ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

နေပြည်တော် ၂၃  ဇူလိုင် 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အဆို ၁ ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

ရှေးဦးစွာ  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ယနေ့ စတင်ကျင်းပသည့် နဝမပုံမှန်အစည်းအဝေးကာလအတွင်း ဆွေးနွေးကြရမည့် ဥပဒေကြမ်းများအနေဖြင့် (၂၃)ခုရှိပါကြောင်း၊ အဆိုများအနေဖြင့် အဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး ဆွေးနွေးရန် ကျန်အဆို (၄)ခုနှင့် အသင့်ဖြစ်အဆို (၃)ခုရှိသည့်အတွက် ဆွေးနွေးရန် အဆိုစုစုပေါင်း (၇)ခုဖြစ်ပါကြောင်း၊ မေးခွန်းများအနေဖြင့် အဋ္ဌမပုံမှန် အစည်းအဝေးမှ နဝမပုံမှန် အစည်းအဝေးသို့ ပြောင်းရွှေ့မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်း (၁၃၇)ခု အပါအဝင် အသင့်ဖြစ်ကြယ်ပွင့်ပြမေးခွန်း (၁၅၆) ခုရှိပါကြောင်း။

ယနေ့ကာလသည် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံကို အလေးထား ဆောင်ရွက်နေသည့် ကာလဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ချမှတ်ပြီး အားသွန်ခွန်စိုက် ဆောင်ရွက်နေသကဲ့သို့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ၏ အဆိုပြုချက်များကို အခြေခံပြီး ထွက်ပေါ်လာသည့် သဘောတူညီချက်များမှတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်သွားကြရာတွင် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မစတင်မီ ဇူလိုင်(၁၀) ရက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ (၂) ဦး ဦးစီး၍ ညီလာခံတက်ရောက်ကြမည့် ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများနှင့် လွှတ်တော် ၂ ရပ်မှ ကိုယ်စားလှယ်များကို တွေ့ဆုံ၍ စနစ်တကျနှင့် ထိရောက်စွာ ချိတ်ဆက်ဆွေးနွေးနိုင်စေရန် ဆွေးနွေးမည့် အစုအဖွဲ့ (၅)ဖွဲ့ကို တာဝန်ပေးအပ်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ အဖွဲ့များတွင် ပါတီစုံနှင့် တိုင်းရင်းသားပေါင်းစုံမှ ကိုယ်စားလှယ်များ ပါဝင်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ ညီလာခံကာလ တစ်လျှောက်လုံးတွင် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အားကောင်းမောင်းသန်စွာနှင့် ပါဝင်ဆွေးနွေးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် မိမိတို့ လွှတ်တော်များမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ပြည်သူ့အသံကို ထင်ဟပ်စေမည့် လွှတ်တော်သည် ပြည်သူများ အားကိုးထိုက်သည့် ဥပဒေပြုရေးမဏ္ဍိုင်ကြီးဖြစ်ရန် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍနှင့် ဥပဒေပြုရေး တာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် ပြည်သူများ၏ ကိုယ်လုံခြုံမှု၊ စိတ်လုံခြုံမှုကို ကာကွယ်မြှင့်တင်ပေးနိုင်သည့် ဥပဒေများ ဖြစ်ရမည်ဖြစ်ပါကြောင်း၊  လွှတ်တော်တွင် တင်သွင်းသည့် အဆိုများသည် ပြည်သူ့အသံကို ထင်ဟပ်နေသည့် အဆိုများ ဖြစ်ရမည်ဖြစ်ပါကြောင်း၊ မေးမြန်းသည့် မေးခွန်းများသည်လည်း ပြည်သူ့သဘောထားများကို ဖော်ပြသည့် မေးခွန်းများ ဖြစ်ရမည်ဖြစ်ပါကြောင်း။ 

