ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

နေပြည်တော် ၂၂ ဇန်နဝါရီ

 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး  စတုတ္ထနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ  အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ဥပဒေကြမ်း ၁ ခု ဆွေးနွေးခြင်းနှင့် အဆို ၁ ခုဆွေးနွေးခြင်းတို့ကို ဆောင်ရွက် ကြသည်။ 

 

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြရာ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်က  ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်ဖြစ်သည့် ဤဥပဒေကို ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေဟု ခေါ်တွင် စေရမည် ဟု ဆိုသည့်အပိုဒ်အား ဤဥပဒေကို ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ မှတ်ပုံတင်ဥပဒေဟု ခေါ်တွင်စေရမည်ဟု ပြင်ဆင်လိုပါကြောင်း၊ အပိုဒ် ၂(ဂ)၊ (င)တွင် ပါရှိသည့် မူလပြဋ္ဌာန်းချက်ဖြစ်သည့် အသက်သုံးနှစ်ပြည့်ပြီး အသက်ငါးနှစ်မပြည့်သေးသော ရှေးဦးကလေးသူငယ်များဆိုသည့် အပိုဒ်အား  အသက်သုံးနှစ်ပြည့်ပြီး အသက်ငါးနှစ်မပြည့်သေးသော ရှေးဦးကလေးသူငယ်များ (မသန်စွမ်း ကလေးများအပါအဝင် အထူးလိုအပ်ချက်ရှိနေသော ကလေး များ)ဟု ပြင်ဆင်လိုကြောင်းနှင့် ဥပဒေကြမ်းပါ အပိုဒ်အလိုက် မူလပြဋ္ဌာန်းချက်၊ ပြင်ဆင်ဖြည့်စွက်လို သည့်အချက်၊  ပြည်သူ့လွှတ်တော် အတည်ပြုချက်၊ ပြင်ဆင်လိုသည့်အချက်တို့နှင့် စပ်လျဉ်း၍ တစ်ပိုဒ် ချင်းစီအလိုက် ဆွေးနွေးသည်။ 

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံးက ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေသည် မူဝါဒပါအချက်များ အခြေခံခြင်းမရှိသောကြောင့် အသစ်ပြန်လည်ရေးဆွဲသင့်ပါကြောင်း၊ ဥပဒေ၏အခန်း (၁)တွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေဟု ဆိုရာတွင် ဥပဒေတစ်ရပ်လုံးတွင် နေ့ကလေးထိန်း ဌာနနှင့် မူလတန်း ကြိုကျောင်းများ ဖွင့်လှစ်နိုင်ရန် မှတ်ပုံတင်ခြင်း ဆောင်ရွက်ခြင်းသာဖြစ်နေပြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒနှင့် ကိုက်ညီမှုမရှိ သောကြောင့် ဤဥပဒေကို “ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းဥပဒေ” ဟု ပြောင်းလဲသင့်ပါကြောင်း။ 

 

အခန်း(၃)၊ ပုဒ်မ(၅)နှင့် အခန်း(၄)၊ ပုဒ်မ(၇)တို့တွင် ကြီးကြပ်ရေးအဖွဲ့သည် မိဘများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အကြံပြုချက်နှင့် တိုင်ကြားချက်များအား လက်ခံဆွေးနွေး ဖြေရှင်းပေးရန် တာဝန်ရှိ သည်ဟု အပိုဒ်တစ်ပိုဒ် ထပ်မံဖြည့်စွက်သင့်ပါကြောင်း၊ ပုဒ်မ(၈) (ဂ)နှင့် ပုဒ်မ (၁၉) (ဂ) တို့တွင်  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနေရာတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဟု ပြင်ဆင်သင့် ပါကြောင်း၊ ပုဒ်မ(၁၃) (က)နှင့် ပုဒ်မ(၂၄) (က)နှင့် (ခ)တို့တွင် ရက်ပေါင်း (၆၀)အစား ရက်ပေါင်း (၃၀)ဟု ပြင်ဆင်သင့်ပါကြောင်း ဆွေးနွေးသည်။ 

