ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ

နေပြည်တော် ၈ သြဂုတ်

 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ရှင်းလင်းဖြေကြားခြင်းနှင့် အဆို ၁ ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

 

 

အစည်းအဝေးတွင် ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး၏ နိုင်ငံ့ဝန်ထမ်းများ  Passport လျှောက်ထားခွင့်နှင့် (VISA) ကင်းလွတ်ခွင့် ပြုထားသော နိုင်ငံများသို့ ခရီးသွားလာလိုလျှင် ပြည်ပထွက်ခွာခွင့် (Ex-Myanmar Leave) အား နေပြည်တော်ရုံး ချုပ်အထိ တင်ရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီးက  နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၇၃ နည်းဥပဒေခွဲ(က)တွင် အရာထမ်းအဆင့် ဝန်ထမ်းများအတွက်ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အကြီးအမှူး သို့မဟုတ် လုပ်ပိုင်ခွင့်အပ်နှင်းထားခြင်းခံရသူက ခွင့်ပြုနိုင်သည်ဟူ၍ လည်းကောင်း၊ နည်းဥပဒေခွဲ(ခ)တွင်  အမှုထမ်းအဆင့် ဝန်ထမ်းများအတွက်ခွင့်ကို ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် လုပ်ပိုင်ခွင့် အပ်နှင်းထားခြင်းခံရသူက ခွင့်ပြုနိုင်သည်ဟူ၍ လည်းကောင်း ပြဋ္ဌာန်းပါရှိပါကြောင်း။

 

 

နိုင်ငံ့ဝန်ထမ်းများ ပြည်ပသို့သွားရောက်သည့်အခါ ပြည်ပတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများနှင့် အခြားအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့်တာဝန်ယူ ဖြေရှင်းရမည်ဖြစ်သဖြင့်  သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အကြီးအမှူးတို့က တာဝန်ခံပြီး ပြည်ပခံစားခွင့် (Ex- Myanmar Leave) ကို ခွင့်ပြုခြင်းသာ ပိုမိုသင့်လျော်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထိုသို့ တွေ့ရှိချက်အရ မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ပြည်ပခံစားခွင့် (Ex-Myanmar Leave)ကို မူဝါဒချမှတ်ထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ခေတ္တသွားရောက်ရသည့် နိုင်ငံ့ဝန်ထမ်းများ လွယ်ကူအဆင်ပြေစေရန် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါ ခွင့်အမျိုးအစား ၁၀ မျိုးနှင့် လုပ်သက်ခွင့် သို့မဟုတ် လစာမဲ့ခွင့်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးများက တာဝန်ခံ၍ ခွင့်ပြုပေးလျက်ရှိပါကြောင်း။

 

 

နိုင်ငံဝန်ထမ်းများသည် Passport လျှောက်ထားခွင့်နှင့် ဗီဇာ(VISA) ကင်းလွတ်ခွင့်ပြုထားသော နိုင်ငံများသို့ ခရီးသွားလာလိုလျှင် ပြည်ပခံစားခွင့် (Ex-Myanmar Leave) အား သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် အစီအစဉ်မရှိပါကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်းဖြေကြားသည်။

 

 

သပိတ်ကျင်း မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်နိုင်၏ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကို  ထိရောက်စွာ နှိမ်နင်းနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြို့နယ် မူးယစ်အထူးတပ်ဖွဲ့ကို ဖွဲ့စည်းတာဝန်ချထားပေးနိုင် ခြင်းရှိ၊ မရှိ၊ မော်တော်ယာဉ်ဖြည့်ဆည်းပေးနိုင်မှု ရှိ၊ မရှိနှင့် ပြင်ဦးလွင်ခရိုင်ရုံးသို့ တရားစွဲဆိုတင်ပို့ရာတွင် တွေ့ကြုံရသော အခက်အခဲကို မည်သို့ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်တွင် မူးယစ်တပ်ဖွဲ့စု ၁၆ ပြင်ဦးလွင်မှ အင်အားထုတ်နုတ်၍  အရာရှိနှင့် အခြားအဆင့် စုစုပေါင်း ၆ ဦးဖြင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

 

သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူလူထုအတွင်း မူးယစ်ဆေးဝါး အသိပညာပေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ မော်တော်ယာဉ် ၁၉၄ စီး ထုတ်ပေးထားရာ  သပိတ်ကျင်း မြို့နယ်ရဲတပ်ဖွဲ့အတွက် အသုံးပြုရန် Double Cab  ၁ စီးနှင့် Foton အချုပ်ယာဉ် ၁ စီးကိုလည်းကောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ခွဲ(၁) မန္တလေးကွပ်ကဲမှု အောက်ရှိ မူးယစ်တပ်ဖွဲ့စု (၁၆) ပြင်ဦးလွင်တွင် အသုံးပြုရန်အတွက် Double Cab  ၁ စီးကိုလည်းကောင်း ထုတ်ပေးထားရှိပြီးဖြစ်ပါကြောင်း၊ သပိတ်ကျင်းမြို့နယ်ရဲတပ်ဖွဲ့မှ  ပြင်ဦးလွင်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ရသည့်အမှုများနှင့် ပတ်သက်၍ ဥပဒေအကြံပြုချက် တောင်းခံခြင်း၊ တရားခံပို့ဆောင်ခြင်း၊ သက်သေခံသွားရောက်ခြင်း၊ သက်သေခံပစ္စည်းများ တရားရုံးသို့ တင်ပို့ရန် သယ်ဆောင်ခြင်းများ ပြုလုပ်ရာတွင် မော်တော်ယာဉ်ငှားရမ်းသုံးစွဲရသဖြင့် ခရိုင်တရားရုံး တရားစွဲတင်ပို့သော အမှုများအတွက် အသုံးပြုခြင်များတွင် မော်တော်ယာဉ်လိုအပ်ချက်ရှိသည်ကို သိရှိရပါကြောင်း၊ သပိတ်ကျင်းမြို့နယ်ရဲတပ်ဖွဲ့မှ လိုအပ်သည့် မော်တော်ယာဉ် ဝယ်ယူဖြည့်တင်းပေးနိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (မူလ) ခန့်မှန်းခြေစာရင်းတွင် တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း။

 

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲစခန်းများရှိ အမှုစစ်လုပ်ငန်းအတွက် ကြိုတင်ငွေများ ထုတ်ပေးထားရှိရာ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့မရဲစခန်း ၁ ခုအတွက်  ငွေကျပ် ၈၀ဝ၀ဝ၀၊ နယ်မြေရဲစခန်း ၁ ခုအတွက် ငွေကျပ် ၂၅၀ဝ၀ဝ ထုတ်ပေးထားရှိပြီး အမှုစုံစမ်းထောက်လှမ်းခြင်းအတွက် ကုန်ကျစရိတ်များကို ထုတ်ပေးထားရှိသည့်ငွေမှ သုံးစွဲခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ အမှုစုံစမ်းစစ်ဆေးရာ၌ ကုန်ကျစရိတ်များကို ၂၀၁၅ ခုနှစ်မှစ၍ ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်၍ တရားခံသယ်ယူပို့ ဆောင်စရိတ်အနေဖြင့် အမှုကြီး ၁ မှုအတွက်  ငွေကျပ် ၅၀ဝ၀ဝ၊ အခြားအမှု ၁ မှုအတွက် ငွေကျပ် ၃၀ဝ၀ဝ၊ ကြိုတင်ကာကွယ်မှု ၁ မှုအတွက် ငွေကျပ် ၁၀ဝ၀ဝ၊ အမှုစုံစမ်းစစ်ဆေးစရိတ်အနေဖြင့် ၁ မှု ငွေကျပ် ၁၀ဝ၀ဝ ခွင့်ပြုပေးလျက်ရှိပါကြောင်း။

 

 

သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်တပ်ဖွဲ့စု ၁၆ ပြင်ဦးလွင်မှ အရာရှိနှင့် အခြားအဆင့်များကို ထုတ်နုတ်၍ နယ်မြေခံရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့အတွက် လိုအပ်မည့် မော်တော်ယာဉ် ဝယ်ယူရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(မူလ) ခန့်မှန်းခြေစာရင်းတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ အမှုစုံစမ်းဖော်ထုတ်ဖမ်းဆီးရေး လုပ်ငန်းများအတွက် အမှန်ကုန်ကျ စရိတ်များကို အမှုစစ်များအားအချိန်မီ သက်ဆိုင်ရာ ငွေစာရင်းခေါင်းစဉ်အလိုက် ထုတ်ပေးနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစတင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများတွင် ငွေထုတ်စာရင်း ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

