ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ၂ ဖေဖော်ဝါရီ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အိမ်မဲမဲဆန္ဒနယ်မှ ဒေါ်သန္တာ၏ "ကျေးရွာအဆင့် မြစိမ်းရောင် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ" များကို ပြည်သူလူထုမှ တိုင်ကြားမှုနှင့် ပတ်သက်၍ မည်သို့ စစ်ဆေးဖြေရှင်းပေးမည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မေးခွန်းတွင် ဖော်ပြထားသည့် ခတ္တိယကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီသည် အသင်းသားများ ၏ ငွေကြေးအား အလွဲသုံးစား ပြုလုပ်သည်ကို အရေးယူဆောင်ရွက်ပေးပါရန် တိုင်ကြားစာနှင့်ပတ်သက်၍ မြောင်းမြခရိုင် ကျေးလက်ဦးစီးမှူးနှင့် အိမ်မဲမြို့နယ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီတို့မှ ကွင်းဆင်း စစ်ဆေးခဲ့ပါကြောင်း။

ထိုသို့ စစ်ဆေးရာတွင် ပထမနှစ်နှင့် ဒုတိယနှစ်တွင် အသင်းသားများသို့ ချေးငွေ တစ်ပြေးညီ ထုတ်ချေးခဲ့သော်လည်း ၂၀၁၇ - ၂၀၁၈ တတိယနှစ် စက်ဝန်းတွင် လုပ်ငန်းအမျိုးအစားအလိုက်  ချေးငွေ နှုန်းထား မတူညီမှုအား ကော်မတီအနေဖြင့် အသင်းသားများ သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ အသိပေးချပြမှု မရှိခြင်းကြောင့် အများစုမှ ကြေလည်မှုမရှိခြင်း၊ ချေးငွေများအား ထုတ်ချေးပေးရာတွင် ၆ လစာ အတိုးငွေများအား ကြိုတင်ဖြတ်တောက်ရယူခဲ့ခြင်းမှာ စီမံကိန်းလက်စွဲ စာစောင်ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ပါကြောင်း။

ထို့ကြောင့် ကြိုတင်ကောက်ယူထားသော အတိုးရငွေများအား အသင်းသားများထံ ပြန်လည်ပေးအပ်ရန်၊ အမှန်ထုတ်ချေးမှုစာရင်းအတိုင်း စာရင်းဇယားများတွင် အမှန်ပြုစုရေးသွင်းရန်၊ လက်ရှိကော်မတီအနေဖြင့် ငွေကြေး အလွဲသုံးစားပြုလုပ်ထားခြင်း မရှိသော်လည်း ချေးငွေထုတ်ချေးမှုများအား ပွင့်လင်းမြင်သာစွာနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း လက်စွဲစာစောင်ပါ ပြဌာန်းချက်၊ စည်းမျဉ်း၊ စည်းကမ်းအရ လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ချေးငွေစာရင်းဇယားများ တည့်မတ်ပြင်ဆင်ပြီးချိန်တွင် ကျေးရွာပြည်သူ များ၏ ဆန္ဒသဘောထားများဖြင့် ကျေးရွာကော်မတီအသစ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းသွားရန် စီစဉ် ဆောင်ရွက်ခဲ့ပါကြောင်း။

ကျုံတလုတ်ကျေးရွာတွင်လည်း စီမံကိန်းကျေးရွာကော်မတီ ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးမှူးတို့သည် ရန်ကုန်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင်သဖြင့် ၎င်းကော်မတီဝင်များအစား ကော်မတီဝင်အသစ်များကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် ပြန်လည်ရွေးချယ်ခဲ့ပြီး ချေးငွေများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် လူဦးရေ ၁၁၉ ဦး၊ ချေးငွေကျပ် ၃၂၃ သိန်းကို ပြန်လည် ထုတ်ချေးပေးပြီး ဖြစ်ပါကြောင်း။

