ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် ၇ ဇွန်


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
    

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော တရားလွှတ်တော်ရှေ့နေများကောင်စီအက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စု လွှတ်တော်နာယက က လွှတ်တော်၏ သဘောထားမေးမြန်းရယူ အတည်ပြုသည်။
    

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၉ နှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့သွားမည် ဖြစ်ကြောင်း အသိပေးကြေညာသည်။
    

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေးစီမံကိန်း ဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ၊ FMO နှင့် ING Bank ထံမှ ယူရို ၂၉ ဒသမ ၉၆ သန်းချေးငွေရယူရေးနှင့် စပ်လျဉ်း၍ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် ချေးငွေစနစ်တကျ ပြန်လည်ပေးနိုင်ရန် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီအနေဖြင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုမီနှင့် အကောင်အထည်ဖော်ပြီးသည့်အချိန်တို့တွင် အခွန်အရပ်ရပ်ကို စနစ်တကျကောက်ခံရန် စီမံကိန်းချမှတ်ဆောင်ရွက်သင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက အကြံပြုထားပါကြောင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးအကြံပြုထားသည့်အတိုင်း စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
    

ထို့ပြင် ယခင်ဆောင်ရွက်ခဲ့သည့် မြစ်ရေတင်စီမံကိန်းကဲ့သို့ နည်းပညာနှင့် ဒီဇိုင်း လိုအပ်ချက်များ မရှိစေရန် Feasibility Study ကို စနစ်တကျ ဆောင်ရွက်ခဲ့ပြီး နယ်သာလန်နိုင်ငံအခြေစိုက် Royal Haskoning DHV က Project Design ကို စီမံကိန်း ဆောင်ရွက်မည့် မြေမျက်နှာသွင်ပြင် အနေအထား၊ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ (၁၀) နှစ်စာ အချက်အလက်များ၊ မြစ်ရေအတက်အကျ နှစ်စဉ်မှတ်တမ်းများ၊ ငလျင်ဆိုင်ရာ အချက်အလက်များ၊ ဒုဋ္ဌဝတီမြစ်၏ ရေအရည်အသွေးနှင့် စီမံကိန်းဧရိယာနှင့် အနီးပတ်ဝန်းကျင်နေ ပြည်သူတို့၏ သောက်သုံးရေလိုအပ်မှု ဆန်းစစ်ချက်တို့ကိုပါ ထည့်သွင်းတွက်ချက်၍ ရေးဆွဲထားပြီး စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
    

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် စီမံကိန်း၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို သက်ဆိုင်ရာ လွှတ်တော်ရေးရာကော်မတီသို့ ပုံမှန်ရှင်းလင်း တင်ပြသွားမည် ဖြစ်ပါကြောင်း၊ ချေးငွေကို ယူသင့်/မသင့် စဉ်းစားသုံးသပ်ရာတွင် ဆောင်ရွက်မည့် စီမံကိန်း၏ လိုအပ်ချက်၊ ချေးငွေပေးမည့်နိုင်ငံ၏ လိုလားချက်၊ စီမံကိန်းတန်ဖိုး တွက်ချက်မှု၊ ဒီဇိုင်းနှင့် အရည်အသွေးကောင်းမွန်မှု စသည့်အချက်များအပေါ် မူတည်၍ ဆုံးဖြတ်ရခြင်း ဖြစ်သဖြင့် အချို့စီမံကိန်းများတွင် အတိုးနှုန်းအသင့်အတင့် များနေသော်လည်း ရယူရခြင်း ဖြစ်ပါကြောင်း၊  ယခုစီမံကိန်းကို သတ်မှတ်ကာလ (၂)နှစ်နှင့် (၆)လ ခန့်အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် ရေယူအဆောက်အဦ၊ ရေသန့်စင်စက်ရုံ၊ ရေသိုလှောင်ကန်၊ ရေတွန်းစက်ရုံ၊ ရေဖြန့်ဝေပိုက်လိုင်း စသည့် တည်ဆောက်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်း တည် ဆောက်သွားမည် ဖြစ်သဖြင့် အချိန်မီပြီးစီးနိုင်မည် ဖြစ်ပါကြောင်း။
    

