ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ကျင်းပ

နေပြည်တော်  ၁၃  မတ်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသူ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိသည့်အနက် ၆၃၄ ဦး တက်ရောက်ပြီး ၂၀ ဦး ခွင့်တိုင်ကြားသည်။

 

အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၂ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ်(၄)နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို ဆောင်ရွက်သည်။

 

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက အတည်ပြုမည့် ဆန္ဒမဲလက်မှတ်များကို ရေတွက် အပ်နှံသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ညွှန်ကြားရေးမှူးချုပ် ယူဆောင်လာသည့် ဆန္ဒမဲ လက်မှတ်အရေအတွက် ၆၅၅ ဖြစ်ပါကြောင်း၊ ယနေ့တက်ရောက်သည့် ကိုယ်စားလှယ် ၆၃၄ ဦးဖြစ်သည့်အတွက် အပိုဆန္ဒမဲလက်မှတ် ၂၁ စောင် ကို မိမိထံတွင် ထားရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းအဖွဲ့(၄)ဖွဲ့တို့က တာဝန်ပေးထားသည့် အကန့်အလိုက် နေရာယူကြသည်။

 

ထို့နောက် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားရေးမှူးချုပ်ထံမှ လာရောက် ထုတ်ယူပြီး အကန့်အလိုက် တာဝန်ပေးထားသည့် ဝန်ထမ်းအဖွဲ့(၄)ဖွဲ့ထံသို့ အစည်းအဝေးတက်ရောက်မှု အင်အား အတိုင်း ခွဲဝေပေးသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးကြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲ ပေးသည်။

 

ဆက်လက်၍ ဆန္ဒမဲပေးမှုပြီးမြောက်ပြီးနောက် သက်ဆိုင်ရာတာဝန်ခံများက ဆန္ဒမဲပုံးများကို လွှတ်တော် ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင်ဖွင့်လှစ်၍ ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ် အရေအတွက်နှင့် ဆန္ဒမဲပုံး အတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ်အရေအတွက် အခြေအနေကို စစ်ဆေးရေတွက်သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားသည့် ဆန္ဒမဲလက်မှတ် ၆၃၄ စောင်ဖြစ်ပြီး ယခုဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ် အရေအတွက်သည်လည်း ၆၃၄ စောင် ဖြစ်သည့်အတွက် ကိုက်ညီမှုရှိကြောင်းနှင့် ဆန္ဒမဲပေးမှု အထမြောက်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ရလဒ်ရေတွက်မှုကို ဝန်ထမ်းအဖွဲ့(၈)ဖွဲ့ဖြင့် သတ်မှတ်နေရာအသီးသီး၌ တစ်ပြိုင်တည်းရေတွက်ကြရာ  နိုင်ငံရေးပါတီအစုအဖွဲ့အလိုက် အမည်စာရင်းပေးထားသည့် လွှတ်တော်ကိုယ်စားလှယ် များက သတ်မှတ်အဖွဲ့ နေရာများ၌ ကြီးကြပ်စောင့်ကြည့်ကြသည်။

 

ဆက်လက်၍ အဖွဲ့(၈)ဖွဲ့ခွဲ၍ အသေးစိတ်စိစစ်ရေတွက်မှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာရုံးအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့အလိုက် ကိုယ်စားလှယ်(၅)ဦးပါဝင်သည့် အဖွဲ့ကကြီးကြပ်ပြီး စာရင်းချုပ်နှင့် ထောက်ခံဆန္ဒမဲအရေအတွက် ရာခိုင်နှုန်း တွက်ချက်မှုတို့ကို ဆက်လက်ဆောင်ရွက်သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယနေ့လွှတ်တော်၏ အဆုံးအဖြတ်ရယူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ထောက်ခံဆန္ဒမဲ ရရှိမှုအရေအတွက် ၇၅ ရာခိုင်နှုန်းကျော် ရ၊ မရ နှင့် လွှတ်တော်၏ ဆုံးဖြတ်အတည်ပြုချက်တို့ကို ကြေညာရာတွင် ပုဒ်မ ၄၂၂ ပယ်ဖျက်မှုအတွက်  ထောက်ခံဆန္ဒမဲ ၄၁၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၃ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၈ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်း ဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၅ ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၅ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက်  မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၆ ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၅ မဲဖြစ်ပြီး ထောက်ခံ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း။

 

ပုဒ်မ ၄၂၇ ခြေဆင်း ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၆ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့် အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၇ ပုဒ်မခွဲ (က)ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ  ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၈ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၇ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလ အတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၉ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၇ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်း ဖြစ်ပါကြောင်း။

 

ပုဒ်မ ၄၃၁  ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ  ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်း ဖြစ်ပါကြောင်း၊  ပုဒ်မ ၄၃၂ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ် ပါကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်  ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ဆန္ဒမဲလက်မှတ်(၄) အပါအဝင် ပြင်ဆင်ချက်များ အားလုံးအတွက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ပြီးဆုံးပြီ ဖြစ်ပါ ကြောင်း၊ ဆက်လက်၍ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများကို စုစည်းထားသည့် ဆန္ဒမဲ လက်မှတ် (၁)နှင့် စပ်လျဉ်း၍ လွှတ်တော်၏  အဆုံးအဖြတ်ရယူခြင်းကို ၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက် တနင်္လာနေ့တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ကို မတ် ၁၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - ထန်းဖုန်