 

အလားတူ မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ လေးမျက်နှာ မဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း၊ အင်းစိန် မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦးနှင့် ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ရှင်းလင်းဖြေကြားသည်။

 

 

ထို့နောက် ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး(ခ) ဦးအတွတ် တင်သွင်းသည့်  အစိုးရဌာနအဖွဲ့အစည်းများ၏ ဝန်ဆောင်ပေးမှုများကို ပြည်သူများ အမှန်တကယ် ရရှိခြင်းဖြင့် အစိုးရနှင့် ပြည်သူကြား အပြန်အလှန်ယုံကြည်မှု မြင့်တက်စေပြီး ဒီမိုကရေစီစနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်ရာတွင်  အထောက်အကူပြုနိုင်သောကြောင့်  One Stop Shop ကို  One Stop Service သို့ အဆင့်မြှင့် အကောင်အထည်ဖော် ဆောင်ပေးပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၆) ဦးဆွေးနွေးကြသည်။

 

 

မောက်မယ် မဲဆန္ဒနယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းက ဒီမိုကရေစီတိုင်းပြည်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ပြည်သူ့ဝန်ဆောင်မှုရုံးများ ဖွင့်လှစ်ပေးခြင်းကို မိမိတို့  လက်ခံကြိုဆိုရမည် ဖြစ်ပါကြောင်း၊ မူလရည်ရွယ်ချက် ပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါကြောင်း၊  အဂတိလိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှုများ ကင်းဝေးစေပြီး  အစိုးရနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအပေါ် ပြည်သူလူထုမှ ယုံကြည်အားကိုးမှုများ တိုးပွားလာစေပြီး ဌာနဆိုင်ရာများ အပြန်အလှန် ထိန်းကျောင်းမှုပြုနိုင်ရေးအတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်ပါကြောင်း၊  နိုင်ငံတချို့တွင်လည်း ပြည်သူ့ဝန် ဆောင်မှုရုံးများ ဖွင့်လှစ်ဆောင်ရွက်ကြသည်ကို သိရှိရပါကြောင်း။

 

 

အမှန်တကယ်ဖြစ်သင့်သည်မှာ One Stop Shop ဖွင့်လှစ်မည့်အစား One Stop Service ကဲ့သို့ ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ခြင်းကို မိမိတို့ဌာနအတွင်း၊ ရုံးအတွင်းတွင်သာ အလှည့်ကျတာဝန် ပေးဆောင်ရွက်စေခြင်းက ပိုမိုအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုသည် ဝန်ဆောင်မှုကောင်းမည်ဆိုပါက ယုံကြည်လက်ခံလာမည် ဖြစ်ပါကြောင်း၊ အားကိုးအားထား ပြုကြမည်ဖြစ်ပါကြောင်း၊ ပြည်သူ့အတွက် (OSS) ဆိုသည့် ဆောင်ပုဒ်ကို မိမိတို့အကောင်အထည်ဖော် ဆောင်ရွက်ကြသည့်နေရာတွင် အသွင်ကူးပြောင်းရေး တစ်ရပ်အနေဖြင့် မိမိတို့သွားရမည် ဖြစ်ပါကြောင်း၊ ခေါက်ရိုးကျိုးနေသည့် အဖြစ်ကို အောင်မြင်စွာ ကျော်လွှားနိုင်ရန် လိုအပ်ပါကြောင်း၊ One Stop Shop များသည် လက်ရှိ မြေပြင်အနေအထား၌ ကာလဒေသနှင့် ကိုက်ညီမှုမရှိခြင်း၊ ပြည်သူလူထုထံသို့ ဦးတည်မှုအားနည်းခြင်း၊ ပြည်သူလူထုဘက်မှလည်း စိတ်ပါဝင်စား မှုနည်းပါးခြင်းစသည့် အားနည်းချက်များရှိသောကြောင့် အောင်မြင်မှု မရှိနိုင်ပါကြောင်း၊ ပြည်သူ့အကျိုး အမှန်တကယ် ပံ့ပိုးပေးနိုင်မည့် One Stop Service အဆင့်သို့ အဆင့်မြှင့် တင်အကောင်အထည် ဖော်ဆောင်ပေးရန် အမှန်တကယ်လိုအပ်နေပါကြောင်း ထောက်ခံအကြံပြု ဆွေးနွေးသည်။

