ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပ

လွိုင်ကော် ၁၂ ဇွန်

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့ နံနက် ၁ဝ နာရီက ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၁၄)ဦး၊ တပ်မ တော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် (၁)ဦး၊ စုစုပေါင်း (၁၉)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း (၉၅%) တက်ရောက်ကြသောကြောင့် ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော်ဒသမပုံမှန် အစည်းအဝေး (ဒုတိ ယနေ့)ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

အစည်းအဝေးတွင် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ဒုတိယနေ့)တွင် အစည်း အဝေးမတက်ရောက်နိုင်၍ ယမန်နေ့က ခွင့်ပန်ကြားသော တပ်မတော်သားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁)ဦး ဖြစ်ပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးက အတည်ပြု မှတ်တမ်းတင်ခဲ့သည်။

ဆက်လက်၍ မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ “ကယား ပြည်နယ်အတွင်း တရားမဝင်သွားလာနေကြသည့် နိုင်ငံခြားသားများအား မည်ကဲ့သို့ စီမံဆောင်ရွက် ထားရှိသည်ကို သိရှိလိုကြောင်း”၊ “တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဂိတ်များတွင် တာဝန်ကျသည့် သက်ဆိုင် ရာဝန်ထမ်းများအား မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း”၊ စပ်လျဉ်းသည့် မေးခွန်း မ+ျားအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးကြီးမြင့်ဝေက ပြန်လည်ရှင်းလင်းဖြေကြား၍ လည်းကောင်း၊ “ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၄ ခုနှစ်တွင် ဝယ်ယူထားသော Skat Dumper များ၏ ငှားရမ်းခရငွေများကို မည်သည့်ဘတ်ဂျက်သို့ ပေးသွင်းထားကြောင်း သိရှိလိုကြောင်း”နှင့် “ဘီလူးချောင်းကူးတံတား ( ဒေါနိုးကူး - ဒေါတမ ) တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့်မေးခွန်းများအား ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

“(၂၃-၄-၂၀၁၈)ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးဆန္ဒပြမှုနှင့် ပတ်သက် ၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက်ထားကြောင်း”နှင့် “ကယားပြည်နယ်ရန်ပုံငွေဖြင့် မည်သည့်ဆိတ်မျိုးကို မည်သည့်ဒေသမှ ဝယ်ယူခဲ့ကြောင်း၊ လက်ရှိဖြစ်ထွန်းအောင်မြင်မှုအခြေအနေအား သိရှိ လိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းများအား ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဝန်ကြီး ဦးဘော့စ်ကိုက ပြန်လည်ရှင်းလင်းဖြေကြား၍လည်းကောင်း၊ “လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးတွင် အရိုးအကြော ခွဲစိတ်အထူးကုဆရာဝန် ထပ်မံခန့်ထားပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ပြန်လည်ရှင်းလင်း ဖြေကြား၍ လည်းကောင်း၊ “ပြည်နယ်အစိုးရအဖွဲ့၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်မှ သုံးစွဲမှုများအား သိရှိလိုကြောင်း” နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ကိုယ်စား ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးတီရယ်က ပြန်လည်ရှင်းလင်း ဖြေကြား၍လည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်းပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးလိုပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၆)ဦးမှ ဆွေးနွေးခဲ့ကြပြီး မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ ဆွေးနွေးချက်အရ ၂၀၁၄ ခုနှစ်၊ ကယားပြည်နယ်လွှတ်တော် နည်းဥပဒေ အပိုဒ် ၃၁ (ဎ)အရ အစည်းအဝေးကို ရွှေ့ဆိုင်းပေးနိုင်ပါရန် တင်ပြခဲ့သောကြောင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးကျင်းပမည့် (တတိယနေ့)ကို (၁၅-၆-၂၀၁၈)ရက်နေ့ တွင် ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့သည်။

ဆက်လက်၍ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီအဖွဲ့ဝင်တွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သွားပြီဖြစ်သော တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနေထွန်း၏ နေရာတွင် ဗိုလ်မှူးမျိုးမင်းထက် (တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်)အား အစားထိုးတာဝန် ပေးအပ်ခြင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း၊ ဥပဒေလေ့လာစိစစ် အကြံပြုရေးကော်မတီ အဖွဲ့ဝင်တွင် လုပ်ငန်းလိုအပ်ချက်အရ ဗိုလ်ကြီးဇော်မင်းထွန်း (တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်)အား ဖြည့်စွက်တာဝန်ပေးအပ်ခြင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြ၍ လွှတ်တော်၏ အတည်ပြုချက်ရယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပနေမှုအား ကယား ပြည်နယ်၊ ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာအသင်းမှ လူငယ် (၃၇)ဦး လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်