ထို့ပြင် သန့်စင်သော ရေရရှိရန် ရေပိုက်လိုင်းသွယ်တန်းရာတွင် စနစ်တကျ ဆောင်ရွက်သွားရေးကိစ္စကိုလည်း သတိပြုဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒုဋ္ဌဝတီ မြစ်တစ်လျှောက်ရှိ အပန်းဖြေစခန်းများနှင့် ကျေးရွာများမှ ထွက်ရှိသည့် စွန့်ပစ်အမှိုက် နှင့် စွန့်ပစ်ရေဆိုးတို့အတွက်လည်း မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းညှိနှိုင်း၍ လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
    

ယခု ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေးစီမံကိန်းသည် မြို့သစ်တည်ဆောက် ပြီး (၂၅)နှစ်ကျော်ကြာသည်အထိ ရေကောင်းရေသန့် သုံးစွဲခွင့်မရသော ပြည်သူများကို သန့်စင်သည့် သောက်သုံးရေဖြန့်ဝေမည့် ပြည်သူ့ဝန်ဆောင်မှု ဖြည့်ဆည်းပေးသည့် လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရရှိသည့်အခါ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နယ်သာလန် နိုင်ငံ၊ FMO နှင့် ING Bank တို့နှင့် ညှိနှိုင်း၍ ချေးငွေစာချုပ် ချုပ်ဆိုနိုင်ရန် ဆက်လက် ဆောင်ရွက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီတို့အကြား လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်ဆင့်ချေးငွေစာချုပ်ကို ချုပ်ဆိုသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ချေးငွေယူရို ၂၉ ဒသမ ၉၆သန်း ရယူနိုင်ရေးကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
    

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ချေးငွေရယူရေးကိစ္စ နှင့် စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ ထောက်ခံမဲ ၅၄၇ မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေမဲ ၁ မဲ ဖြစ်၍ ထောက်ခံမဲ များသဖြင့် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
    

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရပ်ဝန်းနှင့် ပိုးလမ်းမစီမံ ကိန်း၏ အခွန်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ခြင်းစနစ် တည်ထောင်သည့် နားလည်မှု စာချွန်လွှာတွင် လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။


ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က  ပထဝီအနေအထားအရ အိမ်နီးချင်း နိုင်ငံဖြစ်လာခြင်းမှာ သီးခြားလုပ်ယူ၍ မရသကဲ့သို့ ရှိပြီးသား အနေအထားကိုလည်း ပြောင်းလဲ၍ မရပါကြောင်း၊ ထို့ကြောင့် တည်ရှိနေမှု၏ အခွင့်အလမ်းကောင်းကို အရယူနိုင်ရန် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၀ ရာခိုင်နှုန်း သည် အိမ်နီးချင်းတရုတ်နှင့်ပင် ဖြစ်ပါကြောင်း၊  ထို့ကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်သစ်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုနေသော နိုင်ငံဖြစ်သောကြောင့် မိမိနိုင်ငံ၏ မူဝါဒ၊ အမျိုးသားအကျိုးစီးပွားတို့နှင့် ကိုက်ညီမည်ဆိုပါက နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ အခွန်စီမံ ခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ခြင်းစနစ် (BRITACON) တည်ထောင်သည့် နားလည်မှု စာချွန်လွှာတွင် မြန်မာနိင်ငံမှ ပါဝင်သင့်ပါကြောင်း ဆွေးနွေးသည်။
    

