ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

နေပြည်တော် ၃၀ ဇန်နဝါရီ
 
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးနဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်းများ မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခု မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
 
 
 
အစည်းအဝေးတွင် မုံရွာ မဲဆန္ဒနယ်မှ ဦးညွန့်အောင်၏ မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ ရှေးဟောင်းမြန်မာစာပေ လေ့လာရေးဌာနကို ကျောင်းသား၊ ကျောင်းသူတို့၏ အကျိုး၊ နိုင်ငံတော်၏ အကျိုးအတွက် ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မုံရွာတက္ကသိုလ်မှ ရှေးဟောင်းမြန်မာစာပေ လေ့လာနေသော ကျောင်းသား၊ ကျောင်းသူများသည် မုံရွာ တက္ကသိုလ် စာကြည့်တိုက်နှင့် Online တို့ကို လေ့လာအသုံးပြုလျက်ရှိပါကြောင်း၊ မုံရွာတက္ကသိုလ်နှင့် ရှေးဟောင်း မြန်မာစာပေလေ့လာရေးဌာန နေရာသည် ဝေးကွာသည့်အတွက် ယင်းအဆောက်အဦအား ယခုအချိန်တွင် အသုံးပြုခြင်း မရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစွာ ဆောင်ရွက်နိုင် ရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ညှိနှိုင်းပြီး လိုအပ်သလို ဆက်လက် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။ 
 
 
 
ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ ဒိုက်ဦးမြို့နယ် ကျိုက်စကောကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)ကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေး ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဒိုက်ဦးမြို့နယ် ကျိုက်စကော အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)သည် ကျောင်းအဆင့်တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်မူနှင့် ကိုက်ညီမှုရှိပါသဖြင့် အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရန်အတွက် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် ကျောင်း အဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် သတ်မှတ်မူများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
 
 
 
 
ထို့ပြင် ရမ်းဗြဲမဲဆန္ဒနယ်မှ ဦးကျော်ရွှေ၊ ပေါက်မဲဆန္ဒနယ်မှ ဦးရဲထွန်းဝင်း၊ ဆားလင်းကြီး မဲဆန္ဒနယ်မှ ဦးဝင်းသိန်း ဇော်နှင့် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်တို့၏ ပညာရေးကဏ္ဍဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
 
 
 
ထို့နောက် အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ "နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျင်မြန်ချောမွေ့ လွယ်ကူစွာ ဝင်ရောက်နိုင်ပြီး လုပ်သားအင်အား အခြေပြုသော ကုန်ထုတ်လုပ်ငန်းများ (Labour Intensive Industry) ပိုမိုဖွံ့ဖြိုးတိုးတက် ကျယ်ပြန့်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပေါ်လာအောင် ကူညီဆောင် ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း" အဆိုနှင့်စပ်လျဉ်း၍ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၊ သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်အေဇင်လတ်၊ မြင်းမူမဲဆန္ဒနယ်မှ ဦးစိုးစံ သက်ထွန်း၊ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ စေတုတ္ထရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ပင်းတယမဲဆန္ဒနယ်မှ ဦးစိုးမြင့်၊ ဒဏ္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ ဥတ္တရသီရိ မဲဆန္ဒနယ်မှ ဦးကျော်မင်းလှိုင်၊ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးနှင့် မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းတို့က အကြံပြုဆွေးနွေးကြသည်။
 
 
 
သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အနာဂတ် တွင် ရေရှည်တည်တံ့ခိုင်မာသည့် နိုင်ငံ့စီးပွားရေး တိုးတက်မှုကိုရရှိရန် ဒေသတွင်း ပထဝီအားသာချက်ကို အသုံးချ၍ မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို ဖော်ထုတ်ပေးနိုင်ရန် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင်နိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများကို ပြန်လည်ပြင်ဆင်ခြင်း၊ ကြိုးနီစနစ်ကို လျော့ချခြင်း၊ လာဘ်ပေးလာဘ်ယူမှုများကို ထိန်းချုပ်ခြင်း စသည်တို့ကို အရေးတကြီးဆောင်ရွက်သွားရန် လိုအပ်လျက် ရှိပါကြောင်း။
 
