ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

နေပြည်တော် ၁၄ သြဂုတ်
 
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က ရှင်းလင်းဖြေကြားခြင်းနှင့် အဆို ၁ ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
 
 
သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ ပဲခူးမြို့တွင် အစိုးရစက်မှုလက်မှု သိပ္ပံသင်တန်းကျောင်း (AGTI) နှင့် ဆရာအတတ်သင် ပညာရေးကောလိပ် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (AGTI) သင်တန်းကျောင်းနှင့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော သက်မွေးပညာသင်တန်းများ၊ နည်းပညာရပ်နှင့် သက်ဆိုင်သော ကာလတို သင်တန်းများ  ဖွင့်လှစ်ပေးနိုင်ရန်အတွက် မြေနေရာရရှိရန် အဆင့်မြင့်ပညာဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။ 
 
 
အဆင့်မြင့်ပညာဦးစီးဌာန၊ ပဲခူးတက္ကသိုလ်၏ မြေဧရိယာအတွင်း၌ အစိုးရစက်မှု လက်မှုသိပ္ပံ (ပဲခူး) အဖြစ် ဖွင့်လှစ်နိုင်ရန်အတွက် မြေနေရာရရှိပါက လိုအပ်သော အဆောက်အဦများ၊ စာသင်ခုံ၊ ပရိဘောဂများနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်  ရန်ပုံငွေလျာထားချက်တွင် ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ခွင့်ပြုဘဏ္ဍာငွေရရှိပါက စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
 
 
ပဲခူးတိုင်းဒေသကြီးအတွင်း တောင်ငူမြို့နှင့် ပြည်မြို့တို့တွင် ပညာရေးကောလိပ်များကို အသီးသီး ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ပညာရေးကောလိပ်များတွင် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း (D.T.Ed) နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) သင်တန်းတို့ကို ဖွင့်လှစ်၍ နှစ်စဉ် D.T.Ed လက်မှတ်ရ ဆရာ၊ ဆရာမ ဦးရေ (၃၀ဝ) ခန့်နှင့် PPTT လက်မှတ်ရ ဆရာ၊ ဆရာမ ဦးရေ (၆၀ဝ) ခန့် မွေးထုတ်ပေးလျက် ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မူလတန်းအဆင့်သင်  ဆရာ၊ ဆရာမများနှင့် ကျောင်းသား အချိုးမှာ ၁ အချိုး ၂၄ ဖြစ်ပါကြောင်း၊ ပဲခူးခရိုင်အတွင်းတွင် မူလတန်းအဆင့်သင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားအချိုးမှာ ၁ အချိုး ၁၉ ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ပဲခူးခရိုင်တို့၏ မူလတန်းအဆင့်ဆရာ၊ ကျောင်းသားအချိုးအရ မူလတန်းပြဆရာခန့်ထားမှုသည် လုံလောက်မှုရှိသောကြောင့် ပဲခူးမြို့တွင် ပညာရေးကောလိပ် ၁ ခု ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။
 
 
မိုင်းတုံ မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦး၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမေးခွန်းများ ပုံစံပြောင်းမေးမြန်းရန ်စီစဉ်ထားခြင်းနှင့် ဆက်စပ်၍ မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ချက်ချင်းပြောင်းလဲရန် စီစဉ်ထားသည်ကို သိလိုခြင်းနှင့် အလေ့အကျင့်ရရှိစေရန် ယခုနှစ်တွင် နဝမတန်းမှသာ စတင်ပြောင်းလဲပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ  မေးခွန်းပုံစံပြောင်းလဲမေးရန် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ ပညာရေးအာမခံမှုရှိစေရန်၊ ကျောင်းနှင့် ပညာရေးစနစ် တိုးတက်စေရန်၊ ကျောင်းသားများ၏ သင်ယူမှုရလဒ်များ တိုးတက်စေရန်၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ အလွတ်ကျက်မှတ် ဖြေဆိုမှုလျော့နည်းစေရန်နှင့် စဉ်းစားတွေးခေါ်မှု ရင့်သန်စေရန်တို့ ဖြစ်ပါကြောင်း။
 