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က ရပ်ဝန်းနှင့် ပိုးလမ်းမ ကို ဖော်ဆောင်သည့်နေရာတွင် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံအနေဖြင့် အလုပ်အကိုင်၊ ပညာရေး၊ စီးပွားရေး တိုးတက်ကောင်းမွန်စေနိုင်သကဲ့သို့ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ တိုးပွားလာစေရန် ထောက်ပံ့ပေးခြင်း စသည့် အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေနိုင်မည်ဖြစ်ပါကြောင်း၊ တစ်ဖက်ကလည်း မြို့ရွာများကို ဖြတ်၍ လမ်းဖောက်လုပ်ပါက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေး ထိခိုက်နစ်နာမှုများ ရှိနိုင်သည်ဟု လည်း ဝေဖန်ကြပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ပထဝီအနေအထားအရ ငြင်းပယ်၍မရသည့် အခြေအနေ တွင် ထိုစီမံကိန်းမှ မိမိတို့နိုင်ငံအတွက် မည်သို့ အကျိုးရှိစေရန် အသုံးချမည်ကို ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် လိုအပ်ပါကြောင်း၊ ပိုးလမ်းမစီမံကိန်းကို ပြည်သူအများ ပူးပေါင်းပါဝင်လာရန်အတွက် ပွင့်လင်းမြင်သာစွာချပြရန် လိုအပ်ပါ ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များသည့် မြန်မာနိုင်ငံအတွက် နည်းပညာနှင့်  ရင်းနှီးမြှုပ်နှံမှုများ ဝင်လာသည့်အခါ နိုင်ငံတကာ စံနှုန်း နှင့် ကိုက်ညီသည့် စည်းမျဉ်းမူဘောင်များ ရေးဆွဲထားရန် လိုအပ်ကြောင်းကို  အကြံပြု လိုပါကြောင်း၊ နားလည်မှုစာချွန်လွှာတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးရန်အတွက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ တာမွေ မဲဆန္ဒနယ်မှ ဦးတိုးဝင်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၊ တွံ တေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်း မြင့်၊ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်း၊ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး(ဘောဂဗေဒ)၊ အလုံမဲဆန္ဒ နယ်မှ ဦးရဲလွင်၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုးနှင့်  ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းတို့က ဆက်လက် ဆွေးနွေးကြသည်။
    

ယင်းကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
    

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက  က ယင်းကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။
    

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင် များနှင့် အသက်၂နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီ အစဉ်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA)ထံမှ အမေရိကန် ဒေါ်လာသန်း ၁၀ဝ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်း ဆွေးနွေးကြသည်။
    

ဒုတိယဝန်ကြီး ဦးစိုးအောင် က ယခုအစီအစဉ် အကောင်အထည်ဖော်မှုကို ရပ်ရွာ လူထုအား အသိပေးခြင်း၊ တိုင်ကြားမှုများ လက်ခံဆောင်ရွက်ပေးခြင်းနှင့် စောင့်ကြည့် ကြီးကြပ်ခြင်း အဆင့်များတွင် သက်ဆိုင်ရာ အစီအစဉ် အကောင်အထည်ဖော်ရာ ဒေသများရှိ လွှတ်တော်ကိုယ်စားလှယ်များကို မြို့နယ်အဆင့်လူမှုကာကွယ်စောင့်ရှောက်ရေး ကော်မတီများ ဖွဲ့စည်းရာတွင် နာယက အဖြစ်ထည့်သွင်းဖွဲ့စည်းသွားရန် စီစဉ်လျာထား ပြီး ဖြစ်ပါကြောင်း၊ မြို့နယ်အဆင့်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ရုံးခွဲများဖွင့်လှစ်ပြီး ဝန်ထမ်းများခန့်ထားရေးအတွက်ကိုလည်း အစီအစဉ် အကောင်အထည်ဖော်မှု မစတင် မီ အပြီးဆောင်ရွက်နိုင်ရေးကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစီအစဉ် ကို ပူးပေါင်းအကောင်အထည်ဖော်မည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအကြား ပူး ပေါင်းဆောင်ရွက်နိုင်မှုကို အထူးအလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
    

