ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့ ကျင်းပ

နေပြည်တော်  ၁၁ ဇွန်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက် နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်း အဝေး ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကော်မတီဝင်များ ထပ်မံထည့်သွင်းဖွဲ့ စည်းခြင်း၊ ပြောင်းရွှေ့ခြင်း၊ ပယ်ဖျက်ခြင်းတို့နှင့် စပ်လျဉ်း၍  မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းဝင်းအေး(ခ) ဦးစိုင်းထွန်းအေး၊ လောက်ကိုင် မဲဆန္ဒနယ်မှ ဦးလူတယ်ဟုန်(ခ) ဦးအောင်ရွှေ၊ ကော့ကရိတ်မဲဆန္ဒနယ်မှ ဦးစိုးဌေး၊ ကျေးသီးမဲဆန္ဒနယ်မှ ဦးစိုင်း အောင်ကျော်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဦးမြစိန်၊ ချောင်းဆုံမဲဆန္ဒနယ်မှ ဦးအောင်ကြည်သိန်း၊ လှိုင်သာယာ မဲဆန္ဒနယ်မှ ဦးဝင်းမင်းနှင့်  ဒဂုံမြို့သစ် (အရှေ့ပိုင်း)မဲဆန္ဒနယ်မှ ဦးနေကျော်တို့ကို ကော်မတီအဖွဲ့ဝင်များအဖြစ် ထပ်မံဖွဲ့စည်းမည်ဖြစ်ပြီး၊ ဥပဒေကြမ်း ကော်မတီမှအဖွဲ့ဝင် မူဆယ်မဲဆန္ဒနယ်မှ  ဦးစိုင်းဖိုးမြတ်ကို နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော် မတီသို့ပြောင်းလဲတာဝန်ပေးအပ်မည်ဖြစ်ကာ၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုင် ရာကော်မတီမှ အဖွဲ့ဝင်  ဝေါ မဲဆန္ဒနယ်မှ ဦးတင်ထွေးကို အခြားတာ ဝန်ပေးအပ်ရန်ရှိ သောကြောင့် ကော်မတီအဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်မည်ဖြစ်ကြောင်း  လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင်၏ ထီးချိုင့်မြို့နယ် ထီးချိုင့်မြို့မဈေးလမ်း အနောက်ဘက်ရှိ  စားသုံးသူရေးရာ ဦးစီးဌာနပိုင် လက်ရှိအသုံးမပြု သေးသော မြေကွက်အား ထီးချိုင့်မြို့မဈေး တိုးချဲ့အသုံးပြုရန် လွှဲပြောင်းပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ အမှတ်(၂) ရပ်ကွက် ကွင်းအမှတ် (၈၃၇) ဦးပိုင်အမှတ် (၃၉၄/၈၇၅)တွင် သိုလှောင်ရုံအမှတ် (၄)နှင့် (၆)တည်ရှိခဲ့ပြီး ပျက်စီးမှုရှိလာသောကြောင့် သိုလှောင်ရုံ ၂ ခုကို ရောင်းချခဲ့ပါကြောင်း၊ ရောင်းချပြီး ဖြစ်ပေါ်လာသည့် မြေသည် မိမိဝန်ကြီးဌာနမှ စီမံခန့်ခွဲလျက်ရှိသည့် နိုင်ငံပိုင်မြေ ဝ ဒသမ ၉၁ ဧက ဖြစ်ပါကြောင်း။

 

မြေ ဝ ဒသမ ၉၁ ဧကအနက်  မြေ ဝ ဒသမ ၁၅ ဧကကို တစ်လလျှင် ငွေကျပ် သုံးသောင်းဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင် ဦးယဉ်ထွေးနှင့်  မြေ ဝ ဒသမ ၆၈၈ ဧကကို တစ်လလျှင် ငွေကျပ် ၁၅၀ဝ၀ဝ ဖြင့် ရွှေထီးဧရာ မော်တော်ယာဉ်အသင်းတို့ကို အိတ်ဖွင့် တင်ဒါစနစ် ၃ နှစ် သက်တမ်းဖြင့်  ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်ငှားရမ်း ခဲ့ပါကြောင်း၊ မူလငှားရမ်းခအပေါ်တွင် တစ်လလျှင် ၅ ရာခိုင်နှုန်းထက်မနည်းတိုးမြှင့်ပြီး  ၁နှစ် တစ်ကြိမ် စာချုပ်ဖြင့် ငှားရမ်းလျက် ရှိပါကြောင်း၊ ယင်းစာချုပ်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါကြောင်း။