 
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းပုံစံပြောင်းလဲခြင်း၏ အရေးကြီးသော အချက်များမှာ  မေးခွန်းပုံစံသည် လုံးဝအသစ်ပြောင်းလဲခြင်း မဟုတ်ပါကြောင်း၊ မေးခွန်းပုံစံသစ်တွင် မေးခွန်းပုံစံဟောင်းကဲ့သို့ပင် အလွတ်ကျက်မှတ်ရသည့် မေးခွန်းများနှင့် စဉ်းစားတွေးခေါ်ရသော မေးခွန်းများ ပေါင်းစပ်ပါဝင်မည်ဖြစ်သော်လည်း စဉ်းစားတွေးခေါ်ရသည့် မေးခွန်းများ ပိုမိုပါဝင်လာမည်ဖြစ်ပါကြောင်း၊ သင်ယူသူများကို သင်ရိုးကုန် လေ့လာစေရန် ရည်ရွယ်ပြီး သင်ခန်းစာများကို လွှမ်းခြုံသည့်မေးခွန်းများ ပါဝင်မည်ဖြစ်ပါကြောင်း၊ မေးခွန်းပုံစံတွင် လွယ်၊ သင့်၊ ခက် မျှတစွာပါဝင်ပြီး သင်ရိုးအားလုံး လေ့လာထားသော ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ ဖြေဆိုနိုင်မည့် မေးခွန်းပုံစံ ဖြစ်ပါကြောင်း။
 
 
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းပုံစံပြောင်းလဲမေးမြန်းမည့် အခြေအနေနှင့် မေးခွန်းပုံစံနမူနာများကို တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ လေ့လာသိရှိနိုင်ရန်အတွက် နိုင်ငံပိုင်သတင်းစာများ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ Internet Website များတွင် ကြိုတင် ဖော်ပြပေးထားပါကြောင်း၊ တက္ကသိုလ်ဝင်တန်းသင် ဆရာ၊ ဆရာမများအား သင်တန်းပေးခြင်း၊ ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေပါကြောင်း ရှင်းလင်းဖြေကြားသည်။ 
 
 
ရွှေကျင်  မဲဆန္ဒနယ်မှ ဦးစောသလေးစော၏ ရွှေကျင်မြို့နယ်၊ ရွှေကျင်ဝင်း ကံလမ်းပိုင်းရှိ ကွမ်းဆိပ်-ကျုံချောင် သုံးမိုင်ခွဲ မြေသားတာဖို့လမ်းမကြီးပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက လမ်းအူကြောင်းအသစ်မှာ မူလလမ်းဟောင်းထက် သုည ဒသမ ၈ ကီလိုမီတာခန့် တိုတောင်းမှုရှိပြီး လမ်းဦးစီးဌာန (ရုံးချုပ်) လမ်းလေယာဉ်ကွင်းဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ အသေးစိတ် ကွင်းဆင်းတိုင်းတာ ပုံထုတ်ခဲ့ပါကြောင်း၊ ကျုံချောင်းရွာနှင့် ကွင်းဆိပ်ရွာအကြား မိုင် (၁၁၁/၂-၁၁၄/၂) အကြား ၃ မိုင်အား တစ်ကြောင်းထိုး လမ်းဖောက်လုပ်၍ ပေ ၄၀  အကျယ် မြေသားတာဘောင်ဖို့ခြင်း၊ ရေထုတ်ပြွှန်များ ထည့်သွင်းတည်ဆောက်ခြင်း လုပ်ငန်းများအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တင်ဒါလုပ်ထုံးလုပ်နည်းနှင့်အညီ လမ်းဦးစီးဌာန၊ ပဲခူးခရိုင်မှ လုပ်ငန်းတင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် တင်ဒါရရှိသည့် ကန်ထရိုက်တာအား သတ်မှတ် Construction Sequence အတိုင်း စနစ်တကျ ဆောင်ရွက်စေခဲ့ပြီး သတ်မှတ် CBR ပြည့်မီမှု ရှိ၊ မရှိကို Third Party Inspection အဖွဲ့မှ စစ်ဆေးကာ သတ်မှတ် CBR ရရှိမှသာလုပ်ငန်း ဆက်လက်ဆောင်ရွက် ခွင့်ပြုခဲ့ပါကြောင်း။
 
