ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအထိ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၄ မတ် 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးများတွင် အဆို၊ ကြယ်ပွင့်ပြမေးခွန်း၊ ကြယ်ပွင့်မပြမေးခွန်းများနှင့် ပတ်သက်၍ ဖြေကြားခဲ့ပြီး ဖြစ်ပေါ်ခဲ့သော ကတိကဝတ်များကို လာမည့်လများအတွင်း ပြီးစီးအောင် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ပထမပုံမှန်အစည်းအဝေးမှ (၁၃)ကြိမ်မြောက် အစည်းအဝေးအထိ ပြည်သူ့လွှတ်တော်ဆိုင်ရာ ကတိကဝတ်စုစုပေါင်း (၅၇၃)ခု ရှိသည့်အနက် ဆောင်ရွက်ပြီး (၃၁၅)ခုနှင့် ဆောင်ရွက်ဆဲ (၂၅၈)ခု၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ကတိကဝတ်စုစုပေါင်း (၂၅၂)ခု အနက် ဆောင်ရွက်ပြီး (၁၁၈) ခုနှင့် ဆောင်ရွက်ဆဲ (၁၃၄) ခုရှိနေသည်ကို တွေ့ရှိရပါကြောင်း။

လွှတ်တော် ကိုယ်စားလှယ်ကြီးများ တင်ပြတောင်းခံထားသော ကိစ္စရပ်များသည် ပြည်သူများအကျိုးကို ရည်မျှော်၍ တောင်းဆိုထားခြင်းဖြစ်၍ မိမိတို့ဝန်ကြီးဌာနကလည်း အလေးအနက်ထား၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ စံကိုက်ဖွဲ့စည်းခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ အသစ်တိုးချဲ့ဖွင့်လှစ်ခြင်းနှင့်ဆိုင်သော ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းနေသောကိစ္စရပ် (၁၃၃)ခု၊ စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ တင်ပြ၍ ညှိနှိုင်းပေးသောကိစ္စရပ် (၂၆၂)ခု၊ ရသုံးခန့်မှန်းခြေ ငွေစာရင်းဦးစီးဌာန ဘဏ္ဍာရေးဆိုင်ရာ သဘောထားမှတ်ချက် ညှိနှိုင်းထားသောကိစ္စရပ် (၃)ခုနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားမှု (၁၉)ခု စုစုပေါင်းကိစ္စရပ် (၄၁၇)ခု ရှိနေပါကြောင်း။

ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိနေသော လွှတ်တော်ကတိကဝတ်အများစုသည် ဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ခြင်းလုပ်ငန်း အများစုဖြစ်နေသည်ကို တွေ့ရှိရပြီး သတ်မှတ်ထားသောလုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါကြောင်း။

ဆောင်ရွက်ရန်ကျန်ရှိနေသော ကတိကဝတ်များကို အမြန်ဆုံးအကောင်အထည်ဖော် ပြီးစီးရေးအတွက် သက်ဆိုင်ရာဦးစီးဌာန အသီးသီးအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကိစ္စရပ်အလိုက် တာဝန်များအတိအကျ ခွဲဝေသတ်မှတ်၍ လာမည့်လများအတွင်း ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တာဝန်ခံပုဂ္ဂိုလ်များအနေဖြင့် ဆောင်ရွက်ရန်အတွက် လိုအပ်ချက်နှင့် အခက်အခဲများကို တင်ပြပေးရန်ဖြစ်ကြောင်း။

မြေယာပိုင်ဆိုင်မှုပြဿနာ၊ ဆောက်လုပ်ရေးကန်ထရိုက်ဆိုင်ရာ ပြဿနာများနှင့် ဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်အချို့သည် ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်အာဏာအတွင်း မရှိသည်ကိုလည်း သိရှိပါကြောင်း၊ အဆိုပါကိစ္စရပ်များကို အစိုးရအဖွဲ့သို့ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း။

ထို့အပြင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးများ၌ လွှတ်တော်ကိုယ်စားလှယ်များမှ ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲအသစ် ဆောက်လုပ်ပေးရန်၊ ဖွဲ့စည်းပုံတိုးချဲ့မြှင့်တင်ပေးရန် ကိစ္စရပ်များကို မေးမြန်းတင်ပြတောင်းဆိုသည့်အခါမှ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ပြည်သူ့ကျန်းမာရေးဆိုင်ရာရှုထောင့်၊ ကုသရေးပိုင်းဆိုင်ရာ ရှုထောင့်၊ နယ်မြေဒေသအခြေအနေများကို ဘက်စုံစဉ်းစားပြီး အမှန်လိုအပ်ချက်များကို ဦးစားပေးအစီအစဉ်ဖြင့်တင်ပြရန် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများထံ အကြောင်းကြားထားပြီးဖြစ်ကာ ဝန်ကြီးဌာနမှလည်း အမှန်တကယ်လိုအပ်သည့် အဆောက်အဦသစ်နှင့် ဖွဲ့စည်းပုံများကို ဖြည့်ဆည်းဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။

လွှတ်တော်ကတိကဝတ်များကို ပြီးစီးအောင် ဆောင်ရွက်ရန် အရေးကြီးသည့်နည်းတူ ကမ္ဘာ့ဘဏ်ချေးငွေ၊ အာရှဖွံ့ဖြိုးရေးဘဏ်ချေးငွေ၊ Global Fund ရန်ပုံငွေနှင့် Gavi ရန်ပုံငွေတို့ကို ထိရောက်အကျိုးရှိစွာ သတ်မှတ်အချိန်အတွင်း သုံးစွဲနိုင်ရေးနှင့် အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေးတို့အတွက် တာဝန်ရှိသူများမှ စောင့်ကြပ်ကြည့်ရှုစီမံ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က လွှတ်တော်ကတိကဝတ်များ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် ကိစ္စရပ်များ၊ အခက်အခဲနှင့်စိန်ခေါ်မှုများနှင့် အမြန်ဆုံးပြီးစီးစေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များက မိမိတို့ဦးစီးဌာန အသီးသီးမှ လွှတ်တော်ကတိကဝတ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို တက်ရောက်လာသူများက အကြံပြုဆွေးနွေးတင်ပြကြသည်။ 

သတင်းစဉ်