 

အဆိုပါမြေများကို စည်ပင်သာယာဈေးအဖြစ် ပြည်သူများအကျိုးအတွက် တည်ဆောက်မည်ဆိုပါက မြေယာစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတော် သမ္မတရုံးထံ အသုံးပြုခွင့်ရရှိရေးကို တင်ပြနိုင် ပါကြောင်း၊ ယင်းမြေကွက်အား ထီးချိုင့်စည်သာယာဈေးအတွက် အသုံးချနိုင်ရန် နိုင်ငံတော်က သဘောတူညီပါက လက်ရှိငှားရမ်းစာချုပ်သက်တမ်းကုန်ဆုံးသည့်ရက် နောက်ပိုင်းတွင် မိမိဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မြေယာစီမံခန့်ခွဲမှု အောက်သို့ လွှဲပြောင်းပေးနိုင်ရန် တည်ဆဲမြေအသုံးချမှုဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ နိုင်ငံတော်သို့ အပ်နှံပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

သံတွဲ မဲဆန္ဒနယ်မှ ဦးမင်းကြည်၏ ငပလီမြို့ အမှတ်(၃) လင်းသာရပ်ကွက် အတွင်းရှိ ငပလီရေလှောင်တမံ၏ တရားဝင်နယ်နမိတ်သတ်မှတ် ဧရိယာကို ဒေသခံပြည်သူများ ထင်ရှားသိမြင်နိုင်အောင် သတ်မှတ်ပေးရန်နှင့် သတ်မှတ်ဧရိယာအတွင်း တရားမဝင် ကျူးကျော်ဝင်ရောက်နေထိုင်မှုများကို ရပ်တန့်အောင် မည်ကဲ့သို့ တားဆီး ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း တည်ရှိသည့် ငပလီရေလှောင်တမံ( ငှက်ပျောချောင်း ရေလှောင်တမံ)ကို ငပလီမြို့နှင့် ယင်းဒေသ ဟိုတယ်ဇုံ သောက်သုံးရေရရှိရေးအတွက် ရည်ရွယ်ပြီး ၁၉၇၀ ပြည့်နှစ်က တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားသည့် ရေလှောင်တမံဖြစ်ပါကြောင်း။

 

ငပလီရေလှောင်တမံ၏ ဆည်ရေပြင်နယ်နိမိတ်ဧရိယာကို ဒေသခံပြည်သူများ ထင်ရှားစွာ သိမြင်နိုင်စေရန် နယ်နိမိတ်မှတ်တိုင်များ စိုက်ထူသွားနိုင်ရေး အတွက် လုပ်ငန်းအစီအမံများ ချမှတ်ထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်း ဆောင်ရွက် ရန် လိုအပ်မည့်ရန်ပုံငွေအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံပြီး အကောင်ထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ငပလီရေလှောင်တမံ၏ သတ်မှတ်ဧရိယာ အတွင်း ကျူးကျော် ဝင်ရောက်ပြီး ခြံကွက်ရိုက်ခြင်း၊ နေထိုင်ခြင်း၊ တစ်ဆင့် ပြန်ရောင်းခြင်းတို့ ပြုလုပ်နေ သည့်ကိစ္စများနှင့် ပတ်သက်၍ ဆည်အဝင်လမ်းတွင် ဈေးဆိုင်ခန်းများ ကျူးကျော် ဆောက်လုပ်ထားမှုကို စိစစ်တွေ့ရှိရသည့် အတွက် ၂၀၁၈ ခုနှစ် မေလကုန်တွင် အပြီးရှင်းလင်း ဖယ်ရှားဆောင်ရွက်ပေးခဲ့ကြောင်း။

 

