ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့ကျင်းပ

 

နေပြည်တော်   ၁၂  ဒီဇင်ဘာ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌  ကျင်းပသည်။

 

အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ရှင်းလင်းဖြေကြားသည်။

 

ယင်းမာပင် မဲဆန္ဒနယ်မှ ဦးအောင်စိုး၏ သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများကို မူလပိုင်ရှင်များက ပြန်လည်လျှောက်ထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ က စစ်ဆေးထားသည့် ၁၉၈၈ ခုနှစ် မတိုင်မီ သိမ်းဆည်းခံရသည့် မြေမှုများမှာ သက်ဆိုင်ရာ ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် သိမ်းဆည်းမြေစစ် ကော်မတီတို့မှ စစ်ဆေးပြီး မူလပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ်ရန် တိုင်းအဆင့် သိမ်းဆည်းခံ မြေပြန်စစ်ကော်မတီသို့ ရောက်ရှိနေသည့် အမှုများနှင့် ပတ်သက်၍ မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက  ယခင် မူဝါဒတွင် ပါဝင်သော ၁၉၈၈ ခုနှစ်မတိုင်မီ သိမ်းဆည်းမှုများအား သီးခြားကိစ္စတစ်ရပ်အနေဖြင့် ဖြေရှင်းပေးရမည်ဟူသော လမ်းညွှန်ချက်အရ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြည်လည်စိစစ်ရေး ကေ်ာမတီများမှ ၁၉၈၈ ခုနှစ် မတိုင်ခင် အမှုတွဲများအား စိစစ်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံနေရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများသို့ တင်ပြပြီးဖြစ်ပါကြောင်း၊ ကော်မတီများအနေဖြင့်  ၁၉၈၈ ခုနှစ်မတိုင်ခင် အမှုတွဲများအား ပိတ်သိမ်း၍ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့ကာ ထိုမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြ၍ ဆက်လက်ဆောင်ရွက်ရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ၂၀၁၈ ခုနှစ် ဇူလိုင် ၁၇ ရက် ရက်စွဲပါစာဖြင့် အကြောင်းကြားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

တန့်ယန်း မဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်၏ တန့်ယန်းမြို့ မြို့နယ်ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ ရဲဝန်ထမ်းအိမ်ယာ ၅ လုံးအား ပယ်ဖျက်ပြီး RC ကွန်ကရစ်ဖြင့် တည်ဆောက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက တန့်ယန်းမြို့မ ရဲစခန်းဝင်းအတွင်းရှိ အဆောက်အဦများအနက် ၂ ခန်းတွဲ ၁ ထပ် ၁ လုံးနှင့် ၄ ခန်းတွဲ ၁ထပ် ၂ လုံးတို့သည် ဟောင်းနွမ်းနေသဖြင့် လူနေထိုင်၍မရသော အဆောက်အဦများ ဖြစ်ပါကြောင်း၊ လူနေထိုင်နိုင်သော အခန်း ၃၃ ခန်း ရှိပါကြောင်း၊ အိမ်ထောင်သည် ၃၀ ဦးနှင့် အပျို ၁ ဦးနေထိုင်ပြီး ကျန်အခန်းများတွင် လူပျို ၁၁ ဦး နေထိုင်လျက်ရှိပါကြောင်း၊ အိမ်ထောင်သည် ၁ ဦးနှင့် လူပျို ၆ ဦးတို့သည် ဒေသခံများဖြစ်၍ ပြင်ပတွင် မိဘဆွေမျိုးများနှင့် အတူနေထိုင်လျက်ရှိပါကြောင်း၊ တန့်ယန်းမြို့နယ် ရဲတပ်ဖွဲ့တွင် လက်ရှိတပ်ဖွဲ့ဝင် အင်အားနှင့် နေအိမ်လိုင်းခန်း လုံလောက်မှုရှိသော်လည်း အင်အားထပ်မံဖြည့်တင်းပါက တပ်ဖွဲ့ဝင်များ နေထိုင်ရန်အတွက် ၄ ခန်းတွဲ ၂ ထပ် ၂ လုံး ဆောက်လုပ်ပေးရန်  လိုအပ်လျက်ရှိပါကြောင်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ)အသုံးစရိတ်တွင် လျာထားတင်ပြ တောင်းခံသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၏ ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု ရဲတပ်ရင်းအတွက် သိမ်းယူထားသော မြေပေါ်တွင် ကြက်ခြံအတွက် မြေငှားရမ်းခြင်း၊ ကားပျက်များ လေလံဆွဲပြီးစုပုံခြင်း၊  ဖြတ်တောက်ခြင်းအတွက် အသုံးပြုနေခြင်းကြောင့် ထိခိုက်နစ်နာမှုအတွက် တိုင်ကြားထားသည်ကို မည်သို့ဖြေရှင်း ဆောင်ရွက်ထားကြောင်း သိလိုခြင်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အမှတ်(၇) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲဝင်းအတွင်း ကြက်မွေးမြူရေး လုပ်ငန်းများအား ယခင်က ပြင်ပစီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အကျိုးတူလုပ်ကိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ တပ်ဖွဲ့ဝင်များ၏ လုပ်အားဖြင့် ကြက်ခြံ ၂ ခြံအား ဆောက်လုပ်ပြီး ကြက်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါကြောင်း။