 

အလားတူ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုးနှင့်  ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး တို့က ဆွေးနွေးကြသည်။

 

ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ မြန်မာနိုင်ငံတွင်  သူငယ်တန်းမှစ၍ တက္ကသိုလ်ဝင်တန်း (အထက်တန်း) အောင်မြင်ပြီးချိန်အထိ အင်္ဂလိပ်ဘာသာရပ်ကို မသင်မနေရ ဘာသာရပ်တစ်ခုအဖြစ် ပြဋ္ဌာန်းသင်ကြားပေးနေသော်လည်း အထက်တန်းအဆင့် ပညာရေးပြီးဆုံး ချိန်တွင်  ကျောင်းသူ၊ ကျောင်း သားအများစု၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသား၊ ပြောဆို ဆက်သွယ်နိုင် စွမ်းမှာ နိမ့်ကျနေဆဲဖြစ်ပါသည်။ ထို့ကြောင့် အထက်တန်းပညာရေး ပြီးဆုံးချိန်မှာ အင်္ဂလိပ်ဘာသာဖြင့် အတိုင်းအတာတစ်ခုအထိ ထိရောက်စွာရေးသားပြောဆို ဆက်သွယ်နိုင်ရန်အတွက် (Grade 9) အဋ္ဌမတန်းမှစတင်၍ အင်္ဂလိပ်စာဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံနည်းစနစ်များ၊ အကဲဖြတ်စနစ်(စာမေးပွဲ)ကို ခေတ်နှင့်လျော်ညီစွာ စွမ်းရည် ၄ မျိုး (4 skills- Reading, Writing, Speaking, Listening) ပါဝင်သော စနစ်သို့ ပြုပြင်ပြောင်းလဲသင်ကြားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။ 

 

မကွေးတိုင်းဒေသကြီး အမှတ်(၁)မဲဆန္ဒနယ်မှ ဦးလှဆန်းက ယခုအစပျိုးနေသည့် KG တန်း၊ KG+1 Grade (1)များတွင် အပြောနှင့် နားထောင်နိုင်စွမ်းအပိုင်း၌ လက်ရှိအနေအထားတွင် အောင်မြင် ခြေများသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ တစ်ဖြည်းဖြည်း အတန်းမြင့်လာသည့်အခါတွင် အဆိုရှင် ၏ အဆိုကဲ့သို့ Grade-9 မှစ၍ အထက်တန်းပညာရေးပြီးဆုံးချိန်တွင် ပညာရေးကဏ္ဍအတွက် အောင်မြင်မှုဖြစ်နိုင်ခြေ များနိုင်မည်ဆိုသည်ကို စဉ်းစားရမည်ဖြစ်ကြောင်း၊ သင်ကြားမည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍမှာလည်း အရေးကြီးလာပါကြောင်း၊ ဆရာဆရာမများက သင်ကြား နည်း စနစ်မတတ်ကျွမ်းလျှင် တပည့်များတွင် ပါရမီရှိသူမှလွဲ၍ မဖြစ်နိုင်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် မျိုးဆက်များ အာဆီယံတွင်သာမက ကမ္ဘာ့အလယ်ပညာစွမ်းပကားဖြင့် မြှင့်တင်နေနိုင်ရေး၊ ခေတ်မီ လုပ်သားများဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးအတွက် သင်ကြားနိုင်ရန် ဆရာ ၊ ဆရာမများ မွေးထုတ် ပေးနိုင်ရန်လည်း လိုအပ်လာပါကြောင်း၊ဆက်သွယ်ရေးစနစ်၊ နည်းပညာစနစ်မျိုးစုံ၊ ပညာရေးကဏ္ဍနှင့် သုတေသနကဏ္ဍများတွင် အင်္ဂလိပ် စာသည် ကမ္ဘာတွင် ပေါင်းကူးတံတားသဖွယ် လမ်းကူးဆောင်ရွက်နေကြပါကြောင်း၊ ထို့ကြောင့် အဆိုရှင်၏အဆိုကို ဆက်လက်ဖော်ဆောင်နိုင်ရန် လေးလေးနက်နက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။ 