သတ်မှတ်ဧရိယာအတွင်း တည်ရှိနေသည့် မြေအနေအထားကို စိစစ်ဆောင်ရွက်ခဲ့ရာ ဆည်မြောင်းနယ်နမိတ် အတွင်း ယခင်က နယ်နမိတ် သတ်မှတ်ခြင်းမရှိနိုင်သေး သည့်ကာလက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီက မြေလွတ်မြေရိုင်းများ လုပ်ပိုင်ခွင့်ပြုထားသည့် ဧရိယာအချို့ပါဝင်ခဲ့မှုကို စိစစ်တွေ့ရှိခဲ့ရပါကြောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ အတွင်း ခွင့်ပြုပေးထားသည့် ကောင်းမြန်မာအောင် ကုမ္ပဏီ၏ မြေလွတ်မြေရိုင်း ဧရိယာအစိတ်အပိုင်းအလိုက် စုစုပေါင်း ၇၆ ဧကနှင့် ပတ်သက်၍  စိစစ်ရန်ကိစ္စ ပေါ်ပေါက်လာခဲ့ပါကြောင်း၊ ကောင်းမြန်မာအောင်ကုမ္ပဏီကို ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုဗဟို ကော် မတီက ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ခွင့်ပြုခဲ့ပါကြောင်း။

 

ခွင့်ပြုစဉ်က ငပလီရေလှောင်တမံ၏ ရေဝေရေလဲဧရိယာများသည် မြေလွတ်၊ မြေရိုင်းအဖြစ် တည်ရှိနေခဲ့ပါကြောင်း၊ ခွင့်ပြုပြီးနောက်ပိုင်း ငပလီရေ လှောင်တမံ၏ နယ်နိမိတ်အပိုင်းအခြားကို အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ရာ ကောင်းမြန်မာအောင် ကုမ္ပဏီသို့ ခွင့်ပြုခဲ့သည့်ဧရိယာများသည် ရေလှောင်တမံ၏ နယ်နိမိတ်အပိုင်းအခြား အတွင်း ပါဝင်ခဲ့ပါကြောင်း၊ မြေလွတ်၊ မြေရိုင်း ခွင့်ပြုချက်နှင့် စပ်လျဉ်း၍ ပြန်လည်စိစစ် သွားနိုင်ရန်အတွက်  ၂၀၁၈ ခုနှစ် ဇွန် ၈ ရက်တွင် ကျင်းပည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော် မတီညှိနှိုင်းအစည်းအဝေးတွင် တင်ပြဆွေးနွေးပြီး အထူးအဖွဲ့ဖြင့် ကွင်းဆင်း ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားပါကြောင်း၊ ကွင်းဆင်း စစ်ဆေးချက်နှင့်အညီ တည်ဆဲဥပဒေများအရ ပြန်လည်သုံးသပ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မင်းလှ မဲဆန္ဒနယ်မှ  ဒေါက်တာဦးသန်းအောင်စိုး၏ ကျွဲ၊ နွားအရှင်များအား ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုခဲ့ပြီး ပြည်တွင်းတွင် ခိုင်းကျွဲ၊ နွား ပြတ်လပ်မှုမရှိစေရေး နှင့် ပြည်တွင်း နွားမွေးမြူရေးစဉ်ဆက်မပြတ်စေရန်အတွက် မည်ကဲ့သို့ စီစဉ်ထား ကြောင်း သိလိုခြင်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကျွဲနွားအရှင်များကို ပြည်ပသို့ တရားဝင်တင်ပို့ ခြင်းဖြင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန်၊ နယ်စပ်ဖြတ်ကျော် ကူးစက် ရောဂါများထိန်းချုပ်နိုင်ရန်၊ ပြည်သူများအနေဖြင့် ကျွဲနွားများ ပြည်ပတင်ပို့ ရောင်း ချမှုမှရရှိသောဝင်ငွေဖြင့် မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရန်၊ တရားမဝင်ကျွဲနွားများ ပြည်ပသို့တင်ပို့နေခြင်းကို ပပျောက်လာစေပြီး နိုင်ငံ၏ပို့ကုန်ဝင်ငွေကို မြှင့်တင်နိုင်စေရန်ရည်ရွယ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးနဝန်ကြီးဌာနမှ ဈေးကွက် စီးပွားရေးနှင့်အညီ ကျွဲနွားများ ပြည်ပသို့ တရားဝင် ရောင်းချခွင့်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်က ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း။

 

