ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ

နေပြည်တော် ၆ သြဂုတ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၏ “SIM Card မှတ်ပုံတင်ခြင်းကို နိုင်ငံသားမှတ်ပုံတင် မူရင်းဖြင့်သော်လည်းကောင်း၊ Biometric စနစ်ဖြင့်သော်လည်းကောင်း မှတ်ပုံတင်ခြင်းပြုလုပ်မည့် အစီအစဉ်ကို သိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက SIM Card မှတ်ပုံတင်ခြင်းကို Biometric နှင့် သတ်မှတ်ထားသော အချက်အလက်များဖြင့် စတင်ဆောင်ရွက်နိုင်ရန် Common Database စနစ်ကို ၂၀၂၀ ခုနှစ် ဇွန်လကုန် မတိုင်မီ ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

Common Database စနစ်ဖြင့် SIM Card အသစ်ဝယ်ယူမှုများကို မှတ်ပုံတင်ခြင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိမှတ်ပုံတင်ထားသည့် SIM Card များကိုလည်း အချိန်ကာလ တစ်ခုသတ်မှတ်၍ Biometic စနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ခြင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။


အဆိုပါ Common Database စနစ်ကို တည်ဆောက်ပြီး SIM Card များကို Biometric နှင့် အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းဖြင့် မိုဘိုင်းဖုန်းအသုံးပြုသူများသည် Mobile Banking, Mobile Money, Mobile Payment Online Shoping အစရှိသော Online ဝန်ဆောင်မှု များကို လုံခြုံစိတ်ချစွာဖြင့် အသုံးပြုလာနိုင်မည်ဖြစ်ပြီး အများပြည်သူ လုံခြုံရေးကိုလည်း ထိရောက်စွာ အကာအကွယ်ပေးနိုင်မည်ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ခန္တီးမဲဆန္ဒနယ်မှ ဦးအောင်သန်းစိန်၏ “ခန္တီးမြို့နှင့် ကျေးရွာအုပ်စု (၉)အုပ်စုမှ ကျေးရွာများသည် ခန္တီးရတနာ နယ်မြေအတွင်း ကျရောက်နေပါသဖြင့် ပြန်လည်စိစစ်၍ ရတနာနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ခန္တီးမြို့ဧရိယာ၊ ထမံသီဘေးမဲ့တော ဧရိယာ၊ ခန္တီးရတနာနယ်မြေဧရိယာနှင့် ဟူးကောင်းချိုင့်ဝှမ်း ဘေးမဲ့တောဧရိယာများသည် ခန္တီးမြို့နယ်အတွင်း နေရာများထပ်နေပြီး ရှုပ်ထွေးမှုများရှိနေသည့်အတွက် မြေအသုံးချမှုဆိုင်ရာကိစ္စရပ်များ၊ သတ္တုတူးဖော်မှု ဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များတွင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ပြီး တိတိကျကျ နယ်မြေသတ်မှတ်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးနိုင်ပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ပြချက်အပေါ် ဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်ရန်မရှိကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ပြန်လည်တင်ပြခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ခန္တီးရတနာ နယ်မြေနှင့် ထပ်နေသည့် ဘေးမဲ့တောဧရိယာများကို နယ်နိမိတ်တိတိကျကျ သတ်မှတ်နိုင်ရေးနှင့် ရတနာနယ်မြေအတွင်း ကျရောက်နေသည့် ခန္တီးမြို့နယ်နှင့် ကျေးရွာများ၏ ဧရိယာများကို ခန္တီးရတနာနယ်မြေမှ ပယ်ဖျက်ပေးနိုင်ရေးအတွက် ဆက်စပ်ဌာနများမှ ဝန်ထမ်းများပါဝင်သည့်အဖွဲ့သည် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။ 