 
လမ်းအူကြောင်းအသစ် ဖောက်လုပ်ရာတွင် ပါဝင်သွားသော ကျုံငပ-ကျောက်တန်း ကျေးရွာအုပ်စုမှ တောင်သူ ၂၃ ဦး၏ လယ်ယာမြေ ၈ ဒသမ ၅ ဧကနှင့် ကွင်းဆိပ်ကျေးရွာမှ တောင်သူ ၂၅ ဦး၏ လယ်ယာမြေ ၁၇ ဒသမ ၆၁ ဧက စုစုပေါင်း ၂၅ ဒသမ ၆၆ ဧကအတွက် ၁ ဧကလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် လျော်ကြေးငွေများကို ၂၀၁၈ ခုနှစ် မတ် ၁၀ ရက်တွင် ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင်များရှေ့မှောက်တွင် သက်ဆိုင်ရာတောင်သူများထံသို့ စနစ်တကျပေးလျော်ခဲ့ပါကြောင်း၊ လမ်းပေါ်ရှိ သားပြတံတား ချဉ်းကပ်လမ်းဖောက်လုပ်ရာ၌ ပါဝင်သွားသော အဆောက်အဦများအတွက် လျော်ကြေးငွေများကိုလည်း အဆောက်အဦပိုင်ရှင် ၅ ဦးမှ သဘောတူညီထားသည့်အတိုင်း တစ်ပါတည်းပေးလျော်ခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့်  လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
 
 
ပလက်ဝ မဲဆန္ဒနယ်မှ ဦးစိန်အောင်၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ တုံးမဝ-ဘဲဒုံ မြေသားလမ်း (၁၁/-) မိုင်အနက် ကျန်ရှိသော (၂/၄) မိုင်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးကျော်လင်းက  အဆိုပါလမ်းကို ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် တုံးမဝ-ဘဲဒုံ မြေသားလမ်းအကျယ် ၁၄ ပေဖြင့် ၁၀ မိုင် ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျန်ရှိနေသော ၂ မိုင် ၄ ဖာလုံအား ဖောက်လုပ်ပြီးပါက ကျေးရွာပေါင်း ၃၇ ရွာနှင့် လူဦးရေ ၆၄၀ဝ ခန့်တို့ကို  တိုက်ရိုက်အကျိုးပြုမည် ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းအား ၂၄ ပေအကျယ် လမ်းနယ်ချဲ့ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေမှ လည်းကောင်း၊ ဖောက်လုပ်ရန်ကျန်ရှိနေသည့် ၂ မိုင် ၄ ဖာလုံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေမှ လည်းကောင်း ထည့်သွင်း တောင်းခံသွားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
 
 
ဆက်လက်၍ မန်တုံမဲဆန္ဒနယ်မှ ဒေါ်နန်းမိုး၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ တိုက်ကြီးမဲဆန္ဒနယ်မှ ဦးကျော်မြင့်၊ မုံရွာမဲဆန္ဒနယ်မှ ဦးညွန့်အောင်၊ ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ ကွမ်းလုံမဲဆန္ဒနယ်မှ ဦးယန်ကျင်းကန်၊ အိမ်မဲမဲဆန္ဒနယ်မှ ဒေါ်သန္တာနှင့် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ဦးကျော်လင်းတို့က ရှင်းလင်းဖြေကြားကြသည်။
 
 
ထို့နောက်  အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက မြန်မာ့ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအရှိန် အဟုန်မြှင့်တင်နိုင်စေရန်အတွက်  အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသန ရပ်ဝန်းကောင်းများ ဖော်ဆောင်ပေးပါရန်နှင့် သုတေသနဆောင်ရွက်သူ ပညာရှင်များအား သုတေသနရန်ပုံငွေ လုံလောက်စွာ ထောက်ပံ့ချီးမြှင့်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းသည်။ 
 
 
အဆိုရှင်က အဆိုနှင့်ပတ်သက်၍ ရှင်းလင်းရာတွင် ခေတ်အဆက်ဆက် အဖက်ဖက်မှ နိမ့်ကျခဲ့သည့် မြန်မာ့ပညာရေးကို ဦးမော့လာစေရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည့် ကာလဖြစ်ပါကြောင်း၊ မြန်မာ့ပညာရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကအနေဖြင့် ပြုပြင်ပြောင်းလဲရမည့် နယ်ပယ်ကြီးများအနေဖြင့် အခြေခံပညာရေးကဏ္ဍ၊ အဆင့်မြင့်ပညာရေးကဏ္ဍ၊ သက်မွေးဝမ်းကြောင်း ပညာသင်ကဏ္ဍနှင့် ဆရာအတတ်သင်ပညာ ကဏ္ဍတို့ ဖြစ်ပါကြောင်း။
 