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးချစ်ထွေးက အဆိုရှင်တင်သွင်းသည့် အဆိုသည် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်နေသည့် KG+12 (၂၀၁၆-၂၀၂၁) အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းနှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ KG တန်းများကို ၂၀၁၆ ခုနှစ်မှစတင်သင်ကြားနေပြီး ၂၀၁၇ ခုနှစ်တွင် Grade(1) အတန်းကို စတင်သင်ကြားနေပါကြောင်း၊ ယခု ၂၀၁၈ ပညာသင်နှစ်တွင် Grade(2) အတန်းကို သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သင်ရိုးညွှန်း တမ်းရေးဆွဲရေး ကော်မတီ ၂၀၂၂ တွင် Grade 12 အထိ သင်ရိုးသစ်များကို အပြီးသတ်ရေးဆွဲပြဋ္ဌာန်းမည်ဟု ဆိုပါကြောင်း၊ ထိုသင်ရိုးသစ်များတွင် အဆိုရှင်၏ အင်္ဂလိပ်ဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံနည်းစနစ်များ၊ အကဲဖြတ်စနစ်(စာမေးပွဲ) ကို ခေတ်နှင့်လျော်ညီစွာ စွမ်းရည်(၄)မျိုး အကဲဖြတ်စနစ်ပါဝင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်အဆိုရှင်၏ အဆိုသည် မြန်မာနိုင်ငံ၏ ပြောင်းလဲ နေပြီဖြစ်သည့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းနှင့် ကိုက်ညီလိမ့်မည်ဟု ယူဆပါ ကြောင်း ဆွေးနွေးသည်။ 

 

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးခင်မောင်ချိုက ယနေ့ခေတ်တွင် သင်ယူမှုပုံစံ အမျိုးမျိုးရှိ သည့်နက် အသုံးများ သင်ယူမှုပုံစံများသည် လက်တွေ့လှုပ်ရှားမှုဖြင့် သင်ယူခြင်း၊ အမြင်ဖြင့် သင်ယူခြင်း၊ အကြားဖြင့်သင်ယူခြင်း၊  အလုံးစုံဆက်စပ် လေ့လာသင်ယူခြင်းတို့ဖြင့် သင်ကြား နေသည်ကို တွေ့ရှိရပါကြောင်း၊ မျက်မှောက်ခေတ်ကာလ ဖွံ့ဖြိုးစနိုင်ငံများတွင် ပညာခေတ်၏ စိန်ခေါ်မှုများကို  ရင်ဆိုင်နေရသောကြောင့်  လူသားများဘဝရပ်တည်ရာ လူ့သမိုင်းတွင် လူသားအား လုံးသည် အသက်အရွယ် အပိုင်းအခြားအလိုက် သင်ကြားမှု၊ သင်ယူမှုများကို မဖြစ်မနေလုပ် နေရမည်ဖြစ်ပါကြောင်း၊  ဆရာ၊ ဆရာမများကလည်း မိမိတို့သင်ကြားပေးနေသော ကျောင်းသား၊ ကျောင်းသူများကို အတန်းလိုက်၊ အရွယ်လိုက်သိသင့်သည်များကို သိရှိနိုင်ရေး လေ့လာလေ့ ကျင့်ပြီးမှသာ ပြန်လည်သင်ကြားပေးရမည်ဖြစ်ပါကြောင်း။ 

 