 

သံထည်ပစ္စည်းဟောင်း အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ဦးရွှေပုသည် သံထည်ပစ္စည်းများ ထားရှိရန်အတွက် သီလဝါ-ပါဒကြီး သွားကားလမ်း အဒ္ဓတ္တောကျေးရွာရှိ ရွှေမင်းသမီးခြံအား ငှားရမ်းပြီး သံထည်ပစ္စည်းများထားရှိရာမှ မြေနေရာမလုံလောက်သဖြင့် သံထည်ပစ္စည်းများအား ခေတ္တထားခွင့်ပြုပါရန် အမှတ်(၇) လုံခြုံရေးရဲတပ်ဖွဲ့ခွဲထံ အကူအညီတောင်းခံခဲ့သဖြင့် ၂၀၁၈ ခုနှစ် မေ ၁၈ ရက်မှစ၍ ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ သံထည်ပစ္စည်းများ ထားရှိသောနေရာတွင် ရဲအရာရှိရိပ်သာ တည်ဆောက်ရန် လျာထားသဖြင့် သံထည်ပစ္စည်းများအား ဆက်လက်ထားရှိခြင်း မပြုရန်  ပြောကြားခဲ့မှုအပေါ် ၂၀၁၈ ခုနှစ် သြဂုတ် ၁၅ ရက်တွင် ဦးရွှေပုသည် ရွှေမင်းသမီးခြံသို့ ရွှေ့ပြောင်း သယ်ဆောင်ရှင်းလင်းပြီး ဖြစ်ပါကြောင်း၊ ရွှေမင်းသမီးခြံသည် သိမ်းဆည်းခံ  ဧရိယာ ၄ ဒသမ ၀၃ ဧက ကျယ်ဝန်းပြီး ဦးထွန်းလှဦး အမည်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု ပုံစံ ၇ ရရှိထားပြီး ဥယျာဉ်ခြံမြေ ဖြစ်ပါကြောင်း၊ ဥယျာဉ်ခြံမြေအပေါ်တွင် ခွင့်ပြုချက်တစ်စုံတရာ မရှိဘဲ သံထည်ပစ္စည်း အဟောင်းများ စုပုံထားခြင်းဖြင့် ကျေးရွာအုပ်စု လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့က တားမြစ်စာ ၃ ကြိမ် ထုတ်ပြန်ခဲ့ ပါကြောင်း။

 