 
အဆို တင်သွင်းရသည့် ရည်ရွယ်ချက်နှစ်ချက် ရှိပါကြောင်း၊ မြန်မာ့ပညာရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အဆင့်မြင့် ပညာကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ အသက်သွေးကြောသည် သုတေသနဖြစ်ပါကြောင်း၊ သုတေသန မရှင်သန်ပါက တက္ကသိုလ်ပညာရေးသည် အချည်းနှီးသာ ဖြစ်သောကြောင့် သုတေသနကို အားပေးရန်နှင့် ဒေသဖွံ့ဖြိုးရေးကို ဦးတည်သော လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများအတွက် တက္ကသိုလ်များတွင် သုတေသန ရပ်ဝန်းကောင်းတစ်ရပ် ဖော်ဆောင်မှု အားနည်းခဲ့ခြင်း၊ သုတေသနပညာရှင်များအား သုတေသနရန်ပုံငွေ ထောက်ပံ့မှုမှာလည်း အလွန်နည်းပါးခဲ့ခြင်းကို ရရှိထားသော ပညာရေးဘတ်ဂျက်အတွင်းမှ မြှင့်တင်ပေးရန်တို့ ဖြစ်ပါကြောင်း၊ သုတေသနရပ်ဝန်းကောင်း ဖော်ဆောင်ပေးရေးအတွက် ဘဏ္ဍာငွေ လိုအပ်ပါကြောင်း။
 
 
အဆိုတွင် ပါဝင်သည့် သုတေသနရပ်ဝန်းကောင်း ဖော်ဆောင်ပေးရေးဆိုသည့် နေရာတွင် အပိုင်းလေးပိုင်း ပါဝင်ပါကြောင်း၊ သုတေသနပြုလုပ်ရာတွင် အခြေခံအဆောက်အဦများနှင့် အထောက်အကူပြု ပစ္စည်းများ ဖြည့်တင်းရေး၊ သုတေသန ရလဒ်များအတွက် ကိုးကားမှီငြမ်းရာ up to date References နှင့် တက္ကသိုလ်စာကြည့်တိုက်များ ရှင်သန်စေရေး၊ သုတေသနကို ဦးဆောင်မည့် ပညာရှင်များနှင့် စီမံကြီးကြပ်မည့်သူများအား မှန်ကန်စွာ တာဝန်ပေးအပ်ရေး၊ တက္ကသိုလ်အသီးသီးတွင် သုတေသန ဦးဆောင်ကြီးကြပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းရေးတို့ ဖြစ်ပါကြောင်း။
 
 
ပညာရေးတိုးတက်ပါမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍ တိုးတက်စေလိုပါက သုတေသနလုပ်ငန်းများ အောင်မြင်ရန် လိုအပ်ပါကြောင်း၊ သုတေသနလုပ်ငန်းများ အောင်မြင်ရန်အတွက် ယခုတင်သွင်းသည့် အဆိုတွင် ပါဝင်သည့်အချက်များကို အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ နှစ်စဉ် တိုးမြှင့်ချထားပေးသည့် ပညာရေးဘတ်ဂျက်အတွင်းမှ သုတေသနရပ်ဝန်းကောင်းများကို စီမံခန့်ခွဲမှု မှန်ကန်စွာဖြင့် အဆင့်လိုက် အကောင်အထည်ဖော်သွားရန်နှင့် သုတေသန ပညာရှင်များအား သင့်တင့်လုံလောက်သည့် သုတေသနစရိတ် ပံ့ပိုးပေးပြီး ချီးမြှင့်မြှောက်စားမည်ဆိုပါက အဆင့်မြင့်ပညာကဏ္ဍ မလွဲမသွေ တိုးတက်လာမည် ဖြစ်သည့်အတွက် အဆိုအား ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
 
 
ယင်းအဆိုနှင့်စပ်လျဉ်း၍  လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် အဆိုအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
 
 
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးသည်။ 
 
 
အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီဝင်က ဖတ်ကြားတင်သွင်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
 
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒသမနေ့ကို သြဂုတ် ၁၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
 
 
အေးအေးသန့် (သတင်းစဉ်)