ပို့ကုန်ဈေးကွက် သဘောတရားနှင့်အညီ မိမိဘက်မှ ရောင်းလိုအား၊ တစ်ဖက်၏ လိုအပ်အားကို ချိန်ဆပြီး မွေးမြူထုတ်လုပ်ရေး အပိုင်းအတွက် ရေရှည် ကျွဲနွား သယံဇာတများ ထိန်းသိမ်းစောင့် ရှောက်နိုင်ရန် ၅ နှစ် အစီအမံ ရေးဆွဲဆောင်ရွက် ထားရှိပါကြောင်း၊ တစ်နိုင်ငံလုံးရှိ သားစပ်နိုင်သော နွားမများ၏ ၉၅ ရာခိုင်နှုန်းကို သားစပ်ခြင်းနှင့် ကျန် ၅ ရာခိုင်နှုန်းကို မေထုန်မဲ့သားစပ်ခြင်းဆောင်ရွက်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မိမိဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍ တစ်ဖက်မှ ဖွံ့ဖြိုးတိုးတက်လာ စေရန် နှင့် ကျွဲနွားမွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တင်ပို့သူသည် မိမိ ကိုယ်တိုင်မွေးမြူ၍လည်းကောင်း၊ မွေးမြူသူအား ထောက်ပံ့ပေးခြင်းဖြင့် လည်း ကောင်း၊ ထုတ်လုပ်သူအဖြစ် ပါဝင်ဆောင်ရွက်လာစေရန် စည်းရုံးဆောင်ရွက် လျက်ရှိပါ ကြောင်း၊ ကျွဲနွားအရှင် ပြည်ပသို့တင်ပို့မှု လုပ်ငန်းစဉ်နှင့် ယှဉ်တွဲပြီး ပြည်တွင်း ခိုင်းကျွဲနွား ပြတ် လပ်မှု မရှိစေရန်အတွက် စနစ်တကျ အစီအမံ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး(ခ)ဦးအတွတ်၊ ရှားတော မဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းနှင့် မိုင်းပျဉ်း မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်တို့၏ မေးခွန်းများ နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် မိုင်းပန် မဲဆန္ဒနယ် ဦးစိုင်းကျော်မိုး တင်သွင်းသည့် နိုင်ငံတော်အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်အတွက် လွတ်လပ်သောကော်မရှင် တစ်ခုကို နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီး တစ်ဦး အပါအဝင် အဖွဲ့ဝင် ၃ ဦးဖြင့် ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ UNSC ကိုယ်စားလှယ်အဖွဲ့၏ အကြံပြုချက်တွင် ပြည်ပအဖွဲ့ဖြင့်စစ်ဆေးခြင်းနှင့် ပြည်တွင်း အဖွဲ့ဖြင့် စစ်ဆေးခြင်း နည်းလမ်းနှစ်သွယ်ပါရှိရာ လွတ်လပ်သော နိုင်ငံတော်၏ အချုပ် အခြာအာဏာနှင့် နိုင်ငံသားပြည်သူများ၏ ဂုဏ်သိက္ခာကို လေးစားယုံကြည်သောအား ဖြင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ရေးကို ပြန်လည် စဉ်းစားဆုံးဖြတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို ကို လွှတ်တော်ကိုယ်စားလှယ် (၂၁)ဦးက ဆွေးနွေးကြသည်။

 

ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်က ARSA အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် ေ လုံခြုံမှုများ ပျက်ယွင်းသွားသည့်မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့များတွင် ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး တို့အတွက်  တပ်မတော်အပါအဝင် သက်ဆိုင်ရာ ဒေသများမှ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးတာဝန် ထမ်းဆောင်ကြသည့် ဝန်ထမ်းများ အသက်ပေးပြီး ဆောင်ရွက်ခဲ့ကြရပါကြောင်း၊ ယခုကော်မရှင်သည် ARSA အကြမ်းဖက် သမားများ၏ ပြစ်မှုကျူးလွန်သည်များကို ဖော်ထုတ်အရေးယူရန် မဟုတ်ဘဲ မိမိတို့နိုင်ငံ ၏ အချုပ်အခြာအာဏာ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံသားများ၏  ဂုဏ်သိက္ခာကို ကမ္ဘာ့ အလယ်တွင်  မညှိုးနွမ်းစေရန် ကာကွယ်ခဲ့ကြသည့် မသေမပျောက်ဘဲ ကျန်သည့်သူများကို တစ်စုံတစ်ရာအမှားအယွင်းရှိလျှင် အရေးယူရန် ရည်ရွယ်ပြီး ဖွဲ့စည်းမည့် ကော်မရှင်မျိုး ဖြစ်နေပါကြောင်း။

