အကြံပြု ဆွေးနွေးချက်များ အနက်မှ ပုဒ်မ - ၂ ပုဒ်မခွဲ (ခ) အဖြစ် ပြင်ဆင်ဖြည့်စွက်ရန် အကြံပြု ဆွေးနွေးချက်သည် အဓိပ္ပာယ်တိကျမှု မရှိခြင်း၊ စကားလုံး အသုံးအနှုန်း ကျစ်လစ်မှု မရှိခြင်း၊ ပိုမို၍ ရှုပ်ထွေးသည့် ဖော်ပြချက်များဖြစ်ခြင်းတို့ကြောင့် ပြင်ဆင်ဖြည့်စွက်ရန် မသင့်ကြောင်း နှင့်  ပုဒ်မ - ၁၀ ပုဒ်မခွဲ (ခ)နှင့် (ဂ)တို့သည် သြဝါဒါစရိယအဖွဲ့၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် လိုအပ်သည့် ပြဋ္ဌာန်းချက်များ ဖြစ်ခြင်းတို့ကြောင့်  ပယ်ဖျက်ရန် မသင့်ကြောင်း ဥပဒေကြမ်းကော်မတီက သဘောထား ရရှိခဲ့ပါကြောင်း။

 

သို့ဖြစ်ပါ၍ ကော်မတီသည် ဥပဒေကြမ်းအပေါ် အကြံပြုဆွေးနွေးခဲ့သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှ ပညာရှင်များနှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဖြစ်ပါသဖြင့် ဥပဒေကြမ်းကော်မတီက မူလတင်ပြထားသည့် ပြင်ဆင်ချက်များနှင့် ယခုထပ်မံတင်ပြသည့် ပြင်ဆင်ချက်များအတိုင်း အမျိုးသား လွှတ်တော်က အတည်ပြုဆောင်ရွက်နိုင်ပါရန်နှင့် ဦးတင်အောင်ထွန်း၏ ပုဒ်မ - ၂ ပုဒ်မခွဲ (ခ) ပြင်ဆင်ချက်နှင့် ပုဒ်မ - ၁၀ ပုဒ်မခွဲ(ခ) နှင့် (ဂ) ပယ်ဖျက်ချက်တို့ကို  လွှတ်တော်၏ အဆုံးအဖြတ် ရယူဆောင်ရွက်သင့်ပါကြောင်း ရှင်းလင်းပြောကြားသည်။ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ယင်းနောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၏ မြန်မာနိုင်ငံတွင် လယ်ယာဥယျာဉ်ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော် ရောင်းစားနေကြခြင်းတို့ ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာခြင်း၊ မြို့ပေါ်နှင့် ကျေးရွာများတွင် နောင်တချိန် လိုအပ်ပါက အသုံးပြုနိုင်ရန် ချန်လှပ်ထားသော မြေလွတ်များ ပျောက်ဆုံး ကုန်ခြင်း စသည်တို့နှင့် အဓိကသက်ဆိုင်သော စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင် သာယာရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့် (ကော်သုံး ကော်) တို့၏ လျော့ရဲပြီး အဂတိတရားမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်း အကောင် အထည် ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်ဆွေက ကော်သုံးကော်ကို ထိန်းညှိဆောင်ရွက်ရာတွင် ပြည်သူအားလုံး စိတ်ချမ်းသာစေမည့် လမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်သင့်ပါကြောင်း၊ တောင်သူလယ်သမားများ၏ အခွင့်အရေးကို ကြည့်သကဲ့သို့ အခြားနည်း အသုံးပြုချင်သည့် သူများကို ဥပဒေနှင့်အညီ သုံးစွဲခွင့်ရရန်လည်း စဉ်းစားပေးသင့်ပါကြောင်း၊ ဥပဒေစည်းကမ်းများ အနေဖြင့်လည်း ပြည်သူလူထု လိုက်နာချင်အောင် ရေးဆွဲပြဋ္ဌာန်းခြင်းမျိုး ဖြစ်သင့်ပါကြောင်း၊ အရေးယူ သည့် ရှုထောင့်တစ်ခုမှ မကြည့်ဘဲ လူထု၏ လိုအင်ဆန္ဒနှင့် လိုက်လျောညီထွေ ဖြစ်အောင် ဝိုင်းဝန်းစဉ်းစားပေးရန် လိုအပ်ပါကြောင်း။