ထို့အတူ လွှတ်တော်ကိုယ်စားလှယ် တာဝန်များဆောင်ရွက်သည့်အခါ လွှတ်တော်က ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း လွှတ်တော်ကိုယ်စားလှယ်များ၏ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူ့ကိုယ်စားလှယ်များ စွမ်းဆောင်ရည် မြင့်မားပါမှ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ပိုမိုထိရောက်စွာ သယ်ပိုးဆောင်နှင်းပေးနိုင်မည် ဖြစ်သည့်အတွက် မိမိတို့၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက် အမြဲအားထုတ်ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားရင်း နှုတ်ခွန်းဆက်သလိုက်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လပွတ္တာ မဲဆန္ဒနယ်မှ ဒေါက်တာ ဦးအေးကြူ၏၂၀၁၈ ခုနှစ် ဇူလိုင် ၁ ရက်မှ ၁၄ ရက်အထိ ဂျပန်နိုင်ငံ 13th Study Tour of the Legal Project သို့ သွားရောက်ခဲ့သည့်ခရီးစဉ်၊ ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဦးဖြိုးဇေယျာသော်(ခ) ဦးဇေယျာသော် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၂၀၁၈ ခုနှစ် ဇူလိုင် ၉ ရက်မှ ၁၃ ရက်အထိ ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသလွှတ်တော်သို့ လေ့လာရေးသွားရောက်ခဲ့သည့် ခရီးစဉ်နှင့်  ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုကြည် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၂၀၁၈ ခုနှစ် ဇူလိုင် ၂၀ ရက်မှ ၂၇ ရက် အထိ နယ်သာလန်နိုင်ငံ HIV ကာကွယ်ရေးနှင့် ဆေးထိုးအပ်သွင်းသူများ အန္တရာယ်လျော့ပါးရေးဆိုင်ရာမူဝါဒနှင့် ဆောင်ရွက်မှုများအား လေ့လာရေးနှင့်  (၂၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ AIDS ညီလာခံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တို့ကို လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင် သည်။

ယင်းနောက်  လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၏ တံဆိပ်ခေါင်း အရောင်းလိုင်စင် ချထားပေးရာတွင် ရောင်းချခွင့်ရှိသည့် တံဆိပ်ခေါင်းအမျိုးအစားနှင့် လက်ဝယ်ထားရှိ နိုင်ခွင့်ပမာဏ၊ ထိန်းသိမ်းထားရှိရမည့် စာရင်းမှတ်တမ်း အမျိုးအစားများ၊ ရာသီဥတုကြောင့်ဖြစ်စေ၊ ပိုးမွှားအန္တရာယ်ကြောင့်ဖြစ်စေ ပျက်စီးမှုများ ဖြစ်ပေါ်လာသည့်အခါ အစားထိုးလဲလှယ်နိုင်ခွင့်၊ သတ်မှတ်တန်ဖိုးထက် ပိုမိုရောင်းချခြင်းမပြုနိုင်အောင် ဆောင်ရွက်သည့် ကြီးကြပ်မှုစနစ်နှင့် စည်းကမ်းဖောက်ဖျက်သူများ၊ တရားမဝင် ရောင်းဝယ်နေမှုများအား မည်သို့အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်သူလူထုအနေဖြင့် လိုအပ်သည့် တံဆိပ်ခေါင်းများကို အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် နေပြည်တော်တွင် ရုံးအမှတ်(၄၆) ပြည်တွင်းအခွန်များဦးစီးဌာနရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် (၃၆)လမ်း (အလယ်ဘလောက်)တို့ တွင် တံဆိပ်ခေါင်း ဗဟိုအရောင်းကောင်တာများ ဖွင့်လှစ်၍ ရောင်းချပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင်လည်း အခွန်တံဆိပ်ခေါင်းများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း။ 

လိုင်စင်ရတံဆိပ်ခေါင်းရောင်းချသူများ ထိန်းသိမ်းထားရှိရမည့် စာရင်းမှတ်တမ်း အမျိုးအစားများနှင့် စပ်လျဉ်း၍ နည်းဥပဒေ ၁၇ တွင် လိုင်စင်ရရှိသူသည် ရာထူးအလျှောက် တံဆိပ်ခေါင်းရောင်းချသူထံမှ ဝယ်ယူရရှိသည့် တံဆိပ် ခေါင်းအရေအတွက်နှင့် တန်ဘိုး၊ ပြန်လည်ရောင်းချသည့် တံဆိပ်ခေါင်းအရေအတွက် တန်ဘိုး၊ လက်ကျန်တံဆိပ်ခေါင်းအရေအတွက်နှင့် တန်ဘိုးတို့ကို နေ့အလိုက် စာရင်းပြုစုထားရှိရမည်ဟူ၍ လည်းကောင်း၊ နည်းဥပဒေ ၂၉ တွင် ရာထူးအလျှောက် တံဆိပ်ခေါင်းရောင်းချသူနှင့် လိုင်စင်ရတံဆိပ်ခေါင်းရောင်းချသူများသည် မိမိရောင်းချသော တံဆိပ်ခေါင်းများနှင့်  စပ်လျဉ်း၍ ဦးစီးဌာနက သတ်မှတ်ထုတ်ပေးထားသည့်  မှတ်ပုံတင်စာအုပ်တွင်  မှန်ကန်ပြည့်စုံစွာချက်ချင်းရေးသွင်းထားရမည့်အပြင် အဆိုပါ မှတ်ပုံတင် စာအုပ်၏ နောက်ဆုံးစာတိုင်တွင်ဝယ်ယူသည့် ကိစ္စအကြောင်းအရင်းအား မှတ်တမ်းတင်ထားရရှိမည်ဟု ဖော်ပြထားပါကြောင်း၊   နည်းဥပဒေ (၁၇)နှင့် (၂၉)အရ မှတ်ပုံတင်စာအုပ်များကို မဖြစ်မနေထား ရှိရမည်ဖြစ်ပါကြောင်း၊

ရာသီဥတုကြောင့်ဖြစ်စေ၊ ပိုးမွှားအန္တရာယ်ကြောင့်ဖြစ်စေ ပျက်စီးမှုများဖြစ်ပေါ်လာသည့်အခါ အစားထိုးလဲလှယ်နိုင်ခွင့်ပေးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ တံဆိပ် ခေါင်းဥပဒေ ပုဒ်မ ၅၃ အရ ပျက်စီးယိုယွင်းသည့် သို့မဟုတ် မှားယွင်းအသုံးပြုမိသည့် တံဆိပ်ခေါင်း အတွက် ခွင့်ပြုသည့် ကိစ္စတစ်ရပ်ရပ်တွင် ကော်လိတ္တော်အရာရှိသည် ထိုတံဆိပ်ခေါင်းများအစား အမျိုးအစားတူ၍ တန်ဘိုးတူသော အခြားတံဆိပ်ခေါင်းများကို ပေးနိုင်သည် (သို့မဟုတ်)လျှောက်ထားသူက အလိုရှိပြီး မိမိကလည်း သင့်သည်ထင်မြင်လျှင် တန်ဘိုးတူသော အခြားတံဆိပ်ခေါင်းအမျိုးအစားကို ပေးနိုင်သည် သို့မဟုတ် မိမိ၏ ဆင်ခြင်တုံ တရားအရ ကျပ် ၁၀ဝ စီလျှင် ၁၀ ကျပ် ကျစီနှုတ်၍ သို့မဟုတ် ကျပ် ၁၀ဝ ၏ အစိတ် အပိုင်းအတွက် ၁၀ ကျပ်နှုတ်၍ ကျန်သည့် တန်ဘိုးနှင့် တူညီသည့် ငွေသားကို ပေးနိုင်သည်ဟု ဥပဒေပြဋ္ဌာန်းထားပါကြောင်း။