ထို့အပြင် ကျောက်တန်းမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ခြံပိုင်ရှင်အား ခေါ်ယူတွေ့ဆုံပြီး စုပုံထားသည့် သံထည်ပစ္စည်းများအား ၃ လအတွင်း အပြီးဖယ်ရှားပေးရန် လိုက်နာခြင်းမရှိပါက လယ်ယာမြေ ဥပဒေအရ တရားစွဲဆိုခြင်းခံရမည် ဖြစ်ကြောင်းကို ဝန်ခံကတိလက်မှတ် ရေးထိုးစေခဲ့ပါကြောင်း၊ ထိုအချိန်မှစ၍ ထပ်မံစုပုံခြင်းမရှိဘဲ ယခင်စုပုံထားရှိသော ပစ္စည်းများကို ဖယ်ထုတ်လျက်ရှိကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊ အမှတ်(၇) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲဝင်း အတွင်းတွင် ပြင်ပစီးပွားရေး လုပ်ငန်းရှင်များအား ကြက်မွေးမြူရန်အတွက် မြေငှားရမ်းခြင်း၊ အကျိုးတူ လုပ်ကိုင်ခြင်းများမရှိဘဲ တပ်ဖွဲ့ဝင်များ၏ လုပ်အားဖြင့် ကြက်ခြံ ၂ ခြံဆောက်လုပ်၍ ကြက်မွေးမြူရေး လုပ်ငန်းကို  လုပ်ကိုင်လျက်ရှိပါကြောင်းနှင့် ရဲတပ်ဖွဲ့ခွဲပိုင်မြေအတွင်း စုပုံထားရှိသော သံထည်ပစ္စည်း အဟောင်းများအား ဖယ်ရှားရှင်းလင်းပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင်၊ ပုဏ္ဏာကျွန်း မဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၊ မန်တုံ မဲဆန္ဒနယ်မှ ဒေါ်နန်းမိုးနှင့် နမ္မတူ မဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ဒေါက်တာလှိုင်မျိုးဟန် က ဖတ်ကြားတင်ပြသည်။

 

အဆိုပါအစီရင်ခံစာနှင့် စပ်လျဉ်း၍  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၏ အစီရင်ခံစာကို သဘောတူ လက်ခံရန် ကော်မတီဝင် ဒေါက်တာဦးလင်းလင်းကျော်က အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊  ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၊ ပြည် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုး စိုးကြည်နှင့် ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်တို့က ဆွေးနွေးကြသည်။

 

ယင်းနောက် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

 

အဆိုပါ အစီရင်ခံစာကို သဘောတူလက်ခံရန် ကော်မတီ အတွင်းရေးမှူး ဦးခမ်ခန့်ထန်က အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏  သဘောထားရယူ အတည်ပြုသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာ သော ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုများကို ကော်မတီဝင် ဒေါ်မာမာခိုင်က ရှင်းလင်းတင်ပြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး  လွှတ်တော်က သဘောတူအတည်ပြုကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် ပျော်ဘွယ် မဲဆန္ဒနယ်မှ  ဦးသောင်းအေး တင်သွင်းသည့်  နိုင်ငံတော်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် တည်ဆောက်ရာ၌ ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိသည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် (NEP)၌ အခြေခံကျသည့် ကျေးလက်နေ ပြည်သူများ၏ လျှပ်စစ်မီးရရှိသုံးစွဲမှု မြှင့်တင်ရေးအတွက်  ကျေးလက်မီးလင်းရေး လုပ်ငန်းများ ညီညွတ်မျှတပြီး တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးဖြစ်ပေါ်အောင် ကျေးလက်မီးလင်းရေး မူဝါဒများကို စိစစ်ချမှတ် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက ကျေးလက်မီးလင်းရေး စီမံချက်ဖြင့် ဆောင်ရွက်နေသော ကျေးလက်မီးလင်းရေး လုပ်ငန်းများသည် မိမိတို့ ဆက်လက်ကျင့်သုံး ဆောင်ရွက်သွားရန် လုပ်ငန်းစဉ်တစ်ခု ဖြစ်သဖြင့် ကျေးလက်၊ တောရွာများတွင် တပြေးညီ လျှပ်စစ်သွယ်တန်း အသုံးပြုခွင့်ရရှိရေး၊ ကျေးလက် မီးလင်းရေးလုပ်ငန်းများ ညီညွှတ်မျှတ စေရေးအတွက် မူဝါဒနှင့် ညွှန်ကြားချက်များ ပြန်လည်စိစစ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