ထို့ပြင် မိုးမိတ်မဲဆန္ဒနယ်မှ ဦးတိုးသောင်၏ “မိုးမိတ်မြို့နယ် တောင်ပေါ်ဒေသများတွင် ဆက်သွယ်ရေး တာဝါတိုင်များ စိုက်ထူပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသာဦးက လည်းကောင်း၊  ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၏ “လျှပ်စစ်မီးမရ ရှိနိုင်သေးသည့် ဒေသများတွင် သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်နှင့် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချနိုင်ရန် ထင်းအစားထိုး အခြားလောင်စာသုံးစွဲခြင်း အသိပညာပေးလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်ရန် အစီအစဉ် ရှိ၊မရှိ ”မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လည်းကောင်း၊ ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး(ခ)ဦးအတွတ်၏ “လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနအနေဖြင့် မြေကြီးမြေပုံမှန်ကန်ရေးအတွက် မည်ကဲ့သို့စီမံခန့်ခွဲအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကိုသိလိုခြင်း” မေးခွန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၏ “လယ်ယာ၊ အိမ်၊ ခြံမြေတို့၏ နယ်နိမိတ်အငြင်းပွားမှုများကို လျင်မြန်ထိရောက်စွာ ဖြေရှင်းပေးနိုင်မည့် လုပ်ထုံးလုပ်နည်းတစ်ရပ် ဖော်ဆောင်ပေးရန် အစီအစဉ်ရှိ၊မရှိ ”မေးခွန်းနှင့် လှည်းကူးမဲဆန္ဒနယ်မှ ဦးသိန်းတန်၏ “သမဝါယမ ဦးစီးဌာန ဝန်ထမ်းများက သမဝါယမဘဏ်(CBဘဏ်)တွင် ထည့်ဝင်ထားသော အစုရှယ်ယာငွေများအပေါ် နှစ်စဉ်အမြတ်ခွဲဝေပေးခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းပြီးသော သမဝါယမအသင်းများ၏ ငွေစုဘဏ်စာရင်းရှိ စုဆောင်းငွေများကို မည်သို့စီမံဆောင်ရွက်ထားကြောင်း သိလိုခြင်း”မေးခွန်းများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ က တင်သွင်းသည့် “အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်း” ကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတင်ပြချက်ပါ ပြင်ဆင်ချက်အတိုင်း အတည်ပြုရန် လွှတ်တော်၏သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်းနှင့် လွှတ်တော်ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ဆက်လက်၍ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း တင်သွင်းသည့် “လယ်ယာသားငါးကဏ္ဍ ထုတ်လုပ်မှု၊ အထွက်နှုန်း၊ အရည်အသွေးမြင့်မား၍ နိုင်ငံခြားသို့ တင်ပို့နိုင်စေရန် သုတေသနနှင့် တိုးချဲ့ထုတ်လုပ်ရေးစနစ် (Research and Extension System) ပိုမိုအားပေး ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ ဘိုကလေးမဲဆန္ဒနယ်မှ ဦးမင်းသိုင်းက မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများသည် သီးနှံဈေးနှုန်းသတ်မှတ်ချက်မရှိခြင်း၊ သီးနှံဈေးကွက်မရှိခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ လုပ်အားခကြီးမားခြင်း၊ အရင်းအနှီးနည်းပါခြင်း၊ အသိပညာနှင့် နည်းပညာများ အားနည်းခြင်း၊ တန်ဖိုးမြင့်ထုတ်ကုန်များ မထုတ်လုပ်နိုင်ခြင်း စသည်ဖြင့် ဘက်ပေါင်းစုံအားနည်းလျက်ရှိပါကြောင်း၊ အချို့လယ်ယာသားငါးထုတ်ကုန်များကို  အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းနေရသည်ကို စိတ်မကောင်းစွာကြားသိရပါကြောင်း။

မြန်မာနိုင်ငံသည် တစ်ချိန်က ကမ္ဘာ့ဆန်အိုးကြီး၊ ကမ္ဘာ့ဆီအိုးကြီးအဆင့်ထိ ရှိခဲ့ပါကြောင်း၊ တောင်သူလယ်သမား တိုးတက်မှ နိုင်ငံတိုးတက်မည်ဖြစ်သကဲ့သို့ နိုင်ငံတိုးတက်မှ တောင်သူလယ် သမားဘဝ ပိုမိုမြင့်မားလာမည်ဖြစ်သည့်အတွက် လက်ရှိအခြေအနေတွင် မဖြစ်မနေဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း ထောက်ခံဆွေးနွေးသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးလှကျော်က  လက်ရှိဒေသတွင်း နိုင်ငံများနှင့် မိမိတို့နိုင်ငံ နှိုင်းယှဉ်ပါက ကွာဟချက် ရှိနေဆဲဖြစ်ပါကြောင်း၊ သို့သော် ဝန်ကြီးဌာနအနေဖြင့် ရှိရင်းစွဲ အရင်းအမြစ်များကိုအသုံးချ၍ ဆက်စပ်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အစဉ်တစိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် “လယ်ယာ သားငါးကဏ္ဍ ထုတ်လုပ်မှု၊ အထွက်နှုန်း၊ အရည်အသွေးမြင့်မား၍ နိုင်ငံခြားတင်ပို့နိုင်စေရန် သုတေသနနှင့် တိုးချဲ့ထုတ်လုပ်ရေးစနစ်ကို ဦးတည်ဆောင်ရွက်နေသည့် ကာလဖြစ်သည့်အလျောက် ယခုတင်သွင်းသည့် အဆိုသည် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အရှိန်အဟုန်ကောင်းကောင်းဖြင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို များစွာအထောက် အကူဖြစ်ပြီး မိမိတို့လုပ်ငန်းအပေါ်တွင် အားဖြည့်ပေးသည့် အဆိုတစ်ရပ် ဖြစ်နေသည့်အတွက် အဆိုအား အတည်ပြုသင့်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် အဆိုအား အတည်ပြုသည်။