 

ပြည်တွင်းရေးကို ပြည်တွင်းရေးဟု သဘောထားပြီး ဆောင်ရွက်သင့်ပါကြောင်း၊ လက်ရှိတွင်  ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကော်မရှင်မှ လိုအပ်သည်များကို စစ်ဆေးဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက် ၃/ ၂၀၁၈ပါ ကော်မရှင်ကို ဖွဲ့စည်းရန်မသင့်ပါကြောင်း၊ မလွဲမသွေလိုအပ်သည် ဆိုလျှင်လည်း နိုင်ငံသားပညာရှင်များနှင့်သာ ဖွဲ့စည်းသင့်ပါကြောင်းနှင့် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေးက ကမ္ဘာ့နိုင်ငံတိုင်းသည် မိမိပိုင်နက်နယ် မြေ၊ မိမိပြည်သူ၊ မိမိအစိုးရ၊ မိမိ၏အချုပ်အခြာအာဏာနှင့် မိမိနိုင်ငံ၏အမျိုးသား အကျိုးစီးပွားကို စောင့်ရှောက်ကာကွယ်လျက် ရှိကြပါကြောင်း၊ မိမိတို့နိုင်ငံတော်တွင် ပြည်ထောင် စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးသည် မိမိတို့ တစ်မျိုးသားလုံး၏ အမျိုးသားအကျိုးစီးပွား ဖြစ်ပါကြောင်း၊ ဖွဲ့စည်း ပုံ အခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၈၃ တွင် နိုင်ငံသားတိုင်း ယင်းအရေး ၃ ပါးကို စောင့်ထိန်းရန် တာဝန်ရှိသည်ဟု ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ယင်းအရေး ၃ ပါးကို ပျက်စီးစေမည့် မည်သည့် အခြေအနေမျိုးကိုမဆို အမျိုးသားလုံခြုံရေးရှုထောင့်မှ ကြည့်ရှုကာကွယ်ရမည်မှာ မိမိတို့၏ သမိုင်းပေးတာဝန် ဖြစ်ပါကြောင်း။

 

လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုသည်မှာ ဗုဒ္ဓဘာသာထွန်းကားသည့် မြန်မာနိုင်ငံတွင် မြန်မာ့ယဉ်ကျေးမှုနှင့် တစ်သားတည်းရှိသည့် နိုင်ငံသားများ၏ လူမှုကျင့်ဝတ်များဖြစ်ပါကြောင်း၊ တစ်ဖက် လူ့အဖွဲ့အစည်းများအပေါ် လူသားချင်း စာနာပါကြောင်း၊ ဖြစ်ပေါ်နေသည့် ဒုက္ခသည် အရေးသည် တမင်စီမံဖန်တီးနေသော ကြောင့် အမျိုးသားအကျိုးစီးပွားထိပါးမခံရအောင် ဆောင်ရွက်သင့်ပါကြောင်း၊  ရခိုင် ပြည်နယ်အရေးကို ကိုင်တွယ်မည်ဆိုလျှင် အစွန်းရောက်   အကြမ်းဖက်အဖွဲ့ အစည်း များ၏ လူမျိုးတစ်မျိုး နယ်မြေတစ်ခု ရရှိရေးဆိုသည့် ဦးတည်ချက်ကို ထည့်တွက် ရန် လိုအပ်ပါကြောင်း၊  ကော်မရှင်ဖွဲ့စည်းခြင်းသည် မမှန်သတင်းများနှင့် အစိုးရ၊ တပ်မ တော်နှင့် လုံခြုံရေးတပ်ဖွဲ့များကို UN လုံခြုံရေး ကောင်စီနှင့် ICC သို့ ရောက်ရန်ဦး တည်ဆောင် ရွက်နေခြင်းနှင့် ထပ်တူဖြစ်သည့်အတွက် မိမိတို့အချုပ်အခြာ အာဏာနှင့် အမျိုးသားအကျိုးစီးပွားမဆုံးရှုံးရအောင် နိုင်ငံတကာပုဂ္ဂိုလ်ကြီးတစ်ဦးပါဝင်သည့် ကော်မရှင်နှင့်  စစ်ဆေးမည့် အစီအစဉ်ကို လုပ်ဆောင်ရန် မသင့်ပါကြောင်းနှင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