 

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစောကျော်အောင်က အစိုးရ၊ ဝန်ကြီးဌာန အနေဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာ၌ ကျေးရွာလူထုအကြား အငြင်းပွားမှု မဖြစ်စေရန် ညီညွှတ်မျှတစွာ အကျိုးခံစားခွင့်ရရှိပြီး နှစ်ဖက်စလုံးကို အကာအကွယ် ပေးနိုင်သည့် မူဝါဒ၊ လမ်းညွှန်ချက်များ ချမှတ်ပေးရန်၊ ဝန်ကြီးဌာနအနေဖြင့် နည်းပညာအရ သေချာစိစစ်ကြပ်မတ်ပြီး ဓာတ်အားလေလွင့်ဆုံးရှုံးမှု မရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားရန်၊ လျှပ်စစ်မီး သုံးစွဲခွင့်မရှိသေးသည့် ကျေးလက်နေပြည်သူများ လျှပ်စစ်မီးရရှိနိုင်ရန် နှစ်စဉ် ဘတ်ဂျက်များတွင် ဦးစားပေး ထည့်သွင်းပေးရန်၊ ကျေးလက်မီးလင်းရေး ကော်မတီ၏ လုပ်ပိုင်ခွင့်၊ ပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့နယ် လျှပ်စစ်ဌာန၏ စီမံပေးနိုင်မှု၊ ကျေးရွာနေ ပြည်သူများ၏ လိုက်နာဆောင်ရွက်နိုင်မှုအပေါ် မူတည်၍ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို စနစ်တကျ ထုတ်ပြန်ညွှန်ကြားပေးနိုင်ရန်၊ ကျေးရွာနေ ပြည်သူများ အချင်းချင်း ပဋိပက္ခမဖြစ်ပွားစေရန် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူ အဆင့်ဆင့်မှ စနစ်တကျ ရှင်းလင်းချပြရန်တို့ လိုအပ်ပါကြောင်း။

 

ကျေးလက်မီးလင်းရေး လုပ်ငန်းများ ညီညွှတ်မျှတပြီး တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးဖြစ်ပေါ်နိုင်ရန် အတွက် အစိုးရ၊ လွှတ်တော်၊ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိ ရပ်ဖများနှင့် ကျေးရွာနေပြည်သူများ ပူးပေါင်းပါဝင်ညှိနှိုင်းပြီး ကျေးလက်မီလင်းရေး မူဝါဒများကို လိုအပ်ပါက ပြန်လည်စိစစ် ချမျတ်ဆောင်ရွက်သင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

 