 
နိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ စီးဝင်လာစေရန်အတွက် ရင်းနှီးမြုပ်နှံသူများ စိတ်ဝင်စားပြီး အလွယ် တကူ ဝင်ရောက်လုပ်ကိုင်နိုင်မည့် ရေခံမြေခံ၊ အခင်းအကျင်းမျိုးဖြစ်အောင် အထူးတလည် ပြင်ဆင်ထားရန် လိုအပ်နေပါကြောင်း၊ နိုင်ငံ၏ လက်ရှိအခြေခံ အဆောက်အဦ (Infrastructure) ပိုင်း၏ အားနည်းချက်များကို ဖြည့်ဆည်းပြီး နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူများအတွက် အခက်အခဲ၊ အဟန့်အတားဖြစ်စေမည့် အရာများကို ဖယ်ရှားရန်နှင့် ဖြေလျော့ပေးရန် လိုပါကြောင်း။
 
 
လက်ရှိတွင် အရှုံးပေါ်နေပြီး ကုန်ထုတ်လုပ်မှု ကျဆင်းနေသည့် ခေတ်မမီတော့သည့် စက်ရုံများကို ပြုပြင်ပြောင်းလဲရန်ဆိုသည်မှာ ပြည်ပက အရင်းအနှီးနှင့် နည်းပညာများကို အမှီပြုပြီး ပြည်ပရင်းနှီးမြုပ်နှံမှုကို ဖိတ်ခေါ်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ယင်းအပိုင်းများတွင် မလိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို လျော့ချပြီး မြန်မြန်ဆန်ဆန် လွှဲပြောင်းဆောင်ရွက်သွားရန် တိုက်တွန်းအကြံပြုအပ်ပါကြောင်း၊ သို့မှသာ မူလစက်ရုံများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် အလုပ်အကိုင်ရရှိစေပြီး ကုန်ထုတ်လုပ်မှု အပိုင်းတွင်လည်း ပြန်လည်တိုးတက်လာစေမည်ဖြစ်ပါကြောင်း။
 
 
 
စက်ရုံအလုပ်ရုံများ တည်ဆောက်ရန်အတွက် မြေနေရာရရှိရေးသည် အထူးအရေးကြီးပါကြောင်း၊ မြေဈေးများ ခေါင်ခိုက်နေသည့် တိုင်းပြည်တွင် မည်သည့် ရင်းနှီးမြုပ်နှံမှုကိုမှ ဆွဲဆောင်နိုင်မည် မဟုတ်ပါကြောင်း၊ မြေဈေးများ မြင့်မားနေသည်နှင့်အမျှ အိမ်ဈေး၊ တိုက်ခန်းဈေးများပါ လိုက်တက်နေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေဈေး၊ အိမ်ဈေးများ တက်အောင် ဈေးကစားနေကြသည့် အဖြစ်မျိုးများ မပေါ်ပေါက်အောင် အစိုးရက ဝင်ရောက်ထိန်းညှိပေးရန်နှင့် မှန်ကန်သည့် မြေယာမူဝါဒများ ချမှတ်သွားရန်လည်း အကြံပြု လိုပါကြောင်း။
 
 
 
မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အဦများနှင့် ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လွယ်ကူအဆင်ပြေချောမွေ့ရန်အတွက် အချိန်ကုန် သက်သာမည့် One Stop Service များထားရှိကာ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် အထူးလိုအပ်ပါကြောင်း၊ ဒေသတွင်းရှိ အာဆီယံ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်လာသည့် လမ်းကြောင်းမှာ လုပ်သားအင်အားအခြေပြု ကုန်ထုတ်လုပ် ငန်းများ မှတစ်ဆင့် အစပြုခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ လုပ်သားအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံအနေဖြင့် တိုင်းပြည်စီးပွားရေးကို ဆွဲတင်နိုင်ရန်နှင့် ဆင်းရဲနွမ်းပါးမှုနှင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာကို ဖြေရှင်းသွား နိုင်ရန်အတွက် အဆိုကို ထောက်ခံဆွေးနွေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
 
 
 