အလားတူ ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေ၊ ဇေယျာသီရိ မဲဆန္ဒနယ်မှ ဦးလှဌေးဝင်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးခင်မောင်ချို၊ ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ မြောက်ဦး မဲဆန္ဒနယ်မှ ဦးဦးလှစော၊ မိုင်းပျဉ်း မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမင်း သော်အေး၊ ဝေါ မဲဆန္ဒနယ်မှ  ဦးတင်ထွေး၊ ပေါက်တော မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံ၊  တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင်၊ သန်လျင် မဲဆန္ဒနယ် မှ ဦးလွင်ကိုလတ်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ချို၊ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ ဖားဆောင်း မဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူ၊ တပ်မတော် သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးကျော်ဇင်ဝင်း၊ ပြည်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးဝင်းကို၊ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်နှင့် မြစ်သား မဲဆန္ဒနယ်မှ ဒေါက်တာ ဦးလင်းလင်းကျော်တို့က ဆွေးနွေးကြသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က  သံသယများ၊ မယုံကြည်နိုင်မှုများ ဖြစ်ပေါ်နေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းကို တုံ့ပြန်ဖြေရှင်းရာတွင် အများယုံကြည် လက်ခံနိုင်သည့် အခြေအနေ များကို ဦးတည်၍ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု ဘောင်အတွင်းနှင့် နိုင်ငံတကာ ဥပဒေရှုထောင့်အတွင်းမှ တုံ့ပြန်နိုင်ရန် အထူးအရေးကြီးပါကြောင်း၊  နိုင်ငံတကာအင် အားချိန်ခွင့်လျှာ အနေအထားနှင့် နိုင်ငံမဟုတ်သည့် အဖွဲ့အစည်းများ၏ သြဇာကြီး ထွားလာမှုများက သက်ဆိုင်ရာ နိုင်ငံများ၏ လုပ်ကိုင်ဆောင်ရွက်ချက်များအပေါ်တွင် သက်ရောက်မှုရှိလာသည်မှာ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးအသိပင် ဖြစ်ပါ ကြောင်း။

 

လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်နိုင်ငံများအပြားက ဖိအားပေးနေသည့်အချိန်၊ International Criminal Court - ICC  တွင် အမှုဖွင့် အရေးယူနိုင်ရန် ကြိုးပမ်းနေ သည့်အချိန်၊  လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ စွပ်စွဲချက်များအရ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအရေးယူမှုများ၊ တိုးမြှင့်ဖြစ်ပေါ်လာစေရန် လှုံ့ဆော်နေသည့် အချိန်၊ ယခု ကဲ့သို့ အရေးကြီးလှသည့် အချိန်အခါမျိုးတွင် ထိတိုက်ရင်ဆိုင်ခြင်းသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအတွက် မည်သည့်အတိုင်းအတာအထိ အန္တရာယ်ကြီးမားနိုင်မည်ကို အရှိကိုအရှိတိုင်း သိမြင်နားလည်ကြစေလိုပါကြောင်း၊ အခြေအနေအရပ်ရပ်နှင့် ဖြစ်လာ နိုင်သည့်  အလားအလာများကို ဘက်စုံထောင့်စုံမှ ကြိုတင်ဆင်ခြင်သုံးသပ်ပြီး အကောင်းဆုံးဖြစ်နိုင်မည့် နည်းလမ်းကို ရွေးချယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းမှ ကျွမ်းကျင်သူ ပညာရှင်များနှင့် ဖွဲဲ့စည်းဆောင်ရွက်ရန် ဆိုသည့် မိုင်းပန်မဲ ဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၏ အရေးကြီးအဆိုကို အတည်မပြုသင့်ကြောင်း ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် အဆိုရှင် ဦးစိုင်းကျော်မိုးက မိမိအဆိုအား အတည်ပြုလိုကြောင်း တင်ပြသည်။

 

ယင်းနောက် လွှတ်တော်၏ သဘောထားရယူရန် စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၃၈ မဲ၊ ကန့်ကွက်မဲ ၂၅၁ မဲနှင့် ကြားနေမဲ ၃ မဲဖြင့် ကန့်ကွက်မဲ များသဖြင့်  အဆိုအား အတည်မပြုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လက်ခံရရှိကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ကို ဇွန် ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

အေးအေးသန့်(သတင်းစဉ်)