ယင်းအဆိုနှင့် စပ်လျဉ်း၍ စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦး၊ ပေါင် မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ ဆီဆိုင် မဲဆန္ဒနယ်မှ ဦးခွန်သန်းထူး၊ ဘုတ်ပြင်း မဲဆန္ဒနယ်မှ ဦးနေလင်းထွန်း၊ ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ နတ်တလင်း မဲဆန္ဒနယ်မှ ဦးခင်အေး၊ ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၊ ဝက်လက် မဲဆန္ဒနယ်မှ ဦးမြင့်သိန်း၊ သံဖြူ ဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ အင်္ဂပူ မဲဆန္ဒနယ်မှ ဦးအေးဝင်း၊ ယင်းမာပင် မဲဆန္ဒနယ်မှ ဦးအောင်စိုး၊ ချမ်းအေးသာစံ မဲဆန္ဒနယ်မှ ဦးမျိုးနိုင်၊ လှိုင်သာယာ မဲဆန္ဒနယ်မှ ဦးဝင်းမင်းနှင့် ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ယင်းနောက် အဆိုနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က လျှပ်စစ်ဥပဒေ၊ နည်းဥပဒေတို့အရ ပြဋ္ဌာန်းထားသော ခွင့်ပြုမိန့် အမျိုးအစားမှာ လျှပ်စစ်ကဏ္ဍတွင် ငွေကြေးရင်းနှီးကာ စီးပွားရေးလုပ်ငန်း သဏ္ဍန်ဆောင်ရွက်မှုကိစ္စများအတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး မီးလင်းရေးကော်မတီများသို့ အကြောင်းကြားသည့်စာတွင် ကျေးရွာလျှပ်စစ် လိုအပ်ချက်ကို တည်ဆောက်ခွင့် သာဖြစ်ပါ၍ ဥပဒေအရ ကျေးရွာမီးလင်းရေးကော်မတီသည်  ခွင့်ပြုမိန့်ရရှိသူ ဆိုသည့် လျှပ်စစ်ဥပဒေပါ အသုံးအနှုန်းနှင့် အကျုံးမဝင်ပါကြောင်း၊ ထိုသို့ အကျုံးမဝင် သည့်အတွက် ကျေးရွာမီးလင်းရေး ကော်မတီသည် အခြားရွာများမှ လျှပ်စစ်ချိတ်ဆက်ခွင့်ကို ၎င်းတို့၏ ခွင့်ပြုချက်ရမှ ပေးချိတ်ရမည်ဟု လျှပ်စစ်ဥပဒေ ပုဒ်မ ၅၂ ကို ကိုးကားဆောင်ရွက်ရန် ဥပဒေအရ ဆီလျော်မှန်ကန်မှု မရှိပါကြောင်း။

 

မဟာဓာတ် အားလိုင်းမှ လျှပ်စစ်ဓာတ်အားရရှိရန် တည်ဆောက်ရန် ဖြစ်နိုင်ချေရှိသည့် ကျေးရွာများကို လျှပ်စစ်အားရရှိရန် လိုအပ်သည့် ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ပြည်ထောင်စု ဝန်ကြီးဌာန ဘဏ္ဍာရန်ပုံငွေဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ ဘဏ္ဍာရန်ပုံငွေဖြင့် လည်းကောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေ၊ အာရှဖွံ့ဖြိုးရေးဘဏ်ချေးငွေ၊ ဂျာမဏီနိုင်ငံ၏ Kfw ဘဏ်ချေးငွေ၊ ဂျပန်နိုင်ငံ၏ JICA ချေးငွေတို့ဖြင့် ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု တိုးတက်မှုသည် ယခင်ကာလ တိုးတက်မှုထက် ၅ ဒသမ ၈ ဆ တိုးတက်နေပါကြောင်း၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်သည် ၂၀၂၀ ခုနှစ်တွင် ဓာတ်အား စနစ်ကွန်ယက်က ဓာတ်အားစနစ် သုံးစွဲခွင့်ရာခိုင်နှုန်း ၅၅ ရာခိုင် နှုန်းအထိ ကြိုးစားဆောင်ရွက်မည်ဖြစ်သောကြောင့် မူဝါဒများ တိတိကျကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် အဆိုအား လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားရှိသင့်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြု ပေးပါရန် ပြောကြားသည်။

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့် စပ်လျဉ်း၍ စက်ခလုတ်အသုံးပြုပြီး လွှတ်တော်၏ ဆန္ဒမဲရယူရာ ထောက်ခံမဲ ၁၅၀၊ ကန့်ကွက်မဲ ၂၀၈ မဲနှင့် ကြားနေမဲ ၂ မဲဖြင့် ကန့်ကွက်မဲ များသည့်အတွက် အဆိုအား မှတ်တမ်းတင်မည်ဖြစ်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၁၄ နေ့ကို ဒီဇင်ဘာ ၁၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)