ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

နေပြည်တော် ၂၂ မေ 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုအရေးပေါ်စီမံချက် အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာသန်း ၅၀ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ယင်းချေးငွေ ရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူပြီး လွှတ်တော်က သဘောတူကြောင်းကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်၏ သဘောထားရယူအတည်ပြုသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၉ နှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စက်မှုဇုန်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏သဘောထား ရယူအတည်ပြုသည်။

ယင်းနောက် ပြည်ထောင်စုလွတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၉ နှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာသည်။

ထို့နောက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲ တင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထင်လင်းဦးနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခေါ်) ဦးမောင်စိုး တို့က ဆွေးနွေးကြသည်။

ယင်းနောက် ၂၀၁၉ - ၂၀၂ဝ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောအပါအဝင် ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနိုင်လင်းအောင်က သုံးငွေများကို စီမံခန့်ခွဲရာတွင် ယခုရေးဆွဲသည့် ပြဋ္ဌာန်းချက်များအပြင် ၂၀၁၉ - ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက် နှင့်လုပ်ထုံးလုပ် နည်းများနှင့်အညီ ကိုက်ညီရန်လည်း လိုအပ်ပါကြောင်း၊ ထို့ပြင် စီမံကိန်း လုပ်ငန်းနှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုများသည် လုပ်ဆောင်နိုင်စွမ်းနှင့် ပြီးမြောက်နိုင်စွမ်းများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ ၎င်းလုပ်ဆောင်နိုင်သည့် စွမ်းရည်များ၊ ရလဒ်များကို အပြန်အလှန်စီမံကြီးကြပ်နိုင်သည့် စိစစ်ရေးလုပ်ငန်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို အသေးစိတ်ချမှတ်ထားရန်လည်း လိုအပ်ပါကြောင်း ဆွေးနွေးသည်။

လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက လက်ရှိ  ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် နိုင်ငံအတွင်း  နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍများအားလုံး စီးပွားရေးကျဆင်းနေသောကြောင့် နိုင်ငံ၏ အခွန်အကောက်ရငွေ ရရှိနိုင်မှုအလားအလာ နည်းပါးနိုင်ပါကြောင်း၊ ထို့ပြင် ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အခွန်ကောက်ခံသည့်အခါ နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကိုထိခိုက်စေနိုင်သည့် လုပ်ဆောင်မှုများ မဖြစ်ပေါ်စေရေးအတွက် အခွန်ကောက်ခံသူများကို တိကျသည့် ညွှန်ကြားချက်များ ထုတ်ပြန်ပေးရန် လိုအပ်မည်ဟု အကြံပြုလိုပါကြောင်း၊ လက်ရှိ လောင်စာဆီဈေးနှုန်းသည်လည်း ဘတ်ဂျက်ရေးဆွဲစဉ်က တွက်ချက်ထားသည့် နှုန်းထက် လက်ရှိတွင် ထက်ဝက်ကျော် ကျဆင်းနေသောကြောင့် ထိုအသုံး စရိတ်များကိုလည်း ပြန်လည်စိစစ်ခွင့်ပြုသင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ၂၀၁၉ - ၂၀၂ဝခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ယခုလတွင် အတည်ပြုပြီးပါက နောက်လတွင် မိုးရာသီကာလသို့ ရောက်ရှိလာမည်ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ် ၁၀ သန်းနှင့်အထက် လုပ်ငန်းများအတွက် တင်ဒါခေါ်ယူရန် အချိန်မီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ယခုကဲ့သို့ အလုပ်သမား အခက်အခဲများ ရှိနေချိန်၊ ပစ္စည်းဝယ်ယူသုံးစွဲမှု၊ သယ်ယူပို့ဆောင်မှု၊ လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများရှိနေချိန်တွင် လုပ်ငန်းအချိန်မီ ပြီးစီးစေရန်နှင့် ပြည်သူ့ဘဏ္ဍာငွေကို ထိရောက် အကျိုးရှိစွာ သုံးစွဲရန်မှာ ကြီးမားသောစိန်ခေါ်မှုဖြစ်ပြီး မှန်ကန်စွာ စီမံခန့်ခွဲ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေကို ထိရောက်အကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် ထုတ်ပြန်ထားသည့် ဥပဒေပြဋ္ဌာန်းချက်များ၊ အမိန့်၊ ညွှန်ကြားချက်များအနက်မှ လုပ်ငန်းနှောင့်နှေးစေသော အချက်များ၊ ဗဟိုချုပ်ကိုင်မှု လွန်ကဲနေသည့် အချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် လိုအပ်သလို ဖြေလျော့ဆောင်ရွက်သင့်ပါကြောင်း၊ ယင်းသို့ဖြေလျော့ပေးသကဲ့သို့ တစ်ဖက်တွင်လည်း ဘတ်ဂျက်အလွဲသုံးစား လုပ်မှုများကိုလည်း ထိရောက်ပြင်းထန်သည့် အရေးယူဆောင်ရွက်ချက်မျိုး လုပ်သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ သက်သက်ခိုင်က မိမိတို့မြန်မာနိုင်ငံအနေဖြင့် လိုငွေ ပြဘတ်ဂျက်နှင့် တိုင်းပြည်တည်ဆောက်နေရပြီး ဘတ်ဂျက်လိုငွေကိုလည်း ပြည်တွင်း ပြည်ပချေးငွေများ ရယူ၍ ဖြည့်ဆည်းနေရသည့်အချိန်တွင် မလိုလားအပ်ဘဲ ဘတ်ဂျက် လိုငွေပိုမိုများပြားစေသည့် ဖြစ်စဉ်များကို ကုစားနိုင်ရန်အတွက် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲရေး ပြုပြင်ပြောင်းလဲခြင်းနှင့် နိုင်ငံတော်ပိုင်စီးပွားရေးများ ပြုပြင်ပြောင်းလဲခြင်းကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် အချိန်ကျရောက်ပြီ ဖြစ်သည်ကို တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။