ကန်ပက်လက်မဲဆန္ဒနယ်မှ ဦးညွန့်ဝင်းတင်သွင်းသည့် “မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အဖိုးတန် ကျွန်းသစ်နှင့် ဈေးကွက်ဝင်သစ်မာများ ထွက်ရှိရာဒေသများ၌ အစိုးရ၏ အစီအစဉ်ဖြင့် သစ်အချောထည်စက်ရုံများ တည်ဆောက်ပေးနိုင်ရေး လိုအပ်သော နည်းပညာနှင့် အရင်းအနှီးများ ပံ့ပိုးပေးမည့် အစီအမံကောင်းများ ချမှတ်ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဘုတ်ပြင်း မဲဆန္ဒနယ်မှ ဦးနေလင်းထွန်းက ၁၉၇၅ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းဧရိယာသည်  ၆၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၉၉၀ ခုနှစ်ကစပြီး ၂၀၁၀ ခုနှစ်အထိ နှစ် (၂၀) ကာလ အတွင်း နှစ်စဉ်သစ်တောဖုံးလွှမ်းမှု ဝ ဒသမ ၉၅ ရာခိုင်နှုန်း နှစ်စဉ် ဆုံးရှုံးလျော့ကျနေသည်ဟု သုတေသန စစ်တမ်းများအရ သိရှိရပါကြောင်း၊ သစ်တောပြုန်းတီးမှုကိုဖြစ်စေသည့် အဓိကအကြောင်းရင်းသည် တရားမဝင်သစ်ထုတ်လုပ်ခြင်းနှင့် ဆက်စပ်နေသည့် သစ်ကုန်သွယ်မှုများကြောင့်ပင် ဖြစ်ပါကြောင်း၊ စည်းကမ်းမဲ့ တရားမဝင်သစ်ထုတ်ယူခြင်း၏ အကျိုးဆက်များအဖြစ် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေပါကြောင်း။

သစ်တောအတန်းအစားနှင့် သစ်တောဖုံးလွှမ်း ဧရိယာကျဆင်းခြင်းနှင့်အတူ အပူလွန်ကဲသည့် ဖြစ်စဉ်များ၊ ရေအရင်းအမြစ်များ ခမ်းခြောက်လာသည့်ဖြစ်စဉ်နှင့် ရာသီဥတုဖောက်ပြန်သည့် ဆိုးကျိုးများကို ခံစားရပြီး ယနေ့ မြန်မာလူနေမှုဘဝကို ခြိမ်းခြောက်နေပြီဖြစ်ပါကြောင်း၊  တရားမဝင် သစ်ထုတ်ယူမှုများကြောင့် နှစ်စဉ် နိုင်ငံတော်၏ ဝင်ငွေနှင့် အခွန်ငွေများစွာကိုလည်း နစ်နာဆုံးရှုံးစေသကဲ့သို့ တရားမဝင်သစ်ကုန်သွယ်မှုများမှ အကျင့်ပျက်ချစားမှု တံခါးပေါက်ကြီးကို ဖွင့်ထားသကဲ့သို့ ဖြစ်နေပါကြောင်း။

ပြည်သူလူထုကို အကျိုးမပြုသည့် ခေတ်စနစ်နှင့်မလျော်ညီတော့သည့် သစ်တောဥပဒေ ကန့်သတ်ချက်များကို ဖြေလျော့ပြုပြင်ပြီး ပြည်သူလူထုကို အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် ထိရောက်သည့် ပြဋ္ဌာန်းချက်များနှင့်အတူ ပြည်သူလူထုကိုယ်တိုင်ကာကွယ်၊ လူထုကိုယ်တိုင် အစု အဖွဲ့ပိုင်သစ်တောများ စိုက်ပျိုးထူထောင်ပြီး သစ်တောထွက် သယံဇာတများမှတဆင့် လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် အစီအမံကောင်းများ ပြင်ဆင်ချမှတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ သံတောင်ကြီးမဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်နှင့် ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်တို့က အကြံပြုဆွေးနွေးကြသည်။

အဆိုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက နိုင်ငံတော်၏ မူဝါဒအရ နှစ်စဉ် သစ်ထုတ်လုပ်မှု လျှော့ချနေခြင်း၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းကဏ္ဍ မြှင့်တင်ရေးအတွက် သစ်လုံးကုန်ကြမ်းများ ဖြည့်ဆည်းပေးခြင်းနှင့် သစ်စက်များကို လျှော့ချဖျက်သိမ်းလျက်ရှိခြင်းတို့ကြောင့် မြန်မာ့သစ်လုပ်ငန်းအနေဖြင့် သစ်အချောထည်စက်ရုံများ ထပ်မံတိုးချဲ့တည်ဆောက်ရန် အစီအစဉ်မရှိသေးပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူသုံးသစ်များအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ကုန်ကြမ်းများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရန် သစ်ကုန်ကြမ်းဖြန့်ဖြူးရောင်းချ ပေးရန်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ရေရှည်ကုန်ကြမ်းရရှိစေရန်အတွက် ပုဂ္ဂလိကစိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပုဂ္ဂလိကသစ် အချောထည်စက်များ၊ တည်ထောင် ခွင့်ပြုထားခြင်းနှင့် မြန်မာနိုင်ငံအနေဖြင့် သစ်တောများထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို လိုက်နာဆောင်ရွက်နေရသည့်အတွက် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိပေးပါရန် ရှင်လင်းပြောကြားသည်။ 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ မှတ်တမ်းတင်စောင့်ကြည့်ရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်ရန် ဆုံးဖြတ်ပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။

သတင်း-မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ-ထန်းဖုန်