သတ်မှတ်တန်ဘိုးထက် ပိုမိုရောင်းချခြင်းမပြုနိုင်ရန် ဆောင်ရွက်သည့် ကြီးကြပ်မှု စနစ်နှင့် စည်းကမ်းဖောက်ဖျက်သူများ၊ တရားမဝင်ရောင်းဝယ်နေမှုများအား မည်သို့ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိလိုခြင်းနှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံ တံဆိပ် ခေါင်းအက်ဥပဒေပုဒ်မ ၆၉ တွင် အခွန်တံဆိပ်ခေါင်းရောင်းချရန် အခွင့်အာ ဏာအပ်နှင်းထားသူတစ်ဦးဦးသည် ပုဒ်မ ၇၄ အရ ပြုလုပ်သည့် နည်းဥပဒေ တစ်ရပ်ရပ်ကို မလိုက်နာလျှင်သော်လည်းကောင်း၊ ထိုကဲ့သို့ အခွင့်အာဏာအပ်နှင်း ထားခြင်း မရှိသူတစ်ဦးဦးသည် ၁၀ ကျပ်တန် ကပ်နှိပ်တံဆိပ်ခေါင်းမှာစ၍ အခြားတံဆိပ် ခေါင်းတစ်ခုခုကို ရောင်းချလျှင် သို့မဟုတ် ရောင်းချရန် ကမ်းလှမ်းလျှင်လည်းကောင်း၊ ထိုသူကို ထောင်ဒဏ် ၆ လ အထိဖြစ်စေ၊ ငွေဒဏ်ကျပ် တစ်သိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဟူ၍ ပြဋ္ဌာန်းထားရှိပါကြောင်း။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်တံဆိပ်ခေါင်းရောင်းချခြင်းနှင့် စပ်လျဉ်း၍ ဌာနမှ ရာထူးအလျောက်တံဆိပ်ခေါင်းရောင်းချသူနှင့် လိုင်စင်ရတံဆိပ် ခေါင်းချသူများအနေဖြင့် သတ်မှတ်ချက်များနှင့် အညီ တိကျစွာ လိုက်နာ ဆောင်ရွက် ရေးအတွက် စိစစ်ကြပ်မတ်မှုများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများ နှင့် မြို့နယ်ရုံးများသို့ ဌာနတွင်း ညွှန်ကြားချက်များ ထုတ်ပြန်၍လည်း ကြပ်မတ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ စည်းကမ်းဖောက်ဖျက်သူများကို လိုင်စင်ပိတ်သိမ်း အရေးယူခြင်း၊ တရားမဝင် ရောင်းဝယ်သူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောင်ရွက်ခြင်း၊ သတင်းပေးတိုင်ကြားစေသည့် စနစ်ကို ကျင့်သုံးဆောင်ရွက်ခြင်း စသည်တို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဖားဆောင်း မဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူ၏ ဖားဆောင်းမြို့နယ် တောင်သူများ အစိုးရသတ်မှတ် ဈေးနှုန်းဖြင့် ထွန်ယက်နိုင်ရေးအတွက် မြို့နယ်ပိုင် လယ်ထွန်စက်ကြီး ၂ စီး၊ လက် တွန်းထွန်စက် ၄ စီးနှင့် လယ်စပါးရိတ်သိမ်းခြွစေက်များကို ချပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က  ဖားဆောင်းမြို့နယ်တွင် ထွန်ယက်ရေးလုပ်ငန်းများ ရာသီအချိန်မှီဆောင်ရွက်နိုင်ရန်အတွက် အမှတ် (၈၆) စက်မှုလယ်ယာစခန်း လွိုင်ကော်မြို့မှ ဌာနပိုင် ထွန်စက်ကြီး ၂ စီးကို ပေးပို့ပြီး ဖားဆောင်းမြို့နယ် ကျောက်မဲညိုကျေးရွာတွင် ရှေ့တန်းစခန်းဖွင့်လှစ်ကာ ၂၀၁၈ခုနှစ် မေ ၁၄ ရက်မှစ၍ ထွန်ယက်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စက်မှုလယ်ယာဦးစီး ဌာနအနေဖြင့် လတ်တလောအခြေအနေတွင် စပါးရိတ်သိမ်းခြွေ လှေ့စက် ဖြည့်တင်းရန် ရန်ပုံငွေ လျာထားနိုင်ခြင်းမရှိသေးသည့်အတွက် ဖားဆောင်း မြို့နယ်အတွက် ရိတ်သိမ်းခြွလှေ့စက် ခွဲဝေချထားပေးနိုင်ခြင်းမရှိသေးပါကြောင်း။ 