ပညာရေးကို ဖြတ်လမ်းနည်းဖြင့် လိုက်၍မရပါကြောင်း၊ ယခုရေတွင်းတူး ယခုရေကြည်သောက်၍ မရပါကြောင်း၊ ပညာရေးသည် ရေရှည်ဆောင်ရွက်ရသော သိမ်မွေ့နက်နဲသော ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းဖြစ်ပြီး ပညာရေးတွင် 4 Skills ကို ကျွမ်းကျင်လိုပါက ပဓာနကျသော ပုဂ္ဂိုလ်များမှာ ပညာရေးကို ဦးစီးဆောင်ရွက်နေသော ပညာရေးဝန်ကြီးဌာနရှိ တတ်သိပညာရှင်များ၊ မိဘများ၊ ဆရာများနှင့် မှတ်သားသင်ယူ လိုစိတ်ရှိသော ကျောင်းသား၊ ကျောင်းသူများသာ အဓိကဖြစ်ကြောင်း ဆွေးနွေးသည်။ 

 

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးက  နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးပြုပြင် ပြောင်းလဲမှု စီမံချက်တစ်ရပ်အနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ ကို ရေးဆွဲပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထိုစီမံကိန်းစာအုပ်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဥယျောဇဉ်တွင် လာမည့်ငါးနှစ်တာကာလအတွင်း ကျောင်းသား များ၊ လူငယ်များနှင့် အရွယ်ရောက်သူများ၏ ဘဝတစ်သက်တာ ပညာသင်ယူရရှိနိုင်ရန်နှင့် အလုပ် အကိုင် အခွင့်အလမ်းများရရှိနိုင်စေရန် မြန်မာနိုင်ငံ၏ အမျိုးသားပညာရေးစနစ်ကို အဓိကထား ပြောင်းလဲပေးရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ပြောင်းလဲပေးရာတွင် အရည်အသွေးနှင့် သာတူညီမျှရှိပြီး ကလေးများနှင့် လိုက်လျောညီထွေမှုရှိသော ပညာရေးစနစ်သည် မရှိမဖြစ်လိုအပ်လာပါကြောင်း၊ သို့မှသာ ကလေးများအနေဖြင့် အသိပညာသစ်များနှင့်  တတ်ကျွမ်းမှုများ၊ ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုများနှင့် ကျင့်ဝတ်များရရှိကာ မိမိတို့အတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများကို ရွေးချယ်တတ်လာစေခြင်းဖြင့် ၂၁ ရာစု မြန်မာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုး တက်မှုအတွက် အကျိုးပြုနိုင်မည် ဖြစ်သည်ဟု  ဖော်ပြထားသည့်အတွက် နိုင်ငံတော်၏ ပညာရေး အတွက် ပကတိအရှိတရားနှင့် ဆောင်ရွက်ရမည့် လိုအပ်ချက်များနှင့် ရည်မှန်းချက်များသည် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍတစ်ခုကို အောင်မြင်စွာအကောင်ထည်ဖော်ရန် မီးမောင်း ထိုးပြထားသကဲ့သို့ အဆိုရှင်၏ ရည်ရွယ်ချက်နှင့်လည်း ထပ်တူကျလိမ့်မည်ဟု ယုံကြည်မိပါကြောင်း၊  မျှော်မှန်းချက်၊ ရည်မှန်းချက်များကို ပညာရေးဝန်ကြီးဌာနအနေဖြင့်  အမျိုးသားပညာရေး မဟာဗျူ ဟာစီမံကိန်းကို ချမှတ်ပြီး အင်္ဂလိပ်စာစွမ်းရည်  ၄ ရပ် အပါအဝင် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍသစ်ကို စတင်အကောင်အထည် ဖော်ဆောင်နေပြီဖြစ်ပါသဖြင့် အဆိုရှင်၏အဆိုကို လွှတ်တော်၌ မှတ်တမ်းအဖြစ်သာ ထားရှိသင့်ပါကြောင်း ဆွေးနွေးသည်။အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်းတို့က ဆွေးနွေးကြသည်။ 