ထို့ပြင် အစီအစဉ်ကို အကောင်အထည်ဖော်မည့် လူသားအရင်းအမြစ်များနှင့် ပတ်သက်၍ မြို့နယ်တစ်မြို့နယ်ချင်းတွင် ဌာနဝန်ထမ်းအဖြစ် ကနဦး အနည်းဆုံး သုံးဦး စီခန့်အပ်လေ့ကျင့် တာဝန်ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ အကျိုးခံစားခွင့် ငွေကြေး မှန်မှန်ကန်ကန်ရရှိရေးနှင့် အကျိုးခံစားခွင့်ရှိသူများအနေဖြင့် ငွေကြေးထောက်ပံ့မှုကို  အကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် ပညာပေးအစီအစဉ်ကို ထုတ်ပြန်ထားသည့် လုပ်ငန်း လက်စွဲစာအုပ်အတိုင်း စနစ်တကျဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
    

လက်ရှိဆောင်ရွက်ပေးနေသော တိုင်းဒေသကြီး/ ပြည်နယ်များနောက်တွင် ဆက်လက်ဆောင်ရွက်ပေးရန် လျာထားမှုအနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်းကောင်း၊ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လည်းကောင်း၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လည်းကောင်း တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ကာလလတ် အစီအစဉ်ဖြင့် (၅)နှစ်စီမံ ကိန်း ရေးဆွဲလျာထားပြီး ဖြစ်ပါကြောင်း၊ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများကိုလည်း (၅)နှစ်တာကာလ နောက်ပိုင်းဘဏ္ဍာရေးနှစ်များတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက သုတေသနပြုထားသော လူဦးရေနှင့် ကျန်းမာရေးဆိုင်ရာစစ်တမ်း ၂၀၁၅ - ၂၀၁၆ ပါ ပုညှက်မှုနှုန်းများအရ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
    

စာရင်းဇယားများ တိကျမှန်ကန်စေရေးအတွက်လည်း ရပ်ကွက်နှင့်ကျေးရွာ အဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးကော်မတီများ ခိုင်ခိုင်မာမာပေါ်ထွန်းရေးကို လည်းအဓိက အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်း များကို လေ့ကျင့်သင်တန်းပေးခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အကျိုးခံစားခွင့်ငွေကြေးအနေ ဖြင့် မိခင်အတွက် ငွေကျပ် ၁၅၀ဝ၀ နှင့် ကလေးအတွက် ငွေကျပ် ၁၅၀ဝ၀ တစ်ပြိုင်နက် တည်းခံစားရမည်မဟုတ်ဘဲ ကိုယ်ဝန်ဆောင်စဉ်တွင် မိခင်ကိုပေးခြင်းဖြစ်ပြီး မွေးဖွားပြီး သောအခါတွင် ကလေးအတွက်ပေးခြင်းဖြစ်သည့်အတွက် တစ်လလျှင် ၎င်းတို့နှစ်ဦး အတွက် ငွေကျပ် ၁၅၀ဝ၀ သာရရှိမည်ဖြစ်ပါကြောင်း၊ ရရှိလာမည့် အကျိုးခံစားခွင့် ငွေကြေးကို အာဟာရနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတွင် အကျိုးရှိစွာ သုံးစွဲနိုင်ရေး အသိပညာပေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
    

ယခု ငွေကြေးထောက်ပံ့သည့် စီမံကိန်းအား လူဦးရေနှင့် ကျန်းမာရေးဆိုင်ရာ စစ်တမ်း ၂၀၁၅ - ၂၀၁၆အရ ပုညှက်မှုနှုန်းမြင့်မားလျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် ကလေးသူငယ်များ၏ ဘဝအစ ရက်(၁၀ဝ၀)အတွင်း အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ပြည့်မီမှုရှိစေရန် ဆောင်ရွက်သည့် အစီအစဉ် ဖြစ်သည့်အတွက် ချေးငွေရယူရေးကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
    