စီမံကိန်းကျေးရွာများ၏ အခက်အခဲနှင့် စာရင်းထိန်းသိမ်းမှု အားနည်းချက်များအား ဖြေရှင်းဆောင်ရွက်နိုင်ရန် အတွက် တာဝန်ယူကြီးကြပ်မှုအပိုင်းအနေဖြင့် ကျေးလက်ဦးစီးဌာန (ရုံးချုပ်)မှ မူဝါဒနှင့် လုပ်ထုံးလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက် များအပေါ် အခြေခံ၍ ကြီးကြပ်စစ်ဆေးပြီး၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများအနေနှင့် လုပ်ငန်းအကောင်အထည်ဖော်မှုအပေါ်တွင် အဆင့်ဆင့် အနီးကပ်ကြီးကြပ်စစ်ဆေး ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် မြို့နယ်ဝန်ထမ်းတစ်ဦးလျှင် ကျေးရွာ ၅ ရွာကို ကြီးကြပ်ရန် တာဝန်ပေးထားပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်များက ကြီးကြပ်စစ်ဆေးရာတွင် ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများဖြင့် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၏ ပေါင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးသည့် တောင်သူများ၏ စိုက်ပျိုးမြေများ ရေဖူလုံစွာရရှိရေးအတွက် ကတိုက်ဆည်မှ ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်မည့် နည်းလမ်းသစ်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ပေါင်မြို့နယ်အတွင်းရှိ ကတိုက်ရေ လှောင်တမံမှ သိုလှောင်ရေဖြင့် စိုက်ပျိုးရေအခက်အခဲမရှိဘဲ နွေစပါးစိုက်ပျိုးနိုင်ရန်၊ တောင်သူအချင်းချင်း ရေပေးရေယူ ပဋိပက္ခများ ဖြစ်ပွားခြင်းမှ ကင်းဝေးနိုင်ရန်နှင့် စိုက်ပျိုးထားသော နွေစပါးစိုက်ခင်းများ ထိခိုက်ဆုံးရှုံးမှုမရှိဘဲ အောင်ရေအထိ ရေပေးဝေနိုင်ပြီး အောင်မြင်ဖြစ်ထွန်းနိုင်ရန်အတွက် အတတ်နိုင်ဆုံး လျာထားသော စိုက်ဧက ၁၆၉၇၃ ဧကကို ကတိုင်ရေလှောင်တမံ၏ ရေသိုလှောင်ထားရှိမှုနှင့် အောက်ဘက်ရှိ ရင်းငြိမ်ရေထိန်းတံခါးမှ ရေသိုလှောင် ထိန်းသိမ်းနိုင်မှုတို့နှင့် တွဲဖက်ပြီး ရေပေးဝေရန် စီမံဆောင်ရွက်ထားပါကြောင်း ဖြေကြားသည်။

ဓနုဖြူမဲဆန္ဒနယ်မှ ဦးတင်လှ၏ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့တွင် အများပြည်သူ စိတ်ပါဝင်စားပြီး လုပ်ကိုင်လိုစိတ်ရှိလာစေရန် တာဝန်ရှိသူအဆင့်ဆင့်က ကျေးလက်ဒေသအထိ အနီးကပ် ကြီးကြပ် အသိပညာပေးရေးနှင့် လိုအပ်သော ကူညီပံ့ပိုးမှုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးပညာပေးလုပ်ငန်းများကို ဆောင်ရွက်သည့်နေရာတွင် ကျေးရွာအရောက် တောင်သူများနှင့် ထိတွေ့ပညာပေးခြင်း၊ တောင်သူများ ကိုယ်တိုင် ဆက်သွယ်မေးမြန်းဖြေရှင်းခြင်းနှင့် တောင်သူလယ်သမားများကို သင်တန်းပေးပြီး တောင်သူအချင်းချင်း နည်းပညာဖလှယ်ခြင်းနှင့် ဆင့်ပွားခြင်းတို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

စိုက်ပျိုးပညာပေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စုစုပေါင်းဝန်ထမ်း ၇၃၈၁ ဦးဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိရာသီဥတုအခြေအနေအရ စိုက်ပျိုးမည့် မျိုး၊ စိုက်စနစ်၊ မြေပြုခြင်း၊ သဘာဝမြေ သြဇာပြုလုပ်သုံးစွဲခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာ စသည်ဖြင့် မြေပြင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချွေလှေ့သိုလှောင်သည်အထိ နည်းပညာပေးလုပ်ငန်းများကို ပညာပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ တွေ့ကြုံလာရသည့် အခက်အခဲများကို ဆက်သွယ်မေးမြန်းနိုင်ရန်အတွက် ၂၀၁၇ ခုနှစ် မတ် ၁ ရက်မှစတင်ပြီး Call Center တည်ဆောက်ထားရှိပြီး ဖြစ်ပါကြောင်း၊ Call Center သို့ ဆက်သွယ်ရာတွင် Hot Line, Viber, ကြိုးဖုန်း၊ Facebook တို့ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း၊ တောင်သူလယ်သမားများကို ခေါ်ယူ၍ သင်တန်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာတွင် ပိုမိုထိရောက်မှုရှိအောင် ကျေးရွာခေါင်းဆောင်များကိုလည်း သီးခြားဖိတ်ကြားပြီး နည်းပညာပေးသင်တန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