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက   မူလတန်းပညာရေးသည် ပညာရေးစနစ်တစ်ခုလုံး၏ အခြေခံအုတ်မြစ် ဖြစ်ပါသဖြင့် အခြေခံအုတ်မြစ် မူလတန်းပြဆရာ၊ ဆရာမများ အတွေ့အကြုံ၊ ရင့်ကျက်မှုနှင့် အရည်အသွေး ပိုမိုကောင်းမွန်လာ ရေးအတွက်  မူလတန်းပြရာထူး၊ အလယ်တန်းပြရာထူး၊  အထက်တန်းပြရာထူးများ ခန့်ထားသည့် စနစ်များကိုလည်း  အရည်အချင်းသတ်မှတ်ချက် ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရေး စီစဉ်သွားရ မည်ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ပထမတန်း အင်္ဂလိပ်စာဘာသာရပ် ကျောင်း သုံးစာအုပ်ကို အင်္ဂလိပ်စာစွမ်းရည် ၄ မျိုး ဖွံ့ဖြိုးတိုးတက်စေရန် ပြုစုထားပါကြောင်း၊ English Subject သင်ကြားနည်းတွင် Participatory method, Interactive method များဖြင့်  အင်္ဂလိပ်စာစွမ်းရည် ၄ မျိုးရရှိအောင် သင်ကြားနည်းသစ်များသုံး၍ ပြောင်းလဲသင်ကြားနိုင်ရန် သင်ရိုးများရေး ဆွဲနေပြီဖြစ် ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပထမတန်းမှ ဒွါဒသမတန်းအထိ စွမ်းရည် ၄ မျိုးကို အခြေခံသော သင်ရိုးညွှန်းတမ်းအသစ်များဖြင့် သင်ကြားသွားမည်ဖြစ်ပါကြောင်း။ 

 

အင်္ဂလိပ်စာစွမ်းရည် ၄ မျိုးအပေါ် အခြေခံ၍ ပြင်ဆင်ရေးဆွဲသွားမည့် သင်ရိုးညွှန်း တမ်းအသစ်များ အပေါ် သင်ကြားနည်းစနစ်အသစ်များဖြင့် စနစ်တကျ လေ့ကျင့်မွေးထုတ်သွားမည်ဖြစ်သဖြင့် ထိုသို့ မွေးထုတ်ပေးလိုက်သော ဆရာ၊ ဆရာများက  အင်္ဂလိပ်စာဘာသာရပ်ကို ထိရောက်စွာ သင်ကြားနိုင် မည်ဖြစ်သည့်အတွက် အထက်တန်းအဆင့် ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ သည် အင်္ဂလိပ်စာဘာသာရပ်ကို အတိုင်းအတာတစ်ခုအထိ ထိရောက်စွာရေးသားပြောဆိုလာနိုင် စေရန် ဦးတည်အထောက်အကူပြုမည့် ကျောင်းသုံးဖတ်စာအုပ်များ ပြုစုအသုံးပြုသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ရှင်းလင်းပြောကြားသည်။ 

 

ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်(၁၁)မှ ဒေါ်ထုမေ၏ အဆိုနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက မှတ်တမ်းအဖြစ်ထားရှိရန် ဆွေးနွေးတင်ပြပြီး အဆိုရှင်က လွှတ်တော်၏ အဆုံးအဖြတ် ရယူမည်ဖြစ်ကြောင်း တင်ပြသဖြင့် စက်ခလုတ်နှိပ်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၉၆ မဲ၊ ကန့်ကွက်မဲ ၁၀၂ မဲနှင့် ကြားနေမဲ ၁ မဲဖြစ်ရာ ကန့်ကွက်မဲများသဖြင့် အဆိုအား အတည်မပြုဘဲ မှတ်တမ်းအဖြစ်သာ ထားရှိမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဇန်နဝါရီ ၂၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

 အေးအေးသန့်၊ မျိုးသူဟိန်း