လက်တွန်းထွန်ယက်ရေး အငှားဝန်ဆောင်မှုကို ဌာနမှဆောင်ရွက်ပေးခြင်းမရှိ သော်လည်း လက်တွန်းထွန်စက်ဝယ်ယူလိုသည့် တောင်သူများရှိပါက လွိုင်ကော် စက်မှု လယ်ယာစခန်းများမှ တစ်ဆင့် လက်ငင်းစနစ်ဖြင့် လည်းကောင်း၊ အရစ်ကျ စနစ်ဖြင့် လည်းကောင်း ဌာနမှ ရောင်းချပေးလျက်ရှိပါကြောင်း၊ ထွန်စက်ကြီးနှင့်စပါး ခြွလှေ့စက်များကို ဝယ်ယူလိုသည့် တောင်သူများအတွက် ဌာနမှ အရစ်ကျစနစ်ဖြင့် လည်းကောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ကနဦး ၁၀ ရာခိုင်နှုန်းပေးသွင်း ပြီးနောက် ၃ နှစ် ၇ ရစ် စနစ်ဖြင့်လည်းကောင်း ဝယ်ယူနိုင်ရေးအတွက် စီမံ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လက်တွန်းထွန်စက်နှင့် ရိတ်သိမ်းခြွလှေ့စက်များ ချထားပေးရန်ကိစ္စနှင့် စပ်လျဉ်း၍ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရေးကိစ္စအတွက်ကိုသာ ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ဌာနမှ သတ်မှတ်ဈေးနှင့် ထွန်ယက်ပေးနိုင်ရေးအတွက် ဌာနပိုင် လက်တွန်းထွန်စက်များ၊ ရိတ်သိမ်းခြွလှေ့စက်များကို လတ်တလောအခြေ အနေတွင် ခွဲဝေချထားပေးနိုင်ခြင်းမရှိသေးသည့် အခြေအနေဖြစ်ပါကြောင်း၊ ဌာနမှ သတ်မှတ်ဈေးနှင့် ထွန်ယက်ပေးနိုင်မည့် ထွန်ယက် ၂ စီးကို ဖား ဆောင်းမြို့နယ်တွင်  စက်မှုလယ်ယာဝန်ဆောင်မှုရှေ့တန်းစခန်းဖွင့်ပြီး ခွဲဝေချထားပေး ပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ရွှေကျင် မဲဆန္ဒနယ်မှ  ဦးစောသလေးစော၏ စာချုပ်စာတမ်း မှတ်ပုံတင်ရာတွင်  သဘောသဘာဝချင်းကွဲပြားသည့် ရောင်းခွန်ဝယ်ခွန်များ ထမ်းဆောင်ခြင်းနှင့် မှတ်ပုံ တင်ကြေး ပေးသွင်းခြင်းတို့ကို သီးခြားစီပေးဆောင်စေရန် ပြင်ဆင်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် မှတ်ပုံတင်ကြေးပေးသွင်းရန်နှင့် ကျသင့် တံဆိပ်ခေါင်းတန်ဖိုး သတ်မှတ်ရာတွင် အခြေခံထား တွက်ချက်ရန် စာချုပ်စာတမ်း မှတ်ပုံတင်လုပ်ငန်းစိစစ်ရေးအဖွဲ့မှ သတ် မှတ်ပေးသည့် စံတန်ဖိုး(Guidence Value) နှင့် တွက်ချက်နည်းစနစ်များကို စာချုပ် စာတမ်းမှတ်ပုံတင်မည့် ပြည်သူများသိရှိနိုင်ရန်အတွက် ပွင့်လင်းမြင်သာစွာ ဖော်ပြပေး ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က  စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို  ၁၉၀၈ ခုနှစ် စာချုပ်စာတမ်းများ  မှတ်ပုံတင်ဥပဒေ၊ ၂၀၁၈ ခုနှစ် စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေများနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ယခင်အမည်-ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန)မှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းသည့် စာချုပ်တွင် ကျသင့် တံဆိပ် ခေါင်းတန်ဖိုးသတ်မှတ်ရန် အခြေခံထား တွက်ချက်သည့် စံတန်ဖိုးနှင့် တွက်ချက်နည်း စနစ်များသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်း ထားသော ပြည်တွင်းအခွန်များဦးစီးဌာနမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ ဆောင်ရွက်သောကိစ္စရပ်ဖြစ်ပါကြောင်း၊ ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့အနေဖြင့် သတ်မှတ်သည့် တန်ဖိုးအပေါ် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်များကို သက်ဆိုင်ရာမြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် ပေးဆောင်စေပြီးမှသာ တံဆိပ်ခေါင်းများ ရောင်းချပြီး၊ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ စာချုပ်စာတမ်း မှတ်ပုံတင်ပေးခြင်းလုပ်ငန်း ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရာတွင် မှတ်ပုံတင်သွင်းလာသည့် စာချုပ်များသည် စာချုပ်အမျိုးအစားအလိုက်၊ တန်ဖိုးအလိုက် တံဆိပ်ခေါင်းလုံလောက် စွာ ကပ်နှိပ်ထားခြင်းရှိ၊ မရှိ သို့မဟုတ် တံဆိပ်ခေါင်းခွန် ကင်းလွတ်ခွင့်ရရှိထားမှုရှိ၊ မရှိ တို့ကို စာချုပ်စာတမ်းများမှတ်ပုံတင် နည်းဥပဒေ ၄၂၊ နည်းဥပဒေခွဲ(ခ)၊ နည်းဥပဒေခွဲငယ်(၂) အရ စိစစ်ပြီးမှ စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေနှင့်အညီ လက်ခံ မှတ်ပုံတင်ပေးရပါကြောင်း။

ကိုယ်စားလှယ်လွှဲစာနှင့်ပတ်သက်၍ ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၁၈၂ ပါ ပြဋ္ဌာန်းချက်အရ သူတစ်ပါးအတွက် ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် လွှဲအပ်ခြင်း ခံရသူ(သို့မဟုတ်) ခိုင်းစေတာဝန်ပေးအပ်ခြင်းခံရသူကို လည်းကောင်း၊  အခြားသူတို့ နှင့် အမှုကိစ္စဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုအတွက် ယင်း၏ကိုယ်စားပြုလုပ်ဆောင်ရွက်သူကိုလည်းကောင်း၊ ကိုယ်စားလှယ်ဟု ခေါ်၍၊ ဤကဲ့သို့ ကိုယ်စားတာဝန်လွှဲအပ်ပေးခြင်းသည် ကိုယ်စားလှယ်လွှဲအပ်ခြင်းဖြစ်ပြီး  ကိုယ်စားလှယ်လွှဲအပ်ခြင်းကို General Power (သို့မဟုတ်) Speical Power များ လွှဲ အပ်ပေးခြင်းဖြစ်ပါကြောင်း၊ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၅၄၊ အပိုဒ် ၂ အရ ငွေ တစ်သိန်းကျပ်နှင့် အထက်တန်ဖိုးရှိသော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများကို လွှဲပြောင်းရောင်းချရာတွင် မှတ်ပုံတင်စာချုပ်ဖြင့်သာ ပြုလုပ်ရမည်ဖြစ်ပါသဖြင့်  ကိုယ်စားလှယ်လွှဲစာရရှိသူများသည် စာချုပ်ချုပ်ဆိုခြင်းလုပ်ငန်းကို ပြီးမြောက်အောင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ကိုယ်စားလှယ်လွှဲအပ်ခြင်းသည် ပစ္စည်းလွှဲပြောင်းရောင်းချခြင်း