 

 

တိုးပွားလာသည့် လူဦးရေဖြင့် လိုက်လျောညီထွေဖြစ်အောင် မြို့ကွက်များ စနစ်တကျ ရိုက်ပေးခြင်းလည်း လုပ်ဆောင်သင့်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မြေလွတ်၊ မြေရိုင်းများကို ဖော်ထုတ်ပြီး စိုက်ပျိုးမြေတိုးပွားရေးကို ဆောင်ရွက်မည်ဆိုပါက မြေအ ခက်အခဲများလည်း အဆင်ပြေသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးအေးမင်းဟန် က မြန်မာနိုင်ငံရှိ မြို့ပြ၊ ကျေးရွာများနှင့် ထိစပ်နေသည့် လယ်မြေ၊ ဥယျာဉ်၊ ခြံမြေများသာမက မြို့များရှိ မြို့မြေ၊ ကျေးလက်ဒေသရှိ ယာမြေ၊ တောမြေ၊ စားကျက်မြေ၊ မြေလွတ် မြေရိုင်း၊ ကိုင်းကျွန်း မြေများတွင် အကွက်ချ ခြံစည်းရိုးခတ်ခြင်း၊ နေအိမ်ဆောက်ခြင်းများကို ပြုလုပ်လာခဲ့ရာ  မြေလွတ်မြေများ ပျောက်ဆုံးကုန်ခြင်းနှင့် လယ်ယာမြေ၊ ဥယျာဉ်၊ ခြံမြေများ လျော့ နည်း လာခြင်းတို့ကို နိုင်ငံတစ်ဝန်းလုံးရှိ နေရာဒေသတိုင်းတွင် ဖြစ်ပေါ်လျက် ရှိပါကြောင်း၊ ယခုကဲ့သို့ ဖြစ်ပေါ်လာရခြင်းသည် တာဝန့်ရှိအစိုးရအဖွဲ့များ၏ အရေးယူမှု လျော့ရဲ ခြင်း၊ ကော်သုံးကော်၏ လုပ်ဆောင်မှု လျော့ရဲခြင်း၊ အဂတိတရားမကင်းခြင်းနှင့် မတော် လောဘသမားများနှင့် အောက်ခြေဝန်ထမ်းများ ပူးပေါင်းကြံစည်လုပ်ဆောင်မှုတို့ ကြောင့် ဖြစ်ပါကြောင်း။

 

ထို့ပြင် လယ်မြေ၊ ဥယျာဉ် ခြံမြေ များသာမက မြို့မြေ၊ စားကျက်မြေ၊ ကိုင်းကျွန်းမြေစ သဖြင့် အခြားမြေများတွင်လည်း အကွက်ချ ခြံစည်းရိုးခတ်ခြင်းများ လုပ်ဆောင် နေသည့်အတွက် အားလုံးကို လွှမ်းခြုံနိုင်ရန် ဆွေးနွေးခဲ့ကြသည့်အတိုင်း လယ်မြေ၊ ဥယျာဉ်ခြံမြေနှင့် အခြားမြေများကို အဆိုတွင် ဖြည့်စွက်လိုပါကြောင်း ဆွေးနွေးသည်။

 

ယင်းအဆိုကို ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးညီစိန်၊ ရခိုင်ပြည်နယ် မဲဆန္ဒ နယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင် မောင်လတ် တို့က ဆက်လက်ဆွေးနွေးကြ သည်။ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို သြဂုတ် ၂၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်