ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေး ပထမနေ့ ကျင်းပ

မကွေး ၂၄ ဇူလိုင်

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ကို ဇူလိုင် ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာ မိန့်ခွန်းအား မကွေးတိုင်းဒေသကြီး လွှတ်တော်တွင် မှတ်တမ်း တင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၉)ခုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၄)ဦးက ပြန်လည်ဖြေကြားသည်။ ထို့နောက် မြိုင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ ဦးသက်နိုင်က မကွေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်မီး ရရှိသော ကျေးရွာများ၊ လျှပ်စစ်မီးရရှိရန် ကြိုးစားဆောင်ရွက်နေကြသော ကျေးရွာများ အားလုံးကို ဥပဒေ၊နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် ညီညွတ်သော ကျေးရွာမီးလင်းရေး ကော်မတီများအဖြစ် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ပေးရန်နှင့် တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲ ပိုင်ခွင့်ရှိသော (၁၁)ကေဗွီလိုင်းများအား ဥပဒေနှင့်အညီ ပြတ်သားစွာ ကိုင်တွယ် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့တင်သွင်းရာ စေတုတ္တရာမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်ညိုညိုဦးက ထောက်ခံဆွေးနွေးပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘော တူသည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း သိရသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ကို ၁၁ နာရီခွဲ အချိန်တွင် ရပ်နားပြီး ဒုတိယနေ့ အစည်းအဝေးကို ဇူလိုင် ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)