ထို့အတူ မြန်အောင်မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်၊ တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၊ မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာဦးလင်းလင်းကျော်နှင့် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း တို့၏ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ထို့နောက် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က "စက်မှုလယ်ယာစနစ် အမြန်ဆုံး ဖွံ့ဖြိုး တိုးတက်အောင်မြင်ရန်အတွက် ဧကကွက်များ ဖော်ထုတ်ခြင်း လုပ်ငန်းကို အမြန်ဆုံး အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း" အဆိုကို တင်သွင်းရာ တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်က ထောက်ခံဆွေးနွေးသည်။

ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည် က နိုင်ငံတစ်ဝန်းရှိ ၇၀ ရာခိုင်နှုန်းသော တောင်သူလယ်သမားများသည် လယ်ယာလုပ်ငန်းလုပ်ကိုင်ရာတွင် မိရိုးဖလာနည်းများကိုသာသုံး၍ စိုက်ပျိုးကြသူများပါကြောင်း၊ ထို့ကြောင့် တစ်ဧကအထွက်နှုန်းသည် ပျမ်းမျှအား ဖြင့် စပါးအထွက်နှုန်းမှာ တင်း ၇၀ နှင့် ၈၀ အကြား အမြင့်ဆုံးရရှိပါကြောင်း၊ ယခုဆယ်စု နှစ်များတွင် လယ်ယာလုပ်သား ရှားပါးလာမှုကြောင့် ပျိုးထောင်၊ ပျိုးနုတ်၊ ကောက်စိုက် အဆင့်များ မလုပ်ဘဲ အစေ့လိုက် ကြဲပတ်နည်းကိုသာ သုံးလာကြပါကြောင်း၊ ထို့ကြောင့် မျိုးစပါးနှင့် မြေသြဇာ ပိုမိုသုံးစွဲရပါကြောင်း၊ အကျိုးဆက်အနေဖြင့် တမန်းနိုးခြင်းကဲ့သို့သော အလုပ်များဖြစ်သည့် မြက်ရှင်းပေါင်းနှုတ်ခြင်းကိစ္စများကို စနစ်တကျလုပ်ဆောင်မရသည့်အတွက် ပေါင်းသတ်ဆေးများ ပိုမိုသုံးစွဲလာကြ၍ စပါးအထွက်နှုန်းများ ကျဆင်းလာပြီး အရည်အသွေးလည်း ကျဆင်းလာပါကြောင်း။

အာဆီယံဒေသအတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်နှင့် မလေးရှား နိုင်ငံတို့တွင် စက်မှုလယ်ယာစနစ်ကို ၁၉၉၀ ခုနှစ်များကတည်းက စတင်အကောင်အထည်ဖော် အောင်မြင်နေပြီး တစ်ဧကအထွက်နှုန်းမှာလည်း စပါးတင်း ၂၂၀ - ၂၄၀ အကြားအထိ ရရှိနေသည်ကို သိရပါကြောင်း၊ ထို့ကြောင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၉ နှင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ(ဇ) တို့အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့်လည်းကောင်း၊ နိုင်ငံတကာအကူအညီနှင့် ချေးငွေများဖြင့် လည်းကောင်း၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် Contract Farming စနစ်ဖြင့်လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် စက်မှုလယ်ယာစနစ် အမြန်ဆုံး ဖွံ့ဖြိုး တိုးတက်အောင်မြင်ရန်အတွက် အဆင့်မြင့်ဧကကွက်များ ဖော်ထုတ်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းသည်။

အဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တင်သွင်းသည့် "အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေ (The Caste Disabilities Removal Act)ကို ပြင်ဆင်သည့် ဥပဒေကြမ်း" နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်၏ သဘောဆန္ဒကိုရယူ၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

သူရဇော်