ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကျင်းပ

မော်လမြိုင်    ၂၅     ဩဂုတ်

  

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက် ၁၀ နာရီက မော်လမြိုင် မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ကြယ်ပွင့်ပြမေးခွန်း(၅)ခု မေးမြန်းရာ သက်ဆိုင်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက ပြန်လည်ဖြေကြားသည်။

 

ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ မတ်လအထိ (၆)လပတ်အစီရင်ခံစာကို အမည်စာရင်းတင်သွင်းထားသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးအောင်နိုင်ဦး တို့က ထောက်ခံဆွေးနွေးခြင်းအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် ကပြန်လည်ရှင်းလင်းပြောကြားပြီး ပြည်နယ်လွှတ်တော်ဥက္ကဌ က လွှတ်တော်တွင်မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ထို့နောက် မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စ ရပ်များလေ့လာသုံးသပ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ၎င်းကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူ က ဆွေးနွေးတင်ပြခြင်း၊ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးများအရေး ဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ၎င်းကော်မတီ ဥက္ကဌ ဦးဇော်ဇော်ထူး က ဆွေးနွေးတင်ပြခြင်းတို့ကို မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ က အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလို သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ ထို့နောက် မွန်ပြည်နယ်လွှတ်တော်(၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ရပ်နားခဲ့ပြီး သြဂုတ်(၂၆)ရက် နံနက်(၁၀)နာရီတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

 

ပြည်နယ်(ပြန်/ဆက်)