ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် နဝမပုံမှန် အစည်းအဝေး (ဒုတိယနေ့) ဆောင်ရွက်

လွိုင်ကော် ၃၀ မတ် 

 

ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် နဝမပုံမှန် အစည်းအဝေး (ဒုတိယနေ့) အား မတ် ၃၀ ရက်နေ့  နံနက် ၁၀ နာရီ အချိန်က ကယားပြည်နယ် လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၃) ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် သုံးဦး၊ ဗမာတိုင်း ရင်းသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ စုစုပေါင်း (၁၆)ဦး တက်ရောက်ကြသည်။

 

 

အစည်းအဝေးတွင် တက်ရောက်လာကြသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ ဦးက မေးခွန်း ၁၀ ခုမေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

 

ဆက်လက်ပြီး ဒီမောဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင်၏ “ယင်းတလဲ (ပြန်တလိုင်) စာပေသင်ရိုးညွှန်းတမ်းအား ကယားပြည်နယ် လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခြင်း၊ ကယားပြည်နယ်၏ မြေယာခွန် ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက အကြံပြုဆွေးနွေးခြင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာ အထိ(၆)လ ဒေသန္တရ စီမံကိန်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ကြေညာခြင်း၊ ကယားပြည်နယ် လွှတ်တော် တိုင်စာ ပစ်စာ လေ့လာဆန်းစစ်ရေး အဖွဲ့ဝင်များ အဖြစ်မှ နုတ်ထွက်ခြင်းနှင့် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီအဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ခြင်းတို့အား လွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူခြင်း၊ ပြည်နယ် စာရင်းစစ်ချုပ်၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခြင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ် ကယားပြည်နယ် ဥပဒေချုပ်၏ လုပ်ငန်းဆောင်ရွက်ချက်များအား အစီရင်ခံ တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ထို့နောက် ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက (၁၃၇) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ ညီလာခံသို့ တက်ရောက်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် အဖွဲ့၏ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာအား ကယားပြည်နယ်လွှတ်တော်သို့ ကောက်နုတ်တင်ပြခဲ့ကြောင်း ပြည်နယ် ပြန်/ဆက် ဦးစီးဌာနမှ သတင်းရရှိသည်။

 

MDN