 

 

အလားတူ ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်း၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးနှင့် မိုင်းရယ် မဲဆန္ဒနယ်မှ စိုင်းသီဟကျော် တို့က ဆွေးနွေးကြသည်။

 

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများကို တားမြစ်၍ ထိရောက်သောဝန်ဆောင်မှု အလေ့အကျင့်များကို ပြုစုပျိုးထောင်ပေးနိုင်ရန်၊ ပြည်သူများက အစိုးရနှင့်  ဌာနဆိုင်ရာများအပေါ် အားကိုးယုံကြည်မှု တိုးပွားလာစေရန်နှင့် တာဝန်ထမ်းနေသောဝန်ထမ်းများ၊ ဦးစီးဌာနများအလိုက် အပြန်အလှန်ထိန်းကျောင်းမှုများပြုနိုင်ရေး အထောက်အကူပြုနိုင်ရန်ဟူသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံးများ One Stop Shop ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ၂၀၁၅ ခုနှစ် မေ ၂၀ ရက် ရက်စွဲဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ယင်းကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးခဲ့ပါကြောင်း။

 

 

One Stop Service ဆိုသည်မှာ တစ်နေရာတည်းတွင် လုပ်ငန်းအကြောင်းအရာ တစ်ခုတည်းကို လုပ်ငန်းပြီးမြောက်စေရန် လိုအပ်သည့် စာရွက်စာတမ်း၊ ထောက်ခံချက်များကို သက်ဆိုင်ရာဌာနများသို့ သွားရောက်ဆောင်ရွက်ရန်မလိုဘဲ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊  ယခုအခါ One Stop Service အဖြစ် သီလဝါ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဌာန ၉ခု ဖြင့် တစ်နေရာတည်း၌ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  အလားတူ  မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင်လည်း သွင်းကုန်၊ ထုတ်ကုန်လိုင်စင်ထုတ်ပေးခြင်းလုပ်ငန်းကို ဌာန ၁၂ ခုဖြင့် တစ်နေရာတည်း၌ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

 

ပြည်ပနိုင်ငံများ၏ ဆောင်ရွက်နေမှုများအပေါ် လေ့လာတွေ့ရှိချက်များအရ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အောင်မြင်နိုင်ရန်အတွက် ဘဏ္ဍာငွေရန်ပုံငွေနှင့် IT နည်းပညာများ ပံ့ပိုးရန်လိုအပ်ကြောင်း၊  One Stop Shop ကို One Stop Service အဖြစ်သို့ ပြောင်းလဲပါက လုပ်ငန်းသဘောသဘာဝအရ မတူသည့်အတွက် လုပ်ငန်းခေါင်းစဉ်တစ်ခုတည်းကိုသာ ပြီးပြတ်အောင်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် One Stop Service ကဲ့သို့ လုပ်ငန်းပေါင်း ၉၄ ခုကို ပြီးပြတ်အောင်ဆောင်ရွက်နေပြီး ကျန်ရှိသည့် လုပ်ငန်း ၆၆ ခုကို e-government ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် လုပ်ငန်းအားလုံးပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးဘဲ အချိန်ယူပေါင်းစပ်ရမည့် ကိစ္စဖြစ်ခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း များနှင့်ပတ်သက်၍ ဥပဒေရေးဆွဲရန် ဆောင်ရွက်ခြင်းတို့ကြောင့် အဆိုအား မှတ်တမ်းတင်သင့်ကြောင်း ရှင်းလင်းတင်ပြသည်။

 

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာသည်။

 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို သြဂုတ် ၁၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

 

အေးအေးသန့် (သတင်းစဉ်)