ယင်းကိစ္စတို့နှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ ရှားတော မဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ ကရင်ပြည် နယ်မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာအားကာမိုး၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ဟန်၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ခင်မောင်သန့်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်မျိုး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်ဝင်းသီရိဆွေ၊ ကချင်ပြည်နယ် မဲဆန္ဒ နယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းနှင့် မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာ မေဝင်းမြင့်တို့က ဆက်လက်ဆွေးနွေးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နိုင်ငံတော်၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၇၀ဝ ရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။


တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သောင်းစိန်က ယခုလိုအချိန်တွင် နိုင်ငံတကာချေးငွေ၏ အကူအညီလိုအပ်သည်မှာ မှန်ပါကြောင်း၊ ယခုအပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ချေးငွေသည်လည်း နိုင်ငံအကြပ်အတည်းဖြစ်နေချိန်တွင် လိုအပ်နေခြင်းဖြစ်ပြီး ယင်းချေးငွေဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးစသည်များကို ပြန်လည်နာလန်ထူရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့သော် ယင်းချေးငွေကို မည်သို့သုံး၍ မည်သို့ စီမံခန့်ခွဲမည်နှင့် မည်သို့ ပြန်စစ်ဆေး၍ မည်သည့် ဝန်ကြီးဌာနများက Focal ဖြစ်မည် စသည့် အသေးစိတ် အစီအမံများရှိရမည် ဖြစ်ပါကြောင်း၊ COVID – 19 Economic Relief Plan (CERP) အတိုင်း ဆောင်ရွက်မည်ဟု ဆိုသော်လည်း ရေတို၊ ရေရှည်အသေးစိတ် အစီအမံများ ဖော်ပြပေးရန် လိုအပ်ပါကြောင်း ထောက်ပြဆွေးနွေးသည်။

အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ယခုချေးငွေသည် နိုင်ငံခြားသီးသန့်ရန်ပုံငွေ မလုံလောက်မှုနှင့် နိုင်ငံတကာငွေပေးငွေယူရှင်းတမ်း လိုငွေပြမှုများကို အထောက်အကူ ပြုရန် အဓိကဖြစ်ပါကြောင်း၊ သို့သော် ယခုကဲ့သို့သော COVID - 19 သက်ရောက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်နေသည့် ကာလတွင် နိုင်ငံသားများ၏ ကျန်းမာရေး လုံခြုံစိတ်ချရမှုဆောင်ရွက်နိုင်ရန် ကျန်းမာရေးအသုံးစရိတ်တိုးမြှင့်ခြင်း၊ နိုင်ငံသားများတွက် အထောက်အပံ့ပေးခြင်း၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများအား ချေးငွေ ပံ့ပိုးပေးခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေမည့် အခြေခံအဆောက်အဦများ တည်ဆောက်ခြင်း စသည့် အသုံးစရိတ်များကြောင့် ဖြစ်ပေါ်လာမည့် ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် ရည်ရွယ်၍ ပေးအပ်လာခြင်းဖြစ်ပါကြောင်း။
အခြားစီမံကိန်းချေးငွေများကဲ့သို့ သတ်မှတ်ထားသည့် စီမံကိန်းတစ်ခုအတွက်သာ ဆောင်ရွက်ရန်မဟုတ်ဘဲ COVID -19 ကာလကပ်ရောဂါမှ လွန်မြောက်ပြီး စီးပွားရေး ပြန်လည်လည်ပတ်နိုင်ရန် နိုင်ငံတော်က ဆောင်ရွက်မည့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွား ရေးအသုံးစရိတ်များအတွက် ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းပေးရန် ဖြစ်ခြင်းကြောင့် ချေးငွေအပေါ် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးအောင် ကျော်မိုးက အစိုးရတစ်ရပ်၏ စီးပွားရေး မူဝါဒ၊ လုပ်ငန်းစဉ်နှင့် စွမ်းဆောင်မှုများသည် ပြည်သူများ၏ အနာဂတ်လူမှုစီးပွားကံကြမ္မာကို အဆုံးအဖြတ်ပေးလိမ့်မည်ဟု ကမ္ဘာ့ဘောဂဗေဒပညာရှင်များက သုံးသပ်ထားပါကြောင်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို စနစ်တကျ ဆောင်ရွက်ခြင်းမရှိပါက အရေးပေါ် တုံ့ပြန်ရေးအစီအစဉ်များ ကမောက်ကမဖြစ်ကာ ထိရောက်မှု အားနည်းပြီး ဆုံးရှုံးမှုများ ကြုံတွေ့နိုင်ပါကြောင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် ပြည်ပချေးငွေများရယူ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရေးနှင့် အလေအလွင့်မရှိအောင် သုံးစွဲရေးတို့ကို စဉ်ဆက်မပြတ်စောင့်ကြည့် ကြပ်မတ်သွားရန် လိုအပ်ပါကြောင်းနှင့် ကြိုတင်စီမံမှုများ စနစ်တကျရေးဆွဲကာ ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

အဆိုပါ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်၊ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဗိုလ်ကြီး ဒေါ်သိမ့်သိင်္ဂီထွေးအောင်၊ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးမြတ်ကို၊ ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်း၊ တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်နိုင်ဦး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင် ကျော်မိုးနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ) တို့က ဆက်လက်ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို မေ ၂၆ ရက် တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်