ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော် ၂၃ ဇူလိုင် 


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဘဏ်များနှင့်ငွေ ကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးချုပ်နိုင်ဝင်း အစား ဗိုလ်မှူးချုပ် သက်ထွန်းအောင်ကို လည်းကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးချုပ် သက်ထွန်းအောင် အစား ဗိုလ်မှူးကြီးမင်းသော်ကို လည်းကောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးကြီးဝင်းလွင်ဦး အစား ဗိုလ်မှူးကြီး/ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့်ကို လည်းကောင်း အစားထိုးလဲလှယ်ဖွဲ့စည်းခြင်းကို လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။


ထို့နောက် မန်တုံမဲဆန္ဒနယ်မှ ဒေါ်နန်းမိုး၏ ပြည်သူ့ဝန်ထမ်းများက နိုင်ငံဘဏ္ဍာအား အလွဲသုံးစားပြုလုပ်ပါက ပြန်ပေးလျော်စေခြင်းသည် အဂတိလိုက်စားမှုကို လျှော့ချရာရောက်၊ မရောက် သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်သန်းမြင့်က  ပြည်သူ့ဝန်ထမ်းများက နိုင်ငံ့ဘဏ္ဍာ အလွဲသုံးစားပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၁၀ ပါ တာဝန်များတွင် ပုဒ်မခွဲ(ဃ)၌ နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် အလွဲသုံးစားမှု မပြုရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ကို ပြဋ္ဌာန်းထားပါကြောင်း၊ ယင်းတာဝန်ကို ပျက်ကွက်ပါက  ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဌာနဆိုင်ရာနည်းလမ်းအရ အရေးယူနိုင်ကြောင်း ပုဒ်မ ၃၈ တွင် ပြဋ္ဌာန်းထားသည်ကိုလည်း တွေ့ရှိရပါကြောင်း။


အဆိုပါတာဝန်ပျက်ကွက်မှုအတွက် ဝန်ထမ်းအပေါ် ဌာနဆိုင်ရာအရေးယူမှုတွင် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်(၉)မျိုးအနက် ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ် တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်ကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို ပေးလျော်စေရန် ဥပဒေပုဒ်မ ၅၃(စ)နှင့် နည်းဥပဒေ ၂၁၀  နည်းဥပဒေခွဲ (စ)တို့တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါကြောင်း၊  ယင်းပြဋ္ဌာန်းချက်အရ နိုင်ငံ့ဘဏ္ဍာ အလွဲသုံးစားလုပ်သည့် ဝန်ထမ်းအပေါ် ဌာနဆိုင်ရာအရေးယူမှုတွင် ပြစ်ဒဏ်တစ်ရပ်ရပ်ချမှတ်ပြီး ဆုံးရှုံးမှုတန်ဖိုးကို ပေးလျော်စေခြင်းသည် နိုင်ငံ့ဘဏ္ဍာ မဆုံးရှုံးစေရေးအတွက် ပြန်လည်ရရှိအောင် ဆောင်ရွက်ခြင်းနှင့် နောင်အလားတူ ကိစ္စမျိုးမဖြစ်နိုင်စေရန် တားဆီးကာကွယ်ခြင်းလည်း ဖြစ်နိုင်ပါကြောင်း။


သို့ပါ၍ ပြည်သူ့ဝန်ထမ်းများသည် နိုင်ငံ့ဘဏ္ဍာကို အလွဲသုံးစားပြုလုပ်ကြောင်း စစ်ဆေးပေါ်ပေါက်လာပါက အလွဲသုံးစားပြုလုပ်သော ငွေကြေးပမာဏအား ပြန်လည်ပေးလျော်စေခြင်းသည် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေနှင့် ကိုက်ညီမှုမရှိဟု  မဆိုနိုင်သော်လည်း အဂတိလိုက်စားမှုကို လျှော့ချနိုင်သည်ဟု ကောက်ယူရန် လုံလောက်မှုရှိနိုင်မည် မဟုတ်ပါကြောင်းနှင့် အဂတိလိုက်စားမှုများကို လျှော့ချရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူအပြစ်ပေးခြင်းအပြင် အဂတိလိုက်စားမှု မဖြစ်ပေါ်မီ ကြိုတင်တားဆီးကာကွယ်ခြင်း နည်းလမ်းများကို ကျင့်သုံးမှသာ အဂတိလိုက်စားမှု လျှော့ချနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။