မဟုတ်ဘဲ မိမိ၏ လုပ်ငန်းကိစ္စတစ်ရပ်ရပ်ကို မိမိကိုယ်စား အခြားသူ တစ်ဦးဦးက ဆောင်ရွက်နိုင်ရန် ကိုယ်စားတာဝန်ပေးအပ်ခြင်းသာ ဖြစ်သည့်အတွက် General Power, Special Power  အရပ်ကတိစာချုပ်များဖြင့် အဆင့်ဆင့် လွှဲပြောင်းရောင်းချ ဝယ်ယူနေကြသူများအနေ ဖြင့် ပိုင်ဆိုင်မှု လွှဲပြောင်းကြရာတွင် တည်ဆဲဥပဒေများနှင့် ညီညွှတ်စွာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊  စာချုပ်စာတမ်းများ မှတ်ပုံတင်ရာတွင် သဘော သဘာဝချင်း ကွဲပြားသည့် ရောင်းခွန်၊ ဝယ်ခွန်များ ထမ်းဆောင်ခြင်းနှင့် မှတ်ပုံတင် ကြေး ပေးသွင်းခြင်းတို့သည် သဘောသဘာဝမတူသော်လည်း လုပ်ငန်းတစ်ခုနှင့် တစ်ခု အပြန်အလှန်ဆက်စပ်မှုများ ရှိနေသည့်အတွက် သီးခြားစီဆောင်ရွက်ပေး၍ မရပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ မိုင်းပျဉ်း မဲဆန္ဒနယ် မှ ဦးစိုင်းထွန်းစိန်နှင့် မြစ်သား မဲဆန္ဒနယ်မှ ဒေါက်တာဦးလင်းလင်းကျော်တို့၏ မေးခွန်း များနှင့်စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြားသည်။

ထို့နောက် မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက စိုက်ပျိုးရေးစက်ကိရိယာများ အပြည့်အဝ မတင်သွင်းမသုံးစွဲနိုင်ခင်မှာ ရာသီအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်စေရန် လယ်ယာတွင် အသုံးပြုနေသော ခိုင်းကျွဲ၊ နွားများအား ပြင်ပသို့ တင်ပို့ရောင်းချနေခြင်း အား ကန့်သတ်တားမြစ်ပေးပါရန်နှင့် မှန်ကန်စွာ ကူညီထောက်ပံ့ဖြေရှင်းပေးပါရန် ပြည်သူ့လွှတ်တော်မှ အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းပြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံတင်ပြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍  စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ ဆန္ဒမဲရယူရာ ထောက်ခံမဲ ၂၃၁ မဲ၊ ကန့်ကွက်မဲ ၁၀၄ မဲ၊ ကြားနေမဲ ၄ မဲဖြင့်  ထောက်ခံမဲများသဖြင့်  အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ကကြေညာသည်။

ထို့နောက် ယင်းအဆိုအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိ ပါက အမည်စာရင်းတင်သွင်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  အမျိုးသားလွှတ်တော်မှ ပြင်ဆင် ချက်ဖြင့် ပြန်လည်ပေးပို့လာသော စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေများ နှင့်  မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥပဒေကြမ်းတို့ကို လက်ခံရရှိ ကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါ က အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇူလိုင် ၂၄  ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)