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့  ပေးခြင်း အစီအစဉ်ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး အဖွဲ့၏ (၁၈)ကြိမ်မြောက် ရန်ပုံငွေဖြည့်တင်းမှုအစီအစဉ် (IDA-18) အောက်မှချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၀ဝ ရယူနိုင်ရေးကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
    

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ချေးငွေရယူရေး ကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ ထောက်ခံမဲ ၃၀၂ မဲ၊ ကန့်ကွက်မဲ ၁၆၇မဲ၊ ကြားနေမဲ ၁မဲ ဖြစ်၍ ထောက်ခံမဲ များသဖြင့် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
    

ထို့နောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြု တင်ပြ၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူ အတည်ပြုသည်။
    

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အထက်ပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို  လွှတ်တော်နှစ်ရပ် အတည်ပြုချက်အတိုင်း လည်းကောင်း၊ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စုလွှတ်တော် ၏ အတည်ပြုချက်များအတိုင်းလည်းကောင်း ပြန်လည်ပြင်ဆင်၍ ပြည်ထောင်စုလွှတ် တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။
    

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင် စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလ နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ၂၀၁၉ ခုနှစ် ဧပြီ ၂၉ ရက်မှ ယနေ့အထိ အစည်းအဝေးကာလ ရက်ပေါင်း ၄၀ အတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ၁၄ ရက် ကျင်းပခဲ့ ပါကြောင်း။
    

ထိုအစည်းအဝေးကာလအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင် စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေအပါအဝင် အတည်ပြု ထုတ်ပြန်ပြီး ဥပဒေ ၇ ခုနှင့် ဆောင်ရွက်ဆဲ ဥပဒေကြမ်း ၃ ခုကို ဆွေးနွေးအတည် ပြုပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့် သက်ဆိုင်သည့် ကိစ္စရပ် ၇ ခုနှင့် ပြည်ပချေးငွေဆိုင်ရာကိစ္စ ၆ ခု ဆွေးနွေး အတည်ပြုခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ နှစ်ပတ်လည်လုပ်ငန်း ဆောင်ရွက်မှု အပါအဝင် အစီရင်ခံစာ ၃ စောင်နှင့် အရေးပေါ်ရန်ပုံငွေ ခွဲဝေသုံး စွဲခြင်းကိစ္စရပ် တစ်ခုတို့ကို ဆွေးနွေးမှတ်တမ်းတင်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်ခဲ့ပါကြောင်း။


၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုး ရေးရန်ပုံငွေနှင့် မဲဆန္ဒနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြရာ တွင် မြို့နယ်ပေါင်း ၃၂၅ မြို့နယ်အနက် ၈ မြို့နယ်တွင် လုပ်ငန်းများအားလုံးပြီးစီး၍ အစီရင်ခံစာ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် မြို့နယ်များအနေဖြင့်လည်း စနစ်တကျ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် လွှတ်တော်အစည်းအဝေးများ ရပ်နားထားစဉ်ကာလတွင် မဲဆန္ဒနယ်မြေအလိုက်ဆောင်ရွက်ရန်ရှိသည့် လွှတ်တော် ဆိုင်ရာ လုပ်ငန်းများအတွက် သက်ဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက် ခဲ့ကြရန် မှာကြားလိုပါကြောင်း။


လာမည့် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များ အပါအဝင် နိုင်ငံတော်အတွက် မဖြစ်မနေ ဆွေးနွေးအတည်ပြုပေးရမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်၏  အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း၊ အခွန် အကောက်ဆိုင်ရာ ဥပဒေကြမ်းများနှင့် အခြားလွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေး အစီအစဉ်အလိုက် ဆက်လက်ဆောင်ရွက်သွားကြရန်ရှိပါကြောင်း ပြောကြားသည်။
    

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ ကျင်းပပြီးစီး ကြောင်းနှင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး အောင်မြင်စွာ ပြီးစီးကြောင်း ကြေညာသည်။


အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)