ပုသိမ်ကြီး မဲဆန္ဒနယ်မှ ဦးသောင်းဌေးလင်း၏ မန္တလေးမြို့ စက်မှုဇုန်အနီး ကျေးရွာနေ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးနှင့် အသစ်ပေါ်ထွက်လာသော ရပ်ကွက်ကြီးများနှင့် ပတ်သက်ပြီး မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက  စက်မှုဇုန်အနီးရှိ ဇီးအုပ်ကျေးရွာ၊ ကံကြီးကုန်း ကျေးရွာ၊ ရွာသစ်ကလေးကျေးရွာနှင့် ညောင်ပင်ကုန်းကျေးရွာ မြေနေရာတို့သည် ယခင် ပုသိမ်ကြီးမြို့နယ်တွင်ပါဝင်ပြီး မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၏ ၁၉၉၈ ခုနှစ် မတ် ၆ ရက် ရက်စွဲပါအမိန့်အရ ကွင်းအမှတ် (၅၃၅)၊ (၅၁၈/က)၊ (၅၁၈/ခ) တို့ဖြစ်သော ဇီးအုပ်ကွင်း၊ ရေလောင်ကွင်းမြေနေရာများကို မြို့ကွက်သစ်ဖော်ထုတ်ရေး လုပ်ငန်းအဖွဲ့သို့ မန္တလေးမြို့ တိုးချဲ့မြေနေရာအဖြစ် လ/န (၃၉) ဖြင့် ခွင့်ပြုခဲ့ပါကြောင်း။


မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၃(ည)၊ ၄၊ ၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အဖြစ် သတ်မှတ်ကြေညာခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်သောအဖွဲ့ဖြင့် ခွင့်ပြုဘဏ္ဍာငွေ အခြေအနေပေါ်မူတည်၍ မြို့ကွက်သစ်လမ်းများအား တိုင်းတာဖော်ထုတ်လမ်းခင်းခြင်း၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးခြင်း၊ ရေရရှိရေးဆောင်ရွက်ပေးခြင်း၊ တရားမဝင် ကျူးကျော်နေထိုင်သူ (၅၀၀၀)ကျော်အား ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းခြင်း၊ မြေငှားဂရန် ရရှိထားသူများအား စနစ်တကျ မြေနေရာသတ်မှတ်ပေးခြင်း၊ အကွက်ရိုက်ချထားပေးခဲ့ခြင်း မရှိသော မြေကွက်ကျန်များအား စနစ်တကျ စီမံခန့်ခွဲခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။


အသစ်ဖော်ထုတ်ခဲ့သော ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွက်အတွင်းရှိ မူလ ဇီးအုပ်ကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ရွာသစ်ကလေးကျေးရွာနှင့် ညောင်ပင်ကုန်းကျေးရွာများမှ မူလရွာမြေအတွင်း  နေထိုင်သူများသည် ဂရန်သစ်လျှောက်ထားလာပါကမြို့ ပြအင်္ဂါရပ်နှင့် ညီညွတ်စေရန် တာဝန်ပေးဖွဲ့စည်းထားသော မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင် ခေါင်းဆောင်သော  လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သော လမ်းများ၏ အကျယ်ကို သတ်မှတ်ပြီး မြေငှားဂရန် လျှောက်ထားခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။


ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၏ ပွင့်ဖြူမြို့နယ်၊  မဲဇလီအုပ်စု၊ လယ်မကျေး ရွာအနောက်ဘက်ကွင်းအမှတ် (၇၃၁) ရှိ ယာမြေများအား ရာသီမရွေး စိုက်ပျိုးရေ ရရှိရန်အတွက် မုန်းချောင်းမှ လျှပ်စစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မုန်းချောင်းမှ လျှပ်စစ်ဖြင့် ရေတင်စိုက်ပျိုးနိုင်ရေးအတွက် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း အခြေအနေကို ကွင်းဆင်းဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် စီမံခဲ့သော်လည်း ရန်ပုံငွေလျာထားပါဝင်မှု မရှိသည့်အတွက် မဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေဖြစ်ပါကြောင်း၊ သို့ပါ၍ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးကို စီမံပေးသွားမည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ရှင်းလင်းဖြေကြားသည်။


ဆက်လက်၍ ချီဖွေမဲဆန္ဒနယ်မှ ဦးဇုံးတိန့်၏ ချီဖွေမြို့ မြို့ပေါ်ရပ်ကွက် (၄)ခုနှင့် မြို့အနီးရှိရွာများတွင် နေထိုင်သော ပြည်သူများအတွက် ပြည်သူများအတွက် ကျန်းမာရေးနှင့် ညီညွတ်သော သောက်သုံးရေသန့် လုံလောက်စွာရရှိရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ကလည်းကောင်း၊ ဝက်လက်မဲဆန္ဒနယ်မှ ဦးမြင့်သိန်း၏ ဝက်လက်မြို့နယ်ရှိ ကျေးရွာ (၆)ရွာ၏ ရေသောက်ဧက (၅၀၀၀) အတွက် တပ်ရွာမြေရေတင်စီမံကိန်းမှ ဝက်လက်မြို့နယ်သို့  ရေပေးဝေမည့်လက်တံ (၇) ရေပေးမြောင်းစနစ်အား ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က  လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။
အလားတူ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၏ မင်းတုန်းမြို့နယ်၊ ကြို့၀ကျေးရွာအုပ်စု၊ ငှက်ပျင်းကျေးရွာရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအား အခြေခံပညာမူလတန်း ကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ မက်မန်း မဲဆန္ဒနယ်မှ ဦးတင်အေး၏ မက်မန်းမြို့နယ်၊ အေးကျန့်ကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်း (နယ်ခြားစောင့်တပ်)တွင် (၆၀ပေ × ၃၀ပေ) တစ်ထပ် စာသင်ကျောင်းဆောင် (၁)ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ သနပ်ပင်မြို့နယ် အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသော ဆရာ၊ ဆရာမများအား ဖြည့်ဆည်းခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် နိုင်ငံအဝန်း ဆရာ၊ ဆရာမ လိုအပ်ချက်များအား မည်သို့ဖြည့်ဆည်း ခန့်ထားပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် ဘုတ်ပြင်းမဲဆန္ဒနယ်မှ ဦးနေလင်းထွန်း၏ ဘုတ်ပြင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန် ကျောင်းအား အခြေခံပညာ အလယ်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းဖြေကြားသည်။


ယင်းနောက် ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးစိုးမြင့် (ခေါ်) ဦးအောင်ဇော်မြင့်က ရေနံစူးစမ်းရှာဖွေခြင်း၊ ရေနံတူးဖော်စမ်းသပ်ခြင်းနှင့် ရေနံထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းပြီး ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက အစီရင်ခံစာဖတ်ကြား ရှင်းလင်းသည်။


ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။


ထို့နောက် ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း တင်သွင်းသည့် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community –AEC) အကောင်အထည်ဖော်ရာတွင် အဓိကလုပ်ငန်းစဉ်ဖြစ်သည့် (ASEAN Free Trade Agreements-AFTA) အားထူထောင်ရမည်ဖြစ်သည်။ သို့မှသာ ကုန်စည်များ လွတ်လပ်စွာစီးဆင်းခြင်း (Free Flow of Goods) ကို ဆောင်ရွက်ရပါမည်။ ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ ထုတ်လုပ်သော ကုန်ပစ္စည်းများသည် မြန်မာ့စံချိန်စံညွှန်း (Myanmar Standard & Specification) ပါရှိရမည်ဖြစ်ပြီး အာဆီယံနိုင်ငံအသီးသီးတွင် ထုတ်ကုန်ပစ္စည်းပေါင်း (၃၀၀၀) မှ (၁၀၀၀၀)ခန့် ရေးသားပြုစုပြီးဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အရေးကြီးသည့် ထုတ်ကုန်ပစ္စည်းပေါင်း (၁၀၀၀)ခန့်ကို ASEAN Free Trade Agreement  ကာလတွင် ရေးသားပြီးစီးနိုင်ရန် ပါဝင်ပတ်သက်သော ဝန်ကြီးဌာနများမှ ညှိနှိုင်းဆောင်ရွက်ကြရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။


သိန္နီ မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက စံချိန်စံညွန်းသည် တိုင်းပြည်တစ်ခု၊ ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် မရှိမဖြစ်ထားရှိရမည့် စံသတ်မှတ်ချက်တစ်ခု ဖြစ်ပါကြောင်း၊ စံသတ်မှတ်ချက်သည် မိမိတိုင်းပြည်သာမက အခြားသော တိုင်းပြည်နိုင်ငံများက အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာစံနှုန်း၊ သတ်မှတ်ချက်များနှင့် ဆက်စပ်နေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံက ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများသည် မြန်မာ့စံချိန်စံညွှန်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အရေးကြီးသည့် ထုတ်ကုန်များကို ASEAN Free Trade Agreement တွင် ပါဝင်နိုင်ရေးအတွက် ဆက်စပ်နေသည့် ဝန်ကြီးဌာနများအနေဖြင့် ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အဆိုအား ထောက်ခံဆွေးနွေးသည်။


အလားတူ ကျိုက်လက် မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးထွန်းမြအောင် (ခ) ဦးစောထွန်းမြအောင်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးနှင့် အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုတို့က ဆွေးနွေးကြသည်။


ယင်းအဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနအနေဖြင့် လက်ရှိအချိန်အထိ ထုတ်ကုန်ထုတ်လုပ်မှု နည်းစဉ်ဝန်ဆောင်မှု လုပ်ငန်းများနှင့် သက်ဆိုင်သည့် မြန်မာစံချိန်စံညွှန်းများကို အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်ရာတွင် အာဆီယံဒေသအတွင်း တပြေးညီအဖြစ် ချမှတ်ဆောင်ရွက်နိုင်ရန် စံချိန်စံညွှန်းများကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် အများပြည်သူ သဘောထားရယူ ဆောင်ရွက်လျက်ရှိပြီး အတည်ပြုရန် အဆင်သင့်ရှိသည့် မြန်မာစံချိန်စံညွန်းမူကြမ်း ၂၀ နှင့် ဆောင်ရွက်ပြီး မြန်မာစံချိန်စံညွှန်း ၄၃၀ ကို ချမှတ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း။


ကျန်ရှိသည့် အဆိုပြု စံချိန်စံညွှန်းများကိုလည်း စံချိန်စံညွှန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း လုပ်ထုံးလုပ်နည်းနှင့်အညီ အမျိုးသားစံချိန်စံညွှန်းကောင်စီသို့ တင်ပြ၍ အတည်ပြုချက် ရယူနိုင်ရေး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်  သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ  လက်တွေ့ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ယခုတင်သွင်းသည့် အဆိုတွင် ပါဝင်သော တိုက်တွန်းချက်များသည် သဘောသဘာ၀အားဖြင့် ကိုက်ညီတူညီမှုရှိသည့်အတွက် အဆိုအား အတည်ပြုသင့်ပါကြောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားမေးမြန်းရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။


ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဇူလိုင် ၂၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အေးအေးသန့်(သတင်းစဉ်)