 
အဆိုနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၃၈ ခု ခွင့်ပြုခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၈၈၀၃၈ နေရာနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၅၁ ခု ခွင့်ပြုခဲ့၍ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၀ဝ၆၃ နေရာကိုလည်းကောင်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၇၈ ခု ခွင့်ပြုခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၇၄၆၆၉ နေရာနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၈၀ ခွင့်ပြုခဲ့ပြီး အလုပ်အကိုင် အခွင့် အလမ်းပေါင်း ၁၈၆၃၉ နေရာကိုလည်းကောင်း ဖန်တီးပေးနိုင်ခဲ့၍ စုစုပေါင်းလုပ်ငန်း ၄၄၇ ခု၊ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၉၁၄၀၉ နေရာ ဖန်တီးပေးနိုင်ခဲ့ပါကြောင်း။
 
 
နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ဖိတ်ခေါ်လျက်ရှိပြီး ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှုများကိုလည်း အားပေးမြှင့် တင်ပေးလျက်ရှိပါကြောင်း၊ စီးပွားရေး မူဝါဒ ၁၂ ရပ် အနက် နံပါတ်(၅)တွင် ပြည်တွင်းနေ နိုင်ငံသားများနှင့် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအားလုံးအတွက် အလုပ်အကိုင် အခွင့် အလမ်းများ ဖော်ထုတ်ပေးရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း မြင့်မားသော စီးပွားရေးလုပ်ငန်းများကို ကာလတိုအတွင်း ပိုမိုဦးစားပေးဆောင်ရွက်ရန် ဟု ဖော်ပြပါရှိပါကြောင်း။
 
 
 
အလားတူ ရင်းနှီးမြှုပ်နှံမှု မူဝါဒ(၇)ရပ်အနက် နံပါတ် ၇ တွင် ဒေသတွင်းနှင့် ကမ္ဘာ့ကုန်စည် စီးဆင်းမှု ကွင်းဆက် များနှင့် ချိတ်ဆက်ထားသည့် ကုန်စည်ထုတ်လုပ်မှု မြှင့်တင်နိုင်ပြီး ကုန်စည်၏ ထပ်ဆင့် တန်ဖိုးတိုးမြှင့်နိုင်သော စိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာလွှဲပြောင်းရရှိမှုနှင့် ပြန့်ပွားစေမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ၎င်းတို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ၊ အခြေခံအဆောက်အအုံများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေမည့် ရင်းနှီးမြှုပ်နှံမှုများ၊ အလုပ်အကိုင်များစွာ ဖန်တီးနိုင်သော၊ ကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေး ဖွံ့ဖြိုးစေနိုင်သော၊ အသက်မွေး ဝမ်းကြောင်း ပညာရပ်များကို လေ့ကျင့်သင်ကြားပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေးဖွံ့ဖြိုးမှု အားနည်း သော နေရာဒေသများတွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုများ၊ စက်မှုမြို့တော်များနှင့် အထူးစီးပွားရေးလုပ်ငန်းများ စုဝေးရာနေရာများ (Special Economic Clusters)တွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေး ကြိုဆိုသည်ဟု ဖော်ပြပါရှိပါကြောင်း။
 
 
ပြည်ထောင်စုအစိုးရအဖွဲ့သည် ချမှတ်ထားသည့် စီးပွားရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုဝါဒများအပေါ် အခြေခံ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျင်မြန်ချောမွေ့ လွယ်ကူစွာ ဝင်ရောက်နိုင်ရေးနှင့် လုပ်သားအင်အား အခြေပြုသော ကုန်ထုတ်လုပ်ငန်းများ (Labour Intensive Industry) ပိုမိုဖွံ့ဖြိုးတိုးတက် ကျယ်ပြန့်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ တိုင်းဒေသကြီး/ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှတစ်ဆင့် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို တင်သွင်းသော အဆိုတွင် ပါရှိသည့် အချက်များကို အကောင်အထည်ဖော်ခဲ့ပြီး အကောင်အထည်ဖော်ဆဲ ဖြစ်သည့်အပြင် ဆက်လက်၍လည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အဆိုအား မှတ်တမ်းအဖြစ် ထားရှိပေးနိုင်ပါရန် လွှတ်တော်သို့ တင်ပြသည်။
 
 
 
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ သဘော ထားကို ရယူ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဒသမနေ့ကို ဖေဖော်ဝါရီလ ၁ ရက်တွင် ကျင်းပ သွားရန် လျာထားကြောင်း သိရသည်။ 
